၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ရသည့် ပထမဆုံးရက်ဖြစ်သော စက်တင်ဘာ ၈ ရက်(ယနေ့)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။လာမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ယှဉ်ပြိုင်မည် ဖြစ်သည်။“သက်ဆိုင်ရာ မြို့နယ်တွေကို သင်တန်းပေးပြီးပြီ။ ကိုယ့်မြို့နယ်ကို ကိုယ်လုပ်ကြ။ ထူးထူးခြားခြား လုပ်စရာ မလိုဘူး။ ကျွန်တော်တို့က ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ပြင်ဆင်ထားပြီးပြီ” ဟု ဦးဝင်းထိန်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကော့မှူးမြို့နယ်အတွင်း ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကော့မှူးမြို့နယ် အောင်နိုင်ရေးအဖွဲ့မှ စက်တင်ဘာ ၈ ရက်မှ စတင်ကာ ကျေးရွာအုပ်စုများကို မဲဆွယ်စည်းရုံးရေး စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ကော့မှူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးအေးသိန်းက ပြောကြားသည်။ကော့မှူးမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဦးအေးသိန်းက “ကျွန်တော်တို့ မြို့နယ်အလိုက်ကတော့ မနက်ဖြန်စပါပြီ။ ကျွန်တော်တို့ ပြင်ဆင်ထားတာကတော့ ကျေးရွာအုပ်စုပေါင်း ၆၂ အုပ်စုကို ပထမအသုတ် အနေနဲ့ ၂၀ ရက်နေ့အပြတ် ကျွန်တော်တို့ အောင်နိုင်ရေးအဖွဲ့ သုံးဖွဲ့ခွဲပြီး ဆင်းမှာပါ။ တစ်နေ့ကို အဲဒီအဖွဲ့ သုံးဖွဲ့က တစ်ဖွဲ့ကို ကျေးရွာအုပ်စု နှစ်အုပ်စုနှုန်းနဲ့ စည်းရုံးရေးဆင်းမှာပါ” ဟု စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။ကော့မှူးမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့များသည် စက်တင်ဘာ ၈ ရက်တွင် မဲ့ဆယ်ဆိပ်ကျေးရွာအုပ်စုမှ စတင်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေး စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ဆက်လက်၍ ဦးအေးသိန်းက “ကိုယ်စားလှယ်တွေနဲ့ မိတ်ဆက်ရမယ်။ ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖတ်မယ်။ ပါတီရဲ့ မူဝါဒ သဘောထားတွေရောပေါ့။ ဆန္ဒမဲရရှိရေးအတွက် စည်းရုံးလှုံ့ဆော်ရမယ်။ တိုင်းဒေသကြီး ကိုယ်စားလှယ် နှစ်ဦးပဲ ပါမယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်နှစ်ဦးက မအားသေးဘူးဗျ။ ပြည်သူ့လွှတ်တော်ကလည်း အစ်မက ခရီးစဉ်တွေ သွားနေရတော့ ကြိုးကြားကြိုးကြားပဲ လာနိုင်မှာ။ အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်တော့ လာဖို့ရှိပါတယ်။ အမျိုးသားလွှတ်တော်ကလည်း ခြောက်မြို့နယ်ကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ အခါကျတော့ ခွဲခွဲပြီးသွားရမှာပေါ့” ဟု ပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအတွင်း မဲဆွယ်စည်းရုံးခွင့်ရှိကြောင်း သိရသည်။
မဲဆွယ်စည်းရုံးခွင့်ရသည့် ပထမဆုံးရက်တွင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးလှုပ်ရှားမှု ပြုလုပ်ရန် အစီအစဉ် မရှိသော်လည်း ကော့မှူးမြို့နယ် အောင်နိုင်ရေးအဖွဲ့မှ စည်းရုံးရေး စတင်မည်















