မောင်တောခရိုင် မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အပါအဝင် အမည်စာရင်း တင်သွင်းသူ စုစုပေါင်း ၁၉ ဦး ပယ်ချခံရ

မောင်တောခရိုင် မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အပါအဝင် အမည်စာရင်း တင်သွင်းသူ စုစုပေါင်း ၁၉ ဦး ပယ်ချခံရ
Published 31 August 2015
သားရွှေဦး (ကစ္ဆပ)

မောင်တောခရိုင် မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ စုစုပေါင်း ၁၉ ဦး ပယ်ချခံရကြောင်း သတင်းရရှိသည်။ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရွှေမောင် (ခ) အဒူရော်ဇက် အပါအဝင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး ပယ်ချခံခဲ့ရပြီး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ အမည်စာရင်း တင်သွင်းသူ ခြောက်ဦး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ အမည်စာရင်းတင်သွင်းသူ ကိုးဦးနှင့် NLD ပါတီမှ တစ်ဦးတို့၏ လျှောက်လွှာများအား ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၅ ရွေးကောက်ပွဲအတွက် မောင်တောခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသူ ၅၅ ဦး ရှိသည့်အနက် ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ စိစစ်ဆုံးဖြတ်ချက်အရ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၆ ဦးအား ခွင့်ပြုခဲ့ပြီး ၁၉ ဦးအား ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်၏ သြဂုတ် ၂၉ ရက် ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရသည်။အမည်စာရင်း တင်သွင်းသည့် လျှောက်လွှာများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် အမည်စာရင်း တင်သွင်းလွှာအား ပယ်သွားရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့သူ ဦးထွန်းမင်းစိုးသည် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာပြီး မြန်မာနိုင်ငံအတွင်း၌ တစ်ဆက်တစ်စပ်တည်း ၁၀ နှစ် နေထိုင်သူ မဟုတ်သဖြင့် ပယ်ချခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။ထို့ပြင် ကျန်ပယ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူ ၁၈ ဦးတို့မှာလည်း မွေးဖွားချိန်တွင် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ မဟုတ်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ စိစစ်တွေ့ရှိရသဖြင့် ရွေးကောက်ဥပဒေ ၁၀(င)နှင့် ငြိစွန်းသဖြင့် ၎င်း၏ အမည်စာရင်း တင်သွင်းလွှာအား ပယ်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။“မောင်တောခရိုင်က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းလာတဲ့ ၅၅ ဦးလုံးကို သြဂုတ် ၂၉ ရက်မှာ အားလုံးစိစစ်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့တဲ့ အခါမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၆ ဦးကို ခွင့်ပြုခဲ့ပြီးတော့ ၁၉ ဦးကိုတော့ ဥပဒေနဲ့ မညီတဲ့အတွက် ဥပဒေပုဒ်မ ၁၀(င)နဲ့ ငြိစွန်းတဲ့အတွက် သူတို့ရဲ့ လျှောက်လွှာတွေကို ပယ်ချတယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ခုနစ်ရက် အတွင်းမှာ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို အယူခံတက်လို့ ရပါတယ်” ဟု မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။   

Most Read

Most Recent