ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား နေပြည်တော် ကောင်စီနယ်မြေအတွင်း သြဂုတ် ၃၀ ရက် (ယနေ့)တွင် ပြု လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများအား နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များတွင် သြဂုတ် ၃၀ ရက်တွင် လှည့်လည် ဟောပြောမည်ဖြစ်ကြောင်း သိရသည်။ဥတ္တရသီရိမြို့နယ်၌ နံနက် ၈ နာရီတွင် တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ နံနက် ၉ နာရီတွင် ဥတ္တရသီရိမြို့နယ်ရှိ မင်းကုန်းကျေးရွာအုပ်စုရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် ဟောပြောမည်ဖြစ်ပြီး ဆည်ကန်ဘုန်းကြီးကျောင်းသို့ ဝါဆိုသင်္ကန်း ကပ်လှူမည်ဖြစ်သည်။မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံး သပြေကုန်းရပ်ကွက်၊ မွန်းလွဲ ၂ နာရီတွင် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာအဖွဲ့ချုပ်ရုံး၊ ရွှေခဲအင်းရွာ ဦးကျောင်းတိုက်နှင့် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဒက္ခိဏသီရိမြို့နယ် ကျွန်းတက်ပဲ့ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ၊ ပါတီစည်းရုံးရေးကိစ္စများ၊ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းသို့ သြဂုတ်လဆန်းပိုင်းတွင် သွားရောက်ခဲ့ကြောင်း သိရသည်။ထို့ပြင် ရေဘေးသင့်ဒေသများသို့ သွားရောက်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရေဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလများတွင် စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့သည်။ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ကျွန်တော်တို့ ပါတီဥက္ကဋ္ဌအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းပဲ ဟောပြောမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေမှာပဲ ဟောပြောမှုတွေ ပြုလုပ်မှာပါ။ ဘုန်းကြီးကျောင်းတွေကို သွားတာကတော့ ဝါဆိုသင်္ကန်းကပ်ဖို့ပါ။ ပြည်သူတွေကို အသိပညာပေးတာတွေ၊ ပါတီစည်းရုံးရေးကိစ္စတွေကိုတော့ ဥပဒေနဲ့အညီ ပြုလုပ်သွားမှာပါ”ဟု ပြောကြားသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေါ်အောင်ဆန်းစုကြည် ယနေ့ ပြုလုပ်မည်















