အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအစည်းအဝေးများ သြဂုတ်ဒုတိယပတ်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက သြဂုတ် ၃ ရက်တွင် ပြောကြားသည်။ ဥပဒေကြမ်းကော်မတီအစည်းအဝေးများကို လွှတ်တော်အစည်းအဝေးများမစတင်မီတွင် ဥပဒေကြမ်းများအပေါ် လေ့လာမှုများ ဆောင်ရွက်ရကြောင်း၊ လွှတ်တော်အစည်းအဝေးများကို မည်သည့်အချိန်အထိ ပိတ်ထားမည်ကို မသိရသေးကြောင်း သိရသည်။ အရေးကြီးဥပဒေများအနေဖြင့် မူပိုင်ခွင့်ဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ သမ္မတသဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသည့် ဥပဒေသုံးခုရှိကြောင်း သိရသည်။အမျိုးသားလွှတ်တော်အနေဖြင့် မြန်မာ့အာမခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ငွေစုဘဏ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ အပင်မျိုးစိတ်ဥပဒေ စသည်ဖြင့်ရှိကြောင်း၊ မော်တော်ယာဉ်ဥပဒေ၊ အကျဉ်းထောင်ဥပဒေများလည်း ကျန်ရှိနေသေးကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ "အကျဉ်းထောင်ဥပဒေဆိုရင်လည်း ကိုယ်စားလှယ်တွေက ဆွေးနွေးဆဲအဆင့်မှာပဲရှိသေးတယ်။ ကျွန်တော်တို့ဥပဒေကြမ်းကော်မတီအနေနဲ့ကတော့ အစီရင်ခံစာတွေကို လွှတ်တော်ကို တင်သွင်းထားတာပေါ့။ လွှတ်တော်မရှိသေးလို့ ဒါတွေကို မဆွေးနွေးနိုင်သေးရင် ဒီဟာတွေက ဆောင်ရွက်ဆဲဥပဒေတွေဖြစ်နေမှာပေါ့။ ရွေးကောက်ပွဲကလည်း နီးကပ်နေပြီဆိုတော့ စက်တင်ဘာ ၈ ရက်မတိုင်ခင်မှာ ဥပဒေကြမ်းတွေကို ပြီးပြတ်အောင်လုပ်ရမှာပေါ့" ဟု ဒေါက်တာမြတ်ဉာဏစိုးကပြောကြားသည်။သြဂုတ် ၁၁ ရက်မှစ၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအစည်းအဝေးများ ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးမည့် ဥပဒေကြမ်းများအား ကြိုတင်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။"ဥပဒေကြမ်းကော်မတီအနေနဲ့ ဥပဒေများအား ပြီးပြတ်အောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်စရင် ဆွေးနွေးနိုင်ဖို့ အသင့်ဖြစ်အောင် ဆောင်ရွက်ထားမယ်။ မျိုးစောင့်ဥပဒေလေးခုဆိုလည်း မပြီးပြတ်သေးဘူး" ဟု ဆက်လက်ပြောကြားသည်။ လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် အကျဉ်းထောင်ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်စရာများပြားကြောင်း၊ ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုမျိုး ကျူးလွန်သူများအား လုံခြုံရေးတင်းကျပ်သည့် အကျဉ်းထောင်မျိုး၊ အခြားပြစ်မှုအသေးများအတွက် အကျဉ်းထောင်တစ်ခု၊ နိုင်ငံရေးအကျဉ်းသားများဆိုပါက သီးသန့်ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများဆိုပါက ရသင့်သည့်အခွင့်အရေးများ ရရှိသင့်ကြောင်း၊ ယင်းကဲ့သို့ အခွင့်အရေးများရရှိရန် ကြိုးစားပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ထည့်သွင်းရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအစည်းအဝေးများ သြဂုတ်ဒုတိယပတ် စတင်မည်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago