NLD အနေဖြင့် တိုင်းနှင့်ပြည်နယ် ၁၁ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀ အား ပြင်ဆင်အစားထိုးခဲ့သော်လည်း နောက်ထပ်ပြင်ဆင်ရန်ရှိနေသေး

NLD အနေဖြင့် တိုင်းနှင့်ပြည်နယ် ၁၁ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀ အား ပြင်ဆင်အစားထိုးခဲ့သော်လည်း နောက်ထပ်ပြင်ဆင်ရန်ရှိနေသေး
Published 11 August 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းနှင့်ပြည်နယ် ၁၁ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀ အား ပြောင်းလဲပြင်ဆင်အစားထိုးခဲ့သော်လည်း နောက်ထပ်ပြင်ဆင်ရန်ရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သြဂုတ် ၁၁ ရက်တွင် ပြောကြားသည်။    "ပြင်ဆင်ဖို့ရှိပါသေးတယ်။ နောက်ထပ်လာဦးမယ်။ ၁၄ ရက်မတိုင်ခင်တော့ ဒီလိုပဲတင်ပြတဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့ လာပါလိမ့်မယ်။ ဘယ်သူတွေက ဘယ်လိုတင်ကြမလဲမသိတော့ ဘယ်နှယောက်ထပ်ပြောင်းလဲမလဲဆိုတာ ကျွန်တော်မပြောနိုင်ပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။           အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀ ကို ပြောင်းလဲပြင်ဆင်အစားထိုးခဲ့ခြင်းဖြစ်သည်။    ထိုသို့ပြောင်းလဲပြင်ဆင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြည်သူအများစုမျှော်လင့်ထားသည့် ကိုယ်စားလှယ်လောင်းများအနက် ဒေါက်တာအောင်သူတစ်ယောက်သာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်လာခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက "အဲဒါပြောစရာကတော့ ဘာမှမရှိပါဘူး။ မပါတာ မပါတာပဲပေါ့။ ဘာပြောစရာရှိမလဲ" ဟုပြောကြားသည်။    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောင်းလဲပြင်ဆင်အစားထိုးခဲ့သည့် စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းခုနစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦး၊ မကွေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၊ ရှမ်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦး၊ ကယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၊ ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး၊ ကချင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးတို့ကို ပြောင်းလဲပြင်ဆင်အစားထိုးခဲ့ကြောင်း သိရသည်။