ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောချက်များကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များတွင် ယနေ့စတင် ထုတ်လွှင့်မည်

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောချက်များကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များတွင် ယနေ့စတင် ထုတ်လွှင့်မည်
Published 7 September 2015
ဇာလီမြင့်ဦး

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောချက်များကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များတွင် စက်တင်ဘာ ၈ ရက် (ယနေ့) စတင်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောချက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (News Channel)၊ ရေဒီယို အစီအစဉ်များနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။နိုင်ငံရေးပါတီများ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် ၎င်းတို့ပါတီများ၏ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ဟောပြောတင်ပြခွင့်များကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ခွင့်ပြုပေးထားသည်။ယနေ့ (စက်တင်ဘာ ၈ ရက်) တွင် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (မ.တ.ဖ.ပ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စသည်တို့၏ ဟောပြောမှုတို့ကို ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ထားချက်အရ သိရသည်။  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိရာတွင် တစ်ရက်လျှင်နိုင်ငံရေး ပါတီသုံးခုနှုန်းဖြင့် ဟောပြောမှုများ ထုတ်လွှင့်ပေးမည်ဖြစ်ပြီး ပါတီအားလုံးအတွက် စက်တင်ဘာ ၈ ရက် (ယနေ့) မှ အောက်တိုဘာ ၇ ရက်အထိ ပထမအကြိမ်အဖြစ် ထုတ်လွှင့်ပေးမည်ဖြစ်ကာ အောက်တိုဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံပိုင်ေ နေ့စဉ်ထုတ် သတင်းစာများတွင်မူ စက်တင်ဘာ ၉ ရက်မှစတင်၍ တစ်ရက်လျှင် နိုင်ငံရေးပါတီ သုံးပါတီ၏ အကြောင်းအရာများအား ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ဟောပြောစည်းရုံးမှုများအား မြန်မာဘာသာဖြင့် ဖြစ်စေ၊ တိုင်းရင်းသားဘာသာဖြင့် ဖြစ်စေ စည်းရုံးဟောပြောခွင့် ပေးထားသည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောရာတွင် နိုင်ငံရေးပါတီ တစ်ခုအား ဟောပြောချိန် ၁၅ မိနစ် ခွင့်ပြုမည်ဖြစ်ပြီး ပါတီ၏ သီချင်းများကိုလည်း ဟောပြောရန် ခွင့်ပြုသည့် သတ်မှတ်ချိန် ၁၅ မိနစ်အတွင်း ထုတ်လွှင့်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ထုတ်လွှင့်မှုအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင် ခွင့်ပြုထားသော နိုင်ငံရေးပါတီ အစီအစဉ်အတိုင်း ရိုက်ကူးထုတ်လွှင့် ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ၏ ဟောပြောတင်ပြလိုသည့် စာမူကို လိုအပ်သလို စိစစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ  ဟောပြောတင်ပြခွင့်နှင့် ပတ်သက်၍ သြဂုတ် ၂၇ ရက်က ကြေညာချက် ထုတ်ပြန်ထားရာတွင် နိုင်ငံရေးပါတီများ အနေဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြရာတွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေမည့် ဟောပြောမှုပြုလုပ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိခြင်း၊ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာ ထိပါးစေရန် ဟောပြောခြင်း၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှု ပြုလုပ်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။ထို့ပြင် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော် ဟောပြောခြင်း စသည်တို့ကို ကျူးလွန်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၂၀ ကျော်နှင့် နိုင်ငံရေးပါတီ ၉၂ ခုမှ ကိုယ်စားလှယ်လောင်းများ အပါအဝင် ကိုယ်စားလှယ်လောင်း ၆၁၀၀ ကျော်တို့က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့် ထုတ်ပြန်ထားချက်အရမူ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအတွက် ဟောပြောတင်ပြမှု အစီအစဉ် ပါဝင်ခြင်း မရှိကြောင်း တွေ့ရသည်။လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲအတွက် ဟောပြောတင်ပြမှုကို စက်တင်ဘာ ၁၇ ရက်နှင့် အောက်တိုဘာ ၁၇ ရက်တို့တွင် ကြည့်ရှုနားဆင်နိုင်မည်ဖြစ်ပြီး အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဟောပြောတင်ပြမှုကို စက်တင်ဘာ ၂၁ ရက်နှင့် အောက်တိုဘာ ၂၁ ရက်တွင် ကြည့်ရှုနားဆင်နိုင်မည် ဖြစ်သည်။  

Most Read

Most Recent