ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံး ရွေးကောက်ပွဲဝင်မည်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံး ရွေးကောက်ပွဲဝင်မည်
Published 30 August 2015
ငြိမ်းကို

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေမှအပ ကျန်ဝန်ကြီးချုပ်များအားလုံးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း သတင်းရရှိသည်။ရွေးကောက်ပွဲဝင်မည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များအနက် ရာထူးမှ အငြိမ်းစားယူခဲ့သည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတစ်ဦးတည်းသာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပဲခူးတိုင်းဒေသကြီး ကဝမဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန်ဝန်ကြီးချုပ်အားလုံးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မဲဆန္ဒနယ်များတွင် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်မှုအရ သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်မှုအရ လက်ရှိတာဝန်ထမ်းဆောင်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည်  ကချင်ပြည်နယ် ပြည်နယ်လွှတ်တော် တနိုင်းမဲဆန္ဒနယ်အမှတ်(၁) မှလည်းကောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းသည် ချင်းပြည်နယ် ပြည်နယ်လွှတ်တော် မင်းတပ်မဲဆန္ဒနယ် အမှတ်(၂)မှ လည်းကောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်သည် မွန်ပြည် နယ် ပြည်နယ်လွှတ်တော် မုဒုံမဲဆန္ဒနယ် အမှတ်(၁)မှ လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်  ရွာငံမဲဆန္ဒနယ် အမှတ် (၂)မှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော် ဘုတလင်မဲဆန္ဒနယ် အမှတ်(၂) မှ လည်းကောင်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်။မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်သည် မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော် ပြင်ဦးလွင်မဲဆန္ဒနယ် အမှတ်(၂) မှ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ဇီးကုန်းမဲဆန္ဒ နယ်အမှတ်(၁)မှ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ထားဝယ်မဲဆန္ဒနယ်အ  မှတ် (၂)မှ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်သည် ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် အင်္ဂပူမဲဆန္ဒနယ် အမှတ်(၁)မှ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် မင်းဘူးမဲဆန္ဒနယ်အမှတ်(၁) မှ လည်းကောင်း  ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေမှာမူ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြုတော့မည်မဟုတ်ကြောင်း ဇူလိုင် ၂၉ ရက်က ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြု တာဝန်ပေးအပ်ပွဲအခမ်းအနား သတင်းစာရှင်းလင်းပွဲတွင် ပါတီတာဝန်ရှိသူများက ထုတ်ပြန်ခဲ့သလို ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားလှယ်လောင်း ထုတ်ပြန်မှုတွင်လည်း ပါဝင်လာခြင်းမရှိခဲ့ကြောင်း သိရသည်။လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့သည် သြဂုတ် ၂၅ ရက်က လက်ရှိရာထူးများမှ အငြိမ်းစားယူခဲ့သည်။ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကဝမဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်။ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် အမ်းမဲဆန္ဒနယ် အမှတ်(၁)မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်။ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ)ဦးဘူးရယ်မှာမူ ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်စာတင်ခဲ့ပြီး ကယားပြည်နယ် ပြည်နယ်လွှတ်တော် ဘောလခဲမဲဆန္ဒနယ် အမှတ်(၁)တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။ 

Most Read

Most Recent