အမျိုးသားရင်ကြားစေ့ရေးမှာ လိုအပ်ကြောင်းနှင့် မြန်မာ့ နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သြဇာလွှမ်းမိုးမှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

အမျိုးသားရင်ကြားစေ့ရေးမှာ လိုအပ်ကြောင်းနှင့် မြန်မာ့ နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သြဇာလွှမ်းမိုးမှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 22 August 2015

အမျိုးသားရင်ကြားစေ့ရေး ကိစ္စရပ်မှာ လိုအပ်ကြောင်းနှင့် မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သြဇာလွှမ်းမိုးမှု မရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်သော အာရှအသံ(RFA)နှင့်သြဂုတ်၂၀ရက် က ပြုလုပ်သည့် အင်တာဗျူးတွင်ပြောကြားခဲ့ကြောင်း သိရသည်။
 
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် လွတ်လပ်သောအာရှအသံ (Radio Free Asia) မြန်မာပိုင်းအစီအစဉ်၏ ဌာနမှူး ဒေါ်ညိမ်းရွှေအား သြဂုတ် ၂၀ ရက်တွင် နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံ၍မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ ရည်ရွယ်ချက်တွေထဲမှာ အမျိုးသားရင်ကြားစေ့ရေးက အဓိကလို့ သူကပြောဖူးပါတယ်။ အဲတော့ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် အောင်နိုင်ရင်လည်းပေါ့လေ။သူက ဒါကိုပဲ အဓိကထားပြီးတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သွားမယ်လို့ ပြောပါတယ်။ အဲတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဒီလုပ်ငန်းစဉ်အပေါ်မှာ ဘယ်လိုမြင်သလဲ ဗိုလ်ချုပ်မှူးကြီး။ နောက်ပြီးတော့ ဘယ်လိုလုပ်ဆောင်သင့်သလဲလို့ အကြံ ဘယ်လိုပေးချင်ပါသလဲ” ဟူသည့် RFA ၏ မေးမြန်းမှုအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားရင်ကြားစေ့ရေး ဆိုသည့် ကိစ္စရပ်မှာ လိုအပ်ကြောင်းနှင့် မိမိလုပ်ငန်းအား မှန်မှန်ကန်ကန်လုပ်မည်ဆိုပါက ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
 
အဓိကအားဖြင့် တစ်ဦးီနှင့်တစ်ဦး ယုံကြည်မှုမှာ အရေးကြီးကြောင်းနှင့် တိုင်းပြည်အပေါ် တကယ့်စိတ်ကောင်း ၊စေတနာကောင်းထားရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကပြောကြားသည်။
 
“ကျွန်တော့်ရဲ့ ယုံကြည်ချက်တစ်ခု ရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ တစ်အချက်ကတော့ စည်းလုံးညီညွတ်ရေးပေါ့၊ နောက် တည်ငြိမ်အေးချမ်းရေးပေါ့။ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဒီသုံးခုပေါ့။ တကယ်တော့ စည်းလုံးညီညွတ်ရေးနဲ့တည်ငြိမ်အေးချမ်းရေးဆိုတာ နှစ်ခုလုံးက ဆက်စပ်နေတာပေါ့။ စည်းလုံးညီညွတ်မှုဆိုတာ တည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ စည်းလုံးညီညွတ်မှုဆိုတာလည်း တော်တော်ခက်ပါတယ်။ စည်းလုံးညီညွတ်မှု မရှိဘဲနဲ့ တည် ငြိမ်အေးချမ်းမှုရဖို့ ဆိုတာလည်း ခက်ပါတယ်။ဒီအပေါ်မှာ ဒီနှစ်ခု စိတ်ချသွားပြီ။ ကောင်းသွားပြီးဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်ရေး သွားလို့ရမှာပေါ့။ ဒါကို ကျွန်တော်တို့ အကုန်လုံး၊တိုင်းရင်းသားအားလုံး၊ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး လုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ ဒါ အမျိုးသားရင်ကြားစေ့ရေးကိစ္စဆိုတာတော့ ဒါလိုအပ်ပါတယ်။ ဒါပေမယ့်ယုံကြည်မှု နဲ့ကိုယ့်လုပ်ငန်း ကိုယ်မှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုရင် သူ့ရင်ကြားစေ့ရေးဆိုတာ သူ့ဘာသာသူဖြစ်သွားမယ်လို့ ကျွန်တော်က ယုံကြည်ထားတယ်”ဟုပြောကြားသည်။
 
ထို့နောက်၂၀၁၄ခုနှစ် နောက်ပိုင်းမှာမြန်မာ့နိုင်ငံရေးတွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟုပြောကြားမှုများ ရှိနေသည့်အပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြင်းဆိုဖြေကြားခဲ့သည်။
 
“ ဟုတ်ပါသလားလို့ မေးရင်တော့ ကျွန်တော့် အနေနဲ့တော့ မဖြစ်နိုင်ပါဘူးလို့ ကျွန်တော်ပြောချင်တာပေါ့။ မဖြစ်နိုင်ဘူးလို့ ပဲပြောချင်တယ်။ ဗိုလ်ချုပ်မှူးကြီး က သူ့ဘာသာသူပဲ အေးအေးဆေးဆေး နေတာပါ။ကျွန်တော်တို့ လည်း အခါကြီး၊ ရက်ကြီးတွေမှာ သွားပြီးတော့ ဂါရဝပြုတာတွေ ရှိပါတယ်။ ဒါကျွန်တော်တို့ရဲ့ တပ်မတော်ရဲ့ မိဘဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့သွားဂါရဝပြု တာရှိပါတယ်။ သူက တိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံ ပြု တာတွေ၊တပ်မတော်ကောင်းအောင် လုပ်ဖို့အတွက်ပဲ အကြံပြု တာတွေရှိတယ်။ ဘာလုပ်ပါလို့တော့ ဟိုဒီဟာလေးတော့ လုပ်တာ၊ ပြု တာတော့ မပြောဘူး။ မရှိဘူး။နံပါတ်တစ် အချက်ကတော့ စည်းစည်းလုံးလုံးနေကြဖို့ဆိုတာတော့ ဒါသူ မကြာခဏပြောပါတယ် နောက်ကောင်းအောင် လုပ်ကြဖို့၊တိုင်းပြည်ကောင်းအောင် လုပ်ကြဖို့ ဒီလောက်ပဲပြောတာရှိတယ်”ဟုပြောကြားသည်။
 
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့်အထိအတွေ့များ ရှိသော်လည်း လက်ရှိအခြေအနေမျိုးတွင် ၎င်းအနေဖြင့် ပါဝင်ပတ်သက်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍မူကြားသိရခြင်းလည်း မရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက် ဖြေကြားထားသည်။
 
“ကျွန်တော်တို့အစိုးရလည်း အစိုးရအလျောက် သူလုပ်နိုင်တဲ့ အရာတွေလုပ်နေတာပါပဲ။ နောက်လွှတ်တော်လည်း လွှတ်တော်အလျောက်သူတို့ရဲ့လုပ်ပိုင်ခွင့်ထဲကနေ လုပ်နေတာဖြစ်ပါတယ်။ ဘာမှ ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)ရဲ့ဒီသြဇာလွှမ်းမိုးမှု ဘာတစ်ခုမှ မရှိပါဘူး”ဟုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
 
တွေ့ဆုံမေးမြန်းမှုများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိတွင် တစ်စုံတစ်ဦးအား သမ္မတအဖြစ် ရည်ရွယ်ထားသည်မျိုး မရှိသေးကြောင်း၊သမ္မတလုပ်ချင်သည့် ဆန္ဒရှိသူများသည် တပ်မတော်နှင့်လည်း အဆင်ပြေမည့်သူမျိုးဖြစ်ပါက ပိုကောင်းကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
 
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)၊ ပုဒ်မ၄၃၆တို့ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ရခြင်းအကြောင်းတို့နှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ်တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။