ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြေပြို၍ အိမ်များပျက်စီးသွားသော ကျေးရွာများရှိ ဒေသခံများ အနေဖြင့် ရွာပြောင်းရွှေ့ရန် အခက်အခဲများစွာ ရှိနေ

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြေပြို၍ အိမ်များပျက်စီးသွားသော ကျေးရွာများရှိ ဒေသခံများ အနေဖြင့် ရွာပြောင်းရွှေ့ရန် အခက်အခဲများစွာ ရှိနေ
Published 7 September 2015
အောင်သူထွန်း

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ပြို၍ အိမ်များပျက်စီးခဲ့သွားသော ကျေးရွာများရှိ ဒေသခံများအနေနှင့် ရွာပြောင်းရွှေ့ဖို့ရာအတွက်ပင် အခက်အခဲများ ရှိနေသည်ဟု အဆိုပါဒေသမှ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။“လိုင်ဘုံကျေးရွာမှာဆိုရင် မိုးများလာမှာကို ကြောက်ရွံ့နေကြတယ်။ မိုးရွာလာတာနဲ့ ချောင်းရေကို အရိပ်တကြည့်ကြည့် လုပ်နေရတယ်။ အခုဆိုရင် လိုင်ဘုံရွာမှာ ရပ်ကွက်သုံးခု ရှိပါတယ်။ တမ်းဇန်၊ ခွာပီး၊ ပဲ့ဇန်ဆိုပြီး ရှိတယ်။ တမ်းဇမ်ရပ်ကွက်က ပျက်သွားတယ်။ အခု အားလွယ်ကျေးရွာကို ခိုလှုံနေကြရပါတယ်။ ခွာပီးရပ်ကွက်က ပျက်စီးသွားတော့ ပဲ့ဇန်ရပ်ကွက်ဘက်ကို ခိုလှုံကြပါတယ်။ အစမှာက ပဲ့ဇန်ရပ်ကွက်ဘက်ကို လုံခြုံတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သူတို့ကြည့်လိုက်တော့ အက်ကြောင်းတွေ တွေ့တယ်။ သူက တောင်ကြောပေါ်မှာရှိတယ်။ အခု ရွာကိုတိုက်စားသွားတဲ့ချောင်း တဖြည်းဖြည်း တိုက်စားနေတယ်။ ချောင်းနှစ်ခုဆုံတဲ့ ကုန်းပေါ်မှာနေတယ်ဆိုတော့ ရွာက မလုံခြုံတဲ့ အနေအထား ဖြစ်နေတယ်။ ရွာက ရွာလုံးကျွတ်ပြောင်းဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ရွာပျက်သွားမှာကိုလည်း စိုးရိမ်ကြပါတယ်။ ဒေသမှာ အခြေချပြီး အစဉ်တစိုက် နေထိုင်တဲ့သူတွေက မနေသင့်ဘူးလို့ မှတ်ချက်ချကြတယ်။ လောလောဆယ်တော့ အားလွယ်ရွာကိုပြောင်းမယ့်အဖွဲ့ ရှိတယ်။ တချို့က တီးတိန်ပြောင်းမယ်။ အိမ်ခြေ ၆၀ ကျော်က  ခိုင်ကမ်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိကြပါတယ်။ ရွာက အိမ်ခြေ ၁၀၇ အိမ်ရှိတော့ တစ်နေရာတည်း၊ တစုတစည်းတည်း နေထိုင်ဖို့ မြေနေရာ မလွယ်ကူပါဘူး။ လိုင်ဘုံကျေးရွာမှာ မြေပြိုတာက တစ်နှစ်ခြားလို ဖြစ်နေကြတာ ဒီတစ်ကြိမ်နဲ့ ဆိုရင်တော့ သုံးကြိမ်ဖြစ်နေပြီ။ သူတို့ ရွာပြောင်းဖို့ ကြည့်ထားတဲ့နေရာတွေက မြေသားအက်ကွဲမှုတွေ၊ မြေသားပြတ်ကျမှုတွေ ဖြစ်နေတယ်” ဟု လိုင်ဘုံကျေးရွာမှ ကိုဇမ်ထွမ်းက ပြောကြားသည်။ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ကငင်ကျေးရွာ (တီးတိန်မြို့ပေါ်သို့ပြောင်း)၊ ဝုန်မွာလ်ရွာ (ခိုင်ကမ်းနှင့် တီးတိန်မြို့သို့ပြောင်း)၊ ထင်ဇန်ရွာ (ခိုင်ကမ်းကျေးရွာပြောင်း)၊ တွီးဗျဲလ်ရွာ (ရပ်ကွက်ပြောင်းရွှေ့ရမည်)၊ ဆိုဇန်ကျေးရွာ (ဘယ်လိုပြောင်းရွှေ့မည်ဆိုတာ မသေချာသေး)၊ ထန်နွဲရွာ (ရပ်ကွက်ပြောင်း)၊ တွီဇန်ရွာ (ရပ်ကွက်ပြောင်းရမည်)၊ မွာလ်ဇန်ရွာ (ရွာအတွင်း အက်ကြောင်းများပေါ်နေ)၊ မောင်လန့်ရွာ (တချို့ရွာပြောင်း၍ တချို့ဆက်နေမည်)၊ တွီဆောက်ကျေးရွာ (တစ်ဝက်မှာ ရွာပြောင်း၍ တစ်ဝက်မှာ ဆက်နေမည်)၊ ဆွောင်းဒေါ့ရွာ (ရွာပြောင်းရွှေ့မည်)၊ ဘဲကန့်ရွာ၊ တာပ်ဝှာလ်ရွာ စသောကျေးရွာများတွင် မြေပြိုမှုများကြောင့် ဒေသခံများ အခက်အခဲများ ရှိနေသေးသည်ဟု သိရသည်။တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မြေပြိုမှုကြောင့် ဒေသခံများ အခက်အခဲများ ရှိနေသည်ဟု သိရသည်။“အခုဆို ရွာတွေက ကားလမ်းနဲ့ ဝေးတယ်။ စားဝတ်နေရေးမှာလည်း ကယ်ဆယ်ရေးပစ္စည်းတွေက ရွာကိုရောက်ဖို့အတွက် လူနဲ့ပဲ သယ်ယူရတော့ အခက်အခဲ ရှိနေတုန်း။ လပိုင်းအတွက် လုံလောက်အောင် သယ်ယူပေးဖို့ ခက်နေတယ်။ ဆိုင်ကယ်လမ်းတောင် ခက်ခဲနေပါတယ်။ ရွာမှာကလူတွေ မိုးရွာရင် ကြောက်နေကြတယ်။ တီးတိန်မြို့နယ်နဲ့ လေသာတောင်တန်းရဲ့ အရှေ့ဘက်ကရွာတွေ မြေပြိုတာများတယ်” ဟု ဒေသခံများက ဆက်လက်ပြောကြားသည်။    

Most Read

Most Recent