ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်ထားသည့် တပ်မတော်အရာရှိအချို့ သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် စတင်တာဝန်ထမ်းဆောင်

ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်ထားသည့် တပ်မတော်အရာရှိအချို့ သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် စတင်တာဝန်ထမ်းဆောင်
Published 15 August 2015
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

ကာကွယ်ရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်ထားသည့် တပ်မတော်အရာရှိအချို့ သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။ဇူလိုင်လအတွင်းက ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိ ၁၄ ဦးအနက် ကုသရေးဦးစီးဌာနအတွက် ကိုးဦး၊ အုပ်ချုပ်ရေးအတွက် ငါးဦးပြောင်းရွှေ့ခန့်ထားခဲ့ကြောင်း ၊ ပြောင်းရွှေ့ခန့်ထားသူများအနက်  တပ်မတော်ဆေးသုတေသနတပ်(နေပြည်တော်)မှ ဌာနမှူး(အထောက်အကူပြု)ကို ဒုတိယညွှန်ကြားရေးမှူးအဖြစ် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနသို့လည်းကောင်း၊ (နား၊နှာခေါင်း၊လည်ချောင်း) အမှတ်  (၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ မင်္ဂလာဒုံမှ ပါရဂူအား နား ၊နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူး ကုဆေးရုံကြီး (ရန်ကုန်)သို့ ဦးစီးအရာရှိ (အုပ်ချုပ်ရေး)နှင့် လက်ထောက်ဆရာဝန်အဖြစ်လည်းကောင်း၊ အမှတ်(၂)တပ်မတော်သားဖွား/မီးယပ်နှင့် ကလေးဆေးရုံ၊ နေပြည်တော်မှ တပ်မတော်အရာရှိအား ဦးစီးအရာရှိ(အုပ်ချုပ်ရေး) အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ဆေးရုံ(ခုတင် ၃၀၀)၊ နေပြည်တော်ကောင်စီမြေသို့လည်းကောင်း၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်၁၀၀၀)မှ တပ်မတော်အရာရှိအား ဦးစီးအရာရှိ( စစ်ဆေးရေးဌာန)၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်သို့ ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။"ဒီဆေးရုံကိုပြောင်းဖို့တာဝန်ကျတဲ့ ဆရာဝန်က နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးအနေနဲ့ဝင်လာတာပါ။ သူက အခုတာဝန်ထမ်းဆောင်နေပါပြီ။ ပြောင်းရွှေ့ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေအနေနဲ့ ခန့်အပ်ပြီး ၂၁ ရက်အတွင်းမှာ တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်" ဟု နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းအောင်က မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။ထို့ပြင် အမှတ်(၂)တပ်မတော် စစ်သားစုဆောင်းရေးတပ်မှ အရာရှိအား ဒုတိယညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး)၊ ကုသရေးဦးစီးဌာန(နေပြည်တော်) သို့လည်းကောင်း၊ သမ္မတအိမ်တော်၊ အထူးတပ်ဖွဲ့မှအရာရှိအား လက်ထောက်ညွှန်ကြားရေးမှူး(အုပ်ချုပ်ရေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး၊ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်(နေပြည်တော်)မှ ပထမတန်းပါရဂူအား လက်ထောက်ညွှန်ကြားရေးမှူး (ဆေးနှင့် ဆေးပစ္စည်းဖြန့်ဖြူးရေး)၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်သို့လည်းကောင်း၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်၃၀၀)၊ မြစ်ကြီးနားမှ ပါရဂူအား အထူးကုဆရာဝန် (ဆေးပညာ)ဦးနှောက်နှင့် အာရုံကြောဆေးကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ အမှတ်(၇) စစ်မြေပြင်ဆေးတပ်ရင်း၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အရာရှိအား အထူးကုဆရာဝန်(ဆေးပညာ)ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။"ကျွန်တော်တို့ဆေးရုံကို တပ်မတော်ဘက်က ပြောင်းရွှေ့တာဝန်ပေးထားတဲ့ ဗိုလ်မှူးကတော့ အလုပ်စဝင်နေပါပြီ။ နောက်ထပ်နှစ်ဦးကတော့ မဝင်သေးဘူး" ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာသူရကပြောကြားသည်။နယ်ပယ်အသီးမှ အပြင်းအထန်ကန့်ကွက်ခဲ့ခြင်းကြောင့် ကျန်းမာရေးဌာနများသို့ စစ်ဘက်ဆိုင်ရာအရာရှိများအား ထပ်မံပြောင်းရွှေ့တာဝန်ပေးမှုကို ရပ်ဆိုင်းခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ တရားဝင်အမိန့်စာဖြင့် ထုတ်ပြန်ပေးစေလိုကြောင်း ဆရာဝန်အများစုက ပြောကြားခဲ့သည်။ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးလိုက်သော စစ်ဘက်ဆိုင်ရာအရာရှိများ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနများသို့ ပြောင်းရွှေ့တာဝန်ပေးခြင်းအပေါ် နေရာဒေသအသီးသီးမှဆရာဝန်များက ဖဲကြိုးအမည်းတပ်ဆင်ကာ Black Ribbon Movement Myan- mar2015 ဟူသည့်အမည်ဖြင့် Campaign ပြုလုပ်ကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကန့်ကွက်မှုများပြင်းထန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့မည့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent