ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးသည် သြဂုတ် ၂၅ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခံရခြင်းဖြစ်သည်။ အဆိုပါဝန်ကြီးနှစ်ဦးအား ခန့်အပ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က) ပါ အရည်အချင်းနှင့် မပြည့်စုံကြောင်းကို သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသူရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိ၍ သြဂုတ် ၂၄ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူခဲ့ခြင်းဖြစ်ပြီး သမ္မတကလည်း ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်သည့် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး လွှတ်တော်၌ကတိသစ္စာပြု