၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ စစ်ဆေးခဲ့ရာတွင် မှားယွင်းမှုကြောင့် အင်္ဂလိပ်ဘာသာ၌ ဂုဏ်ထူးမထွက်ခဲ့သည့် ကျောင်းသားတစ်ဦး၏ အမှတ်ကို အောင်စာရင်းထွက်ပြီး နှစ်လခန့်ကြာမှ ပြန်လည်ပြင်ဆင် ပေးခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။
ဖြေဆိုခဲ့သည့် ဘာသာရပ် တစ်ခုချင်းစီအလိုက် အဖြေလွှာစစ်ဆေးပေးရန် လျှောက်ထားမှုများကို ဘာသာရပ်တစ်ခုလျှင် ငွေကျပ် ငါးထောင်နှုန်း ပေးသွင်းပြီး လျှောက်လွှာပုံစံတွင် လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်ကာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ပေးပို့လျှောက်ထား ရခြင်းဖြစ်သည်။၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများ ပြန်လည်စစ်ဆေးရန် လျှောက်ထားသူဦးရေမှာ တစ်နိုင်ငံလုံး၌ လေးရာကျော် ရှိခဲ့သည့်အနက် အဖြေလွှာများ ပြန်လည်စစ်ဆေးရာတွင် အချို့မှာ မှားယွင်းမှုများ ရှိခဲ့သည့်အတွက် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
၂၀၁၅ ခုနှစ် သြဂုတ် ၂၂ ရက်ထုတ် ကြေးမုံသတင်းစာတွင်လည်း အောင်စာရင်း ထွက်စဉ်က အင်္ဂလိပ်ဘာသာရပ်မှအပ ငါးဘာသာ ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသားတစ်ဦးအား ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူသည့် သတင်းထည့်သွင်း ခဲ့သည့်အတွက် စုံစမ်းကြည့်ရာတွင် အင်္ဂလိပ်ဘာသာရပ်၏ အဖြေလွှာပြန်လည် စစ်ဆေးကြည့်ရာ၌ အမှတ်စာရင်း သွင်းရာတွင် ရမှတ် ၁၀ မှတ်အား ထည့်သွင်းမပေါင်း ခဲ့မိသည့်အတွက် ၁၀ မှတ်လျော့နေ၍ ဂုဏ်ထူးပါမလာဘဲ ယခုမှသာ ဂုဏ်ထူးရရှိသည်ကို သိရသဖြင့် ယင်းကဲ့သို့ ကြေးမုံသတင်းစာတွင် ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းထည့်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကာယကံရှင်များအား ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားရန် ဆန္ဒမရှိခဲ့ပေ။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့် ဘာသာရပ် တစ်ခုချင်းအလိုက် အဖြေလွှာစစ်ဆေးပေးရန် လျှောက်ထားလာသည့် လျှောက်လွှာများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အဖြေလွှာပြန်လည် စစ်ဆေးပြီး အကြောင်းပြန်ကြားချက်အပေါ် ကျောင်းသားအချို့ ကျေနပ်မှု မရှိကြောင်း သိရသည်။ မြောက်ဒဂုံမြို့နယ်မှ အဖြေလွှာပြန်လည် စစ်ဆေးပေးရန် လျှောက်ထားခဲ့သည့် ကျောင်းသားတစ်ဦးကလည်း “ကျွန်တော်က ဂုဏ်ထူးမှန်းထားတာက လေးဘာသာပါ။ တကယ်တမ်း ဂုဏ်ထူးထွက်တာက နှစ်ဘာသာ ဖြစ်နေပြီး အဲဒီနှစ်ဘာသာမှာလည်း ဂုဏ်ထူးမမှန်းတဲ့ ဘာသာက ပါနေတယ်။ အဲဒီတော့ အမှတ်စာရင်း ထုတ်တဲ့အခါ ဂုဏ်ထူးမှန်းထားတဲ့ ဘာသာတွေက အမှတ်များများ ရနေမယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမဲ့ အမှတ်စာရင်းထဲမှာတော့ မှန်းထားသလောက် ဂုဏ်ထူးမှန်းခဲ့တဲ့ ဘာသာတွေက အမှတ်သိပ်မကောင်းလို့ သံသယရှိတာနဲ့ တစ်ခုခုများ လွဲချော်နေမလားဆိုပြီး ပြန်ပြီးအဖြေလွှာ စစ်ဆေးဖို့ လျှောက်ခဲ့တာပါ။ အခုအကြောင်းပြန်ကြားတဲ့ အကြောင်းကြားစာမှာက ဘာမှအမှားအယွင်း မရှိဘူးလို့ပဲ အကြောင်းပြန်ပါတယ်။ အဖြေလွှာ ပြန်စစ်တာကို ကိုယ်ကိုယ်တိုင် သွားကြည့်ခွင့်မှ မရှိတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ လက်ခံရမှာပေါ့” ဟုဆိုသည်။
အဖြေလွှာပြန်လည် စစ်ဆေးရန် လျှောက်ထားခဲ့သည့် ကိစ္စရပ်များ၊ ယင်းကဲ့သို့ အမှားအယွင်းအချို့ ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက “စာစစ်ဦးစီးဌာန အနေနဲ့ကတော့ ကလေးတွေ အဖြေလွှာ ပြန်လည်စစ်ဆေးပေးဖို့ လျှောက်လာရင် လက်ခံပြီး သက်ဆိုင်ရာ တက္ကသိုလ်ကို အကြောင်းကြားတယ်။ သက်ဆိုင်ရာ တက္ကသိုလ်ကနေ ပြန်စစ်ဆေးပေးပြီး စစ်ဆေးပြီး ရလဒ်တွေကို အကြောင်းပြန်တယ်ပေါ့။ အဲဒီရလဒ်ကိုမှ စာစစ်ဦးစီးကနေ အကြောင်းပြန်စာ ပြန်ပို့ပေးရတာပါ။ ကလေးတွေရဲ့ စာမေးပွဲအဖြေလွှာတွေကို စစ်တာကတော့ သက်ဆိုင်ရာ တက္ကသိုလ်ကပါ။ ကွဲလွဲချက်တွေကတော့ တကယ်တော့ ရှိခဲပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အောင်မြင်တဲ့ ကျောင်းသား ဦးရေကလည်း များတယ်ဆိုတော့ ကွဲလွဲချက်အချို့က ရှိသွားခဲ့တာပါ။ များသောအားဖြင့်တော့ ဖြစ်ခဲပါတယ်။ အဲဒီလိုရှိခဲ့ရင်လည်း ကလေးနစ်နာမှု မရှိအောင် သက်ဆိုင်ရာ တက္ကသိုလ်ကနေ ပြန်ကြားချက်အတိုင်း စာစစ်အနေနဲ့ ကလေးရဲ့ရမှတ်အမှန်အတိုင်း ပြန်လည်စီစဉ် ဆောင်ရွက်ပေးပါတယ်။ အဲဒီကလေး တက္ကသိုလ်တက်ရာမှာလည်း အခက်အခဲ မရှိအောင် သူ့ရဲ့ရမှတ် အမှန်အတိုင်းဖြစ်အောင် စီစဉ်ဆောင်ရွက် ပေးပါတယ်။ ကလေးအနေနဲ့ အောင်စာရင်းထွက်ခဲ့စဉ်က ငါးဘာသာဖြစ်နေပြီး အခုအဖြေလွှာ ပြန်လည်စစ်ဆေး လိုက်တဲ့အခါ ခြောက်ဘာသာ ဖြစ်သွားတယ်ပေါ့။ ဘာသာစုံဂုဏ်ထူးမှန်း ကလေးအနေနဲ့ အောင်စာရင်းထွက်တော့ ငါးဘာသာပဲ ပါလာတယ်ဆိုတော့ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတော့ ရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက်ရှိရှိနဲ့ ပြန်လည်စစ်ဆေး ခဲ့တဲ့အတွက် တက္ကသိုလ်ကလည်း သေသေချာချာ ပြန်စစ်ဆေး ပေးခဲ့တဲ့အတွက် ကွဲလွဲမှုရှိသွားတာတွေကို ပြန်လည်ပြင်ဆင် ပေးခဲ့တာပါ။ ကလေးနစ်နာမှု မရှိအောင် သက်ဆိုင်ရာ တက္ကသိုလ်က ပြန်လည်စစ်ဆေးပေးပြီး ကွဲလွဲမှုတွေကို ပြင်ဆင်ပေးခဲ့တဲ့အတွက် စာစစ်ဦးစီးဌာနကလည်း အချိန်မီ အဆင့်မြင့်ပညာ ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးပါတယ်” ဟုဆိုသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးမှုများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်ကြီး ၁၀ ခုတွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရသည့် ကာလမှာ ၁၀ ရက်ဝန်းကျင်သာ ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ စစ်ဆေးခဲ့ရာတွင် မှားယွင်းမှုကြောင့် အင်္ဂလိပ်ဘာသာ ဂုဏ်ထူးမထွက်ခဲ့သည့် ကျောင်းသားတစ်ဦး၏ အမှတ်ကို အောင်စာရင်းထွက်ပြီး နှစ်လခန့်ကြာမှ ပြန်လည်ပြင်ဆင်ပေးခဲ့









