NLD အနေဖြင့် အစိုးရဖြစ်ခဲ့ပါက လယ်ယာမြေပြဿနာသည် ဦးစားပေး ဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NLD အနေဖြင့် အစိုးရဖြစ်ခဲ့ပါက လယ်ယာမြေပြဿနာသည် ဦးစားပေး ဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 6 September 2015

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် အစိုးရဖြစ်ခဲ့ပါက လယ်ယာမြေပြဿနာသည် ဦးစားပေးဖြေရှင်းမည့် ကိစ္စတစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ကျောက်တိုင်ကွင်းတွင် စက်တင်ဘာ ၆ ရက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ရောက်ရှိလာသည့် ပင်လုံမြို့တွင် နေထိုင်သည့် ယင်းနက်တိုင်းရင်းသူတစ်ဦးက ၎င်းပိုင်ဆိုင်သည့် လယ်ယာမြေများ သိမ်းဆည်းခံထားရမှုအား ပြန်လည်ရရှိရေး အကူအညီပေးရန် တောင်းဆိုမှုအား ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရလုပ်ချင်တယ်လို့ ပြောတာဟာ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုတာ အစိုးရပဲ ဖြေရှင်းနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေအရ ဘယ်လိုပဲဖြစ်ဖြစ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဒီဥပဒေတွေအရ မလုပ်လို့ရှိရင် ထိရောက်မှု မရှိနိုင်ဘူး။ အဲဒီတော့ ကျွန်မတို့ ကြိုးစားပါမယ်။ ကျွန်မတို့ဟာ တရားဥပဒေအရ ဖြစ်သင့်၊ ဖြစ်ထိုက်တာတွေကို ဖြစ်အောင်လို့ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်။ ဒီအခြေအနေမှာတော့ ကျွန်မတို့ လုပ်နိုင်တဲ့ အတိုင်းအတာက အင်မတန်မှ နည်းပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးဖြစ်ခဲ့လို့ရှိရင်၊ ဖြစ်လာတဲ့ အခါကြရင် လယ်ယာမြေကိစ္စတွေဟာ ဦးစားပေးပြီးတော့ ဖြေရှင်းမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ် ဆိုတာကို ဒါကို ကျွန်မတို့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ထို့ပြင် နိုင်ငံအတွင်း လုပ်ဆောင်ရမည့် ကိစ္စများသည် လူတစ်ဦးချင်းမှ မဆောင်ရွက်နိုင်ကြောင်း၊ အစုအဖွဲ့နှင့် အစိုးရတစ်ရပ် ဖွဲ့ပြီးမှသာ အစိုးရအတွင်း အပြောင်းအလဲရှိမှ လုပ်နိုင်မည့် ကိစ္စဖြစ်ကြောင်း၊ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် နိုင်လိုပြီး အနိုင်ရ၍ အစိုးရဖွဲ့နိုင်မှသာ ရှေ့ဆက်သွားမည့်နိုင်ငံ၏ အနာဂတ် မည်သည့်လမ်းကို သွားမည်ဆိုသည်ကို ထိထိရောက်ရောက် လုပ်ပေးပိုင်ခွင့် ရှိမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အလားတူ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသခံတစ်ဦးက အချို့ကျေးရွာများတွင် တိုက်နယ်သူကြီးဖြစ်သည့် ပြည်သူစစ်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ လက်နက်ကိုင်တပ်ဖွဲ့များကို ကြောက်နေရသည့်အပြင် NLD ပါတီအား ဘာသာရေးဖြင့် တိုက်ခိုက်အပုပ်ချမှုများရှိကြောင်း တင်ပြခဲ့သည်။NLD မှ အစိုးရဖွဲ့စည်းနိုင်ပါက အဆိုပါ အစိုးရသည် ပြည်သူလူထုကို ခြိမ်းခြောက်မည် မဟုတ်ကြောင်း၊ ပြည်သူ၏ ထောက်ခံမှုကို ရယူနိုင်ရန် ဖျောင်းဖျစည်းရုံး ရှင်းပြမည်ဖြစ်ပြီး ပြည်သူ၏ ထောက်ခံမှုကို ခြိမ်းခြောက်ယူမည် မဟုတ်ကြောင်း၊ ယခုအချိန်တွင် မက်လုံးပေးမှုများကြောင့် မျက်စိမလည်သင့်ကြောင်း၊ ထိုသို့ပေးကမ်း၍ မဲထည့်ခိုင်းခြင်းသည် ပေးတာနှင့်မတူဘဲ အရောင်းအဝယ် လုပ်နေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ဥပမာ လမ်းပြင်တာပဲ ဖြစ်ဖြစ်၊ လျှပ်စစ်ဓာတ်မီးရအောင် လုပ်ပေးတာပဲ ဖြစ်ဖြစ်၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဖြစ်ဖြစ် အချို့ကိစ္စတွေဟာ အစိုးရများဟာ မိမိတို့ တာဝန်အရ လုပ်ကိုလုပ်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီအလုပ်တွေ လုပ်တဲ့နေရာမှာ ပြည်သူတွေဆီက ရထားတဲ့ ပိုက်ဆံနဲ့ ပြည်သူဘဏ္ဍာနဲ့ လုပ်ထားတာ ဖြစ်ပါတယ်ဆိုတာ ကျွန်မ ရှင်းရှင်းပြောပါရစေ။ ဘယ်အစိုးရတက်တက် ဒီအလုပ်တွေ လုပ်ရမှာပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်ရင်လည်း ဒီအလုပ်တွေ လုပ်ရမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ ဒီအလုပ်တွေ လုပ်တဲ့အခါကြရင် ကျွန်မတို့ပါတီက လုပ်ပေးတာပါလို့ ဘယ်တော့မှပြောမှာ မဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ဟိုပုံးမြို့ မဲနယ်တောင်ခြေရှိ UNODC ၏ ဘိန်းအစားထိုး သီးနှံအဖြစ် ကော်ဖီစိုက်ပျိုးရေး ဆောင်ရွက်နေသည့် ဝမ်ဟွေ့ကျေးရွာသို့ သွားရောက်လေ့လာခဲ့ပြီး အဆိုပါ ကျေးရွာနှင့် အနီးအနားရှိ ဒေသခံအချို့နှင့် တွေ့ဆုံကာ လိုအပ်ချက်များကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent