၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် စက်တင်ဘာ ၈ ရက် (ယနေ့) မှ စတင်၍ မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီများ၏ မဲဆွယ်စည်းရုံးရေး ကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားသည်။ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ဗဟန်းမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာဒေါ်ညိုညိုသင်းက စက်တင်ဘာ ၈ ရက် (ယနေ့) မှ စတင်၍ အောင်နိုင်ရေးရုံးခန်းဖွင့်ကာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားသည်။“ဗဟန်းမဲဆန္ဒနယ် အမှတ် ၂ အတွက် စက်တင်ဘာ ၈ ရက်မှာ အမှတ် ၃၂ ရေတာရှည်လမ်းသစ်မှာ အောင်နိုင်ရေးရုံးခန်း ဖွင့်ပါမယ်။ ၁၀ ရက်နေ့ကျလို့ရှိရင် မဲဆန္ဒနယ် အမှတ် ၁ အတွက်ကို အမှတ် ၈၈၊ ဦးချစ်မောင်လမ်းမှာ ကျွန်မ အောင်နိုင်ရေးရုံးခန်း ဖွင့်ပါမယ်။ အောင်နိုင်ရေးကော်မတီတွေကိုတော့ ကျွန်မ ၆ ရက်နေ့ကပဲ ဖွဲ့စည်းသွားပြီးပါပြီ။ ကျန်တဲ့ဘဏ္ဍာရေးကော်မတီ၊ စည်းရုံးရေးကော်မတီ၊ လုံခြုံရေးကော်မတီတွေလည်း အသီးသီး ဖွဲ့စည်းပြီးသွားပါပြီ။ အောင်နိုင်ရေးရုံးခန်းတွေ ဖွင့်ပြီးသွားရင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆက်တိုက်လုပ်သွားမှာပါ” ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ပြောကြားသည်။ထို့ပြင် အခြားပါတီများမှ ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှာလည်း စက်တင်ဘာ ၈ ရက် (ယနေ့) မှ စတင်၍ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၉၂ ခုနှင့် တစ်သီးပုဂ္ဂလများမှ ကိုယ်စားလှယ်လောင်း ၆၁၈၉ ဦး အမည်စာရင်း တင်သွင်းခဲ့ပြီး အဆိုပါ ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက သြဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ စိစစ်မှုများ ပြုလုပ်ခဲ့သည်။ စိစစ်မှုများ ပြုလုပ်ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုစာရင်းကို စက်တင်ဘာ ၅ ရက်မှ စတင်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၁၇၁ နေရာရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော်စီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် အမှတ် ၁/၂၀၁၄ နှင့်အညီ ဆောင်ရွက်ကြရန်နှင့် ၂၀၁၅ ဇွန် ၂၆ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of Conduct for Political Parties and Candidates) ကို စောင့်ထိန်းလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ထားသည်။















