ကချင်ပြည်နယ် အပါအဝင် နယ်မြေအခြေအနေအရ လာမည့်ရွေးကောက်ပွဲတွင် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိသည့် နယ်မြေဒေသများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သီးခြားကြေညာရန်ရှိကြောင်း ကချင်ပြည်နယ် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောကြားသည်။
လက်ရှိတွင် ကချင်ပြည်နယ်၌ မဲရုံးပေါင်း ၈၁၉ ရုံရှိနေပြီး နယ်မြေအခြေအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိသည့် နေရာတစ်ရာကျော် ရှိသည်ဟု ၎င်းကရှင်းပြသည်။
ဦးထွန်းအောင်ခိုင်က “ကျွန်တော်တို့ဆီမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းတရား လေးမျိုးရှိတာပေါ့ဗျာ။ ပထမတစ်မျိုးကတော့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ ကျေးရွာအဖြစ် အမည်စာရင်း ပေါက်ပေမယ့်လည်း မြေပြင်မှာ ရွာမရှိတော့တဲ့ရွာတွေ ဒါကတစ်ခုရှိတယ်။ နောက်တစ်ခုက လက်နက်ကိုင် ပဋိပက္ခကြောင့် တိမ်းရှောင်သွားတဲ့ ရွာတွေ လူတွေကမနေတော့ဘဲနဲ့ IDP စခန်းတွေကို ရွှေ့ပြောင်းသွားကြတယ်။ သူတို့ရွာတွေက ပျက်စီးပြီး ကျန်နေခဲ့တယ်။ အဲဒီလိုမျိုးရွာတွေကျလည်း ကျွန်တော်တို့ မလုပ်နိုင်ဘူး။ နောက်တစ်ခုကကျတော့ ရွာတွေရှိတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နှစ်ဖက်တပ်တွေ ဝင်ထွက်သွားလာပြီးတော့ လုံခြုံရေးအတွက် စိတ်မချရတဲ့ နယ်မြေမျိုးတွေရှိတယ်။ နောက်တစ်ခုကတော့ လက်နက်ကိုင် အဖွဲ့အ စည်းတွေရဲ့ အတွင်းပိုင်း နယ်မြေမှာရှိတဲ့ ကျေးရွာအုပ်စုတွေရှိတယ်။ အဲဒီလိုလေးမျိုးလောက် ရှိတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ဦးထွန်းအောင်ခိုင်က “ကျွန်တော်တို့ ကချင်ပြည်နယ်မှာ မဲရုံအားလုံးပေါင်း ၈၁၉ ရုံပေါ့။ ထပ်တိုးဖို့ တင်ပြထားတဲ့ မဲရုံကတော့ တစ်ရုံနှစ်ရုံလောက် ရှိတယ်။ ၈၂၀ ပတ်ဝန်းကျင် လောက်တော့ ရှိပါတယ်။ အဲဒီနေရာ တွေကတော့ လုံးဝဖြစ်နိုင်ခြေရှိတဲ့ နေရာတွေ။ ဘယ်နှနေရာလောက် ကျန်လဲဆိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မကြာခင်မှာပဲ ထုတ်ပြန်ပြီးတော့ တရားဝင် ကြေညာပါလိမ့်မယ်။ ဘယ်နေရာတွေကတော့ အခြေအနေအရ ဒီရွေးကောက်ပွဲကို ရွှေ့ဆိုင်းရလိမ့်မယ်ဆိုတဲ့ နယ်မြေဒေသတွေ သီးခြားကြေညာ ပါလိမ့်မယ်။ အကြမ်းဖျင်း ကျွန်တော်ပြောနိုင်တာက ၂၀၁၀ ခုနှစ်က ၆၈ အုပ်စုရှိခဲ့တယ်။ ကချင်ပြည်နယ်မှာ။ အဲဒီအုပ်စုတွေသည် အကုန်လုံးပြန်လည် ပါဝင်ပြီးတော့ အဲဒီကိန်းဂဏန်းထက် များလာမယ့် အနေအထားရှိတယ်” ဟု ပြောကြားသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်ပြီး အစိုးရတပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် KIO/KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကြား အပစ်ရပ်စဲရေး ဆွေးနွေးမှုများ ရှိနေသော်လည်း သဘောတူညီမှု မရသေးဘဲ လက်ရှိအချိန်ထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
အလားတူ အကြောင်းအမျိုးမျိုးကြောင့် အစိုးရတပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သော ကရင်ပြည်နယ်ရှိ ကျေးရွာအချို့သည်လည်း နယ်မြေအခြေအနေအရ ရွေးကောက်ပွဲတွင် မဲရုံဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောကြားသည်။
ဦးကျော်ဝင်းမောင်က “တချို့နေရာတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုလေးတွေတော့ ရှိပါတယ်။ မဲရုံမဖွင့်နိုင်တဲ့နေရာ အဲဒါမျိုးတွေတော့ ရှိတာပေါ့။ လုံးဝကြီး မကျင်းပနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ မဲဆန္ဒနယ်တစ်ခုက တချို့အစိတ်အပိုင်း လေးတွေပေါ့။ ကြားအင်းဆိပ်ကြီးမြို့နယ်တို့ ဖာပွန်မြို့နယ်တို့ အဲဒီက အချို့ရွာ လေးတွေမှာ မလုပ်နိုင်တာလေးတွေတော့ ရှိပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေတာ အဲဒါတွေကဖြစ်မှ မဖြစ်မြောက်သေးတာ။ အောက်ခြေမှာတော့ ဒီက ကေအင်န်ယူတို့ ဘာတို့ကတော့ တချို့ဒေသတွေကတော့ သူတို့နယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်ခွင့် ခွင့်ပြုတာတွေ ရှိပါတယ်” ဟု ပြောကြားသည်။
“ဒီရွေးကောက်ပွဲကြီးက နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် အောင်အောင်မြင်မြင်ဖြစ်အောင် အားလုံးဘက်စုံက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ” ဟု ဦးကျော်ဝင်းမောင်က ဆိုသည်။
လက်ရှိတွင် ကရင်ပြည်နယ်၌ မဲရုံပေါင်း ၆၀၀ ကျော်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အပါအဝင် နယ်မြေအခြေအနေအရ လာမည့်ရွေးကောက်ပွဲတွင် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိသည့် နယ်မြေဒေသများ သီးခြားကြေညာရန်ရှိ















