လာမည့်ရွေးကောက်ပွဲ၌ ကယားပြည်နယ် ရှားတောနှင့် မယ်စဲ့မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် ဝင်ပြိုင်ရန်စာရင်းပေးလာသည့် တပ်ကိုယ်စားလှယ်နှစ်ဦး ရှိခဲ့သော်လည်း အောက်ခြေပါတီဝင်နှင့် ဒေသခံများလက်ခံသူကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် လျာထား

လာမည့်ရွေးကောက်ပွဲ၌ ကယားပြည်နယ် ရှားတောနှင့် မယ်စဲ့မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် ဝင်ပြိုင်ရန်စာရင်းပေးလာသည့် တပ်ကိုယ်စားလှယ်နှစ်ဦး ရှိခဲ့သော်လည်း အောက်ခြေပါတီဝင်နှင့် ဒေသခံများလက်ခံသူကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် လျာထား
Published 26 July 2015
မခိုင်၊ အောင်ဇော်ထွန်း

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ကယားပြည်နယ် ရှားတောနှင့် မယ်စဲ့မြို့နယ်များမှ  ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် ဝင်ပြိုင်ရန် စာရင်းပေးလာသည့် တပ်ကိုယ်စားလှယ်နှစ်ဦးရှိခဲ့သော်လည်း အောက်ခြေပါတီဝင်နှင့် ဒေသခံများ လက်ခံသူကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် လျာထားကြောင်း ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးတင်ဦးက ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။
 
လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်မှ ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် မှ ခုနစ်နေရာနှင့် ပြည်နယ်လွှတ်တော်မှ ၁၄ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ တစ်နေရာ စုစုပေါင်း မဲဆန္ဒနယ် ၃၄ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများစာရင်းကို ဗဟိုသို့တင်ပြထားပြီး ဖြစ်ကာ အကြမ်းဖျင်းအတည်ပြုပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
 
ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့် ပတ်သက်၍ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးတင်ဦးက “အဓိက ကတော့ သူ့မြို့နယ်ကိုအခြေခံတဲ့ ကိုယ်စားလှယ်လောင်းပဲ အဓိကဦးစား ပေးရွေးပါတယ်။ ပဏာမအနေနဲ့ မြို့နယ်ပါတီ ကော်မတီတွေရှိတာပေါ့။ သူတို့က ပေါင်းစပ်ညှိနှိုင်းပြီးတော့ သူတို့ကပဲ စိစစ်ပြီးတော့ ရွေးချယ် တင်ပေးလိုက်တာပေါ့။ လက်ရှိအရွေးချယ်ခံ ပုဂ္ဂိုလ် ၃၄ ဦးရှိတယ်။ သူတို့က ဆန္ဒပြန်ပြုထားတာရှိတယ်။ မပြုတာလည်းရှိတယ်။ ပြီးရင် ဦးတို့ ပြည်နယ်ကော်မတီက ဆန္ဒပြု တာရှိတယ်။ ဒါတွေကို ဗဟိုကို ပို့ပေးရတာပေါ့။ အတည်ပြုပြီးသွားပြီ။ ဗဟိုကတော့ သူ့ရဲ့မူဝါဒအရ လက်ရှိ အရွေးချယ်ခံထားတဲ့ ပုဂ္ဂိုလ်ထဲက တကယ်အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ပြန်ပြီးမှ ဦးစားပေးထည့်တာပေါ့။ အများအားဖြင့် မြို့နယ်တိုင်း မြို့နယ်တိုင်းကတော့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ထဲက ပါတာများပါတယ်” ဟု ပြောကြားသည်။
 
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့သည်လည်း ကယားပြည်နယ်မှ  ဝင်ရောက်အရွေးခံရန် အဆိုပြုမှုများရှိခဲ့ပြီး ယင်းအပေါ် ပြည်ခိုင်ဖြိုးပါတီက လက်မခံခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ရာ ယင်းကဲ့သို့ ဒေသခံမဟုတ်ဘဲ ကယားပြည်နယ် မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့မှုများ ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ရှိ မရှိ မေးမြန်းရာ ဦးတင်ဦးက ရှိခဲ့သည်ဟု အတည်ပြုပြောကြားသည်။
 
ဦးတင်ဦးက “ပွင့်ပွင့်လင်းလင်းပြောရင် ရှိတာပေါ့။ တပ်ကနေပေးလာတဲ့ ကိုယ်စားလှယ်နှစ်ယောက်ရှိတာပေါ့။ တစ်ယောက်ကတော့ မယ်စဲ့၊ တစ်ယောက်ကတော့ ရှားတော။ မယ်စဲ့မှာချပေးတဲ့ တစ်ယောက်ကတော့ လက်မခံဘူး။ ရှားတောကို ချပေးတဲ့ တစ်ယောက်ကိုတော့ လက်ခံတယ်။ သို့သော်လည်း သူက ပုဂ္ဂိုလ်ရေးအရ မလုပ်ချင်ဘူးဆိုပြီး နောက်ဆုတ်သွားတာပေါ့။ အကယ်၍ အောက်ခြေက လက်ခံတယ် ပြည်သူက လက်ခံတယ်ဆိုရင် ကျွန်တော်တို့ ပါတီကနေ ထည့်ပြီးမှ ကိုယ်စားလှယ်လောင်း သတ်မှတ်မှာပေါ့။ အခုကတော့ အောက်ခြေမှာ ချပြတဲ့အခါမှာ လက်မခံဘူး။ ဗဟိုဦးစီးစနစ်နဲ့ဆိုရင် ဒီလူကို ချလိုက်လို့ရတာပေါ့။ သို့သော်လည်း ပြည်သူက လက်မခံရင် ကျွန်တော်တို့ပါတီက ရှုံးမှာလေ”ဟု ပြောကြားသည်။
 
ဆက်လက်၍ ၎င်းက “အခုလက်ရှိလျာထားတာကတော့ အောက်ခြေပါတီဝင်လည်း လက်ခံတယ်။ ပြည်သူတွေလည်း လက်ခံတဲ့အနေအထားမျိုး ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေပဲ လျာထားပါတယ်။ ဒီနှစ်ဦး တပ်ကချပေးတဲ့ နှစ်ဦးကတော့ ပြီးသွားပြီ။ သူတို့ကို ပြည်သူလက်မခံတဲ့အတွက် သူတို့နေရာမှာ ဒေသခံတွေပြန်ပြီးမှ ထည့်ထားတာပေါ့”ဟု ဆိုသည်။
 
ကယားပြည်နယ်အတွင်း၌ လူဦးရေ နှစ်သိန်းရှစ်သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ တစ်သိန်းခြောက်သောင်း(၁၆၀၀၀၀) ဝန်းကျင်ရှိပြီး ဘော်လခဲမြို့နယ်တွင် မဲပေးခွင့်ရှိသူ ငါးထောင်ကျော်နှင့် မယ်စဲ့မြို့နယ် တွင် သုံးထောင်နီးပါးသာရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
 
လက်ရှိတွင် မယ်စဲ့မြို့နယ်၌ မည်သည့်ပါတီမှ ဖြစ်စေ၊ တပ်ကိုယ်စားလှယ်ဖြစ်စေ ဒေသခံမဟုတ်ဘဲ အခြားဒေသမှ လာရောက်အရွေးခံမည်ဆိုပါက အနိုင်ရနိုင်သည့် ရာခိုင်နှုန်းနည်းကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ယင်းမြို့နယ်တွင် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး လက်ရှိ ကယားပြည်နယ် စည်ပင်ဝန်ကြီးဖြစ်သော ဦးအောင်နိုင်ဦးက ပြောကြားသည်။
 
မယ်စဲ့ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးသည် ကိုယ်စားလှယ်လောင်းတင်သွင်းမှုများ၌နှင့် ပတ်သက်ပြီး ပါတီတွင်း ဗဟိုချုပ်ကိုင်မှုများရှိနေသည့်အတွက် ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပြီး ၎င်းက “ကျွန်တော် မယ်စဲ့မှာ တစ်သီးပုဂ္ဂလအနေနဲ့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။ လူမျိုးစွဲ ဘာသာစွဲ ပုဂ္ဂိုလ်စွဲလည်းရှိတယ်။ ဒါကြောင့် တိုင်းရင်းသားဆိုရင် လက်ခံတယ်။ တပ်က လာပြိုင်မှာ ကြိုက်ချင်မှကြိုက်လိမ့်မယ်။ သူတို့လာပြိုင်လည်း ရာခိုင်နှုန်းတော်တော်များများ မနိုင် နိုင်ဘူးလို့မြင်ပါတယ်။ အခုက ၂၀၁၀ နဲ့မတူတော့ဘူး။ အရင်က ပြည်သူက ဘာမှမသိ။ မအေးချမ်းခဲ့ဘူး။ အခု ၂၀၁၅ မှာတော့ ပြည်သူက ပိုနားလည်လာပြီ”ဟု ဇူလိုင် ၂၂ ရက်က ပြောကြားသည်။  
 
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ်သည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး နုတ်ထွက်ခဲ့သည့်အတွက် လက်ရှိတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေရာ လစ်လပ်နေပြီး ရွေးကောက်ပွဲနီးသည့်အတွက် လတ်တလောတွင် ပြန်လည်ရွေးချယ် မခန့်အပ်နိုင်သေးကြောင်း သိရသည်။
 
ပြည်နယ်ဥက္ကဋ္ဌ  လစ်လပ်နေမှုနှင့် ပတ်သက်ပြီး ပါတီကော်မတီဝင် ဦးတင်ဦးက ”ရွေးကောက်ပွဲနီးလာပြီဆိုတော့ အချိန်လည်း မရှိတော့ဘူး။ မရှိတဲ့အခါကျတော့ ဗဟိုက တိုက်ရိုက်ကိုင်တွယ်တဲ့ ကျွန်တော်တို့ ပြည်နယ်စည်းရုံးရေးကော်မတီဖွဲ့လိုက်တယ်။ သို့သော်လည်း နာမည်ပဲပြောင်းသွားတယ်။ ဥက္ကဋ္ဌကတော့ ကျွန်တော်တို့ရဲ့ နယ်မြေတာဝန်ခံဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဥက္ကဋ္ဌပေါ့။ နယ်မြေတာဝန်ခံက ဦးလှသိမ်းဆွေပါ”ဟု ပြောကြား သည်။
 

Most Read

Most Recent