၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ခွင့်ရှိသည့် အတည်ပြု လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း အပြည့်အစုံထွက်ရှိမှု နောက်ကျနေ၍ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲများ ရှိနိုင်ကြောင်း နိုင်ငံရေးပါတီ အချို့က ပြောကြားမှုများ ရှိနေသည်။နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းများကို ညွှန်ကြားချက် အမှတ် (၁/၂၀၁၄) သို့မဟုတ် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်နှင့်အညီ လိုက်နာ၍ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၃ ရက်က အသိပေးချက် ထုတ်ပြန်ထားသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် အဆိုပါ မဲဆွယ်စည်းရုံးရေး သတိပေးချက်ပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) မှာ မဲဆွယ်စည်းရုံးမှုအတွက် အချိန်နှင့်နေရာ ကန့်သတ်မှုများ ရှိနေသလို လက်ရှိတွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်း အပြည့်အစုံ ထွက်ရှိမှု နောက်ကျသည့်အပြင် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များအတွက် အခက်အခဲ ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီအချို့ သုံးသပ်မှုများ ရှိနေခြင်းဖြစ်သည်။တီးတိန်မြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၅) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးဂင်ကမ်းလျန်က “ချင်းပြည်နယ်မှာက ကျွန်တော်တို့ဘက်က အဓိကတော့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာကြောင့်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ သွားဖို့ လာဖို့ တော်တော်လေး ခက်ခဲမှု ရှိပါတယ်။ မကြာခင် မဲဆွယ်စည်းရုံးရေးကလည်း စတော့မယ်။ ဥပဒေကလည်း ဒီမဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်လောင်းကိုယ်တိုင် လျှောက်ထားခိုင်းတာတွေ ရှိတယ်ပေါ့။ လက်ရှိလည်း အတည်ပြု ကိုယ်စားလှယ်စာရင်းကလည်း အပြည့်အစုံ မထွက်သေးဘူး။ ကျွန်တော်တို့ တင်ပြမယ့် အချိန်၊ ဒေသ အခြေအနေကြောင့် မဲဆွယ်စည်းရုံးမှု အခက်အခဲတွေကတော့ အနည်းနဲ့အများပေါ့။ ဒီဘက်မှာက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့လည်း ဗဟိုကို တင်ပြထားတယ်လို့ သိရတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ဘာမှအသေအချာ မပြောသေးဘူးလို့ သိရတယ်” ဟု ပြောကြားသည်။ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက “အခု မဲဆွယ်စည်းရုံးတာက ဥပဒေကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ မဲဆွယ်စည်းရုံးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင် တင်ရမယ်။ အဲဒါ ပါတဲ့အတွက် ပါတီအနေနဲ့ မဟုတ်ဘဲ ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ တင်ရတဲ့အခါမှာ သူတို့အဖို့ ခက်ခဲတယ်။ လက်ရှိအတည်ပြု ကိုယ်စားလှယ်စာရင်းက အပြည့်အစုံ မထွက်သေးဘူးပေါ့။ ဆိုတော့ နောက်သုံးရက်ဆို မဲဆွယ်စည်းရုံးရေးစမယ်။ ပါလာ မပါလာ။ တရားဝင်ဖြစ်လား၊ မဖြစ်လား ကြည့်ပြီးတော့ နောက်နေ့လောက်မှာ မဲဆွယ်စည်းရုံးရေး လုပ်ရမယ်။ နှစ်ပတ်အတွင်းမှာလည်း တင်ပြရမှာတွေ ရှိနေတယ်။ ဒီဥစ္စာက တော်တော်လေးကို အဆီအငေါ် မတည့်သလိုလေး ဖြစ်နေတယ်။ ဒါကြောင့် ဒါလေး မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒါကို လုပ်ရမှာပဲပေါ့” ဟု စက်တင်ဘာ ၅ ရက်က ပြောကြားသည်။ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် (၁/၂၀၁၄) ကြေညာချက်တွင် သတ်မှတ်သည့်နေရာတွင် စုဝေးဟောပြောခြင်း ပြုလုပ်လိုသော လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးသည့်နေ့မှ ၁၅ ရက်အတွင်း စုဝေးဟောပြောမည့် အစီအစဉ်နှင့်တကွ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အသီးသီးထံသို့ စုဝေးဟောပြောခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင် ပါတီဌာနချုပ်နှင့် ပါတီရုံးခွဲများတွင် စုဝေးဟောပြောခြင်း ဖြစ်ပါက ခွင့်ပြုချက် လျှောက်ထားရန် မလိုသော်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အသီးသီးသို့ နှစ်ရက် ကြိုတင် အသိပေးရမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို စက်တင်ဘာ ၅ ရက်တွင် တစ်နိုင်ငံလုံးရှိ ကော်မရှင် ရုံးခွဲများတွင် ကပ်၍ ကြေညာခဲ့ကြောင်း သိရသည်။
အတည်ပြု လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း အပြည့်အစုံထွက်ရှိမှု နောက်ကျသည့်အပြင် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲများ ရှိနိုင်ဟု နိုင်ငံရေးပါတီအချို့ ပြောကြား















