ဟန်ပြအတုအယောင် ထုတ်လုပ်နေသည့် စက်မှုဇုန် ကားလုပ်ငန်းများကို အပြီးအပိုင် ဖျက်သိမ်းပေးနိုင်ခြင်း ရှိမရှိ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက မေးမြန်းသည်။ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် သူရဦးအောင်ကိုက နေပြည်တော်တွင် ဇူလိုင် ၁၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ‘ဟန်ပြအတုအယောင် ထုတ်လုပ်နေသော စက်မှုဇုန် ကားလုပ်ငန်းများကို အပြီးအပိုင် ဖျက်သိမ်းပေးနိုင်ခြင်း ရှိမရှိနှင့် စက်မှုဇုန်ကားများ ခုထုတ်-ခုအပ် အကြိမ်ကြိမ်ပြုလုပ်ပြီး စလစ်ထုတ်ယူ၍ ပြည်ပမှ အဆင့်မြင့် ကားရာပေါင်းများစွာ တင်သွင်းခဲ့ခြင်းကြောင့် နိုင်ငံတော် အခွန်ဘဏ္ဍာငွေ နစ်နာမှုအတွက် တာဝန်ရှိကြသော ဝန်ထမ်းများနှင့် ဇုန်ကားလုပ်စားသူများကို ပြန်လည်စစ်ဆေး ကြပ်မတ်ရန် အစီအစဉ် ရှိမရှိ’ တို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။“စက်မှုဇုန်များ၌ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများကို အပြီးအပိုင် ဖျက်သိမ်းပေးရန်မှာ ၎င်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ စားဝတ်နေရေးကိုလည်း လျစ်လျူရှု၍ မရပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်” ဟု စက်မှုဝန်ကြီးဌာန၏ ဖြေကြားချက်ကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးချန်မောင်က လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။ပြည်တွင်း စက်မှုဇုန်များသည် ၂၀၀၁-၂၀၀၂ ခုနှစ်မှစ၍ ကားများ စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ စက်မှုဇုန် မော်တော်ယာဉ် စုစုပေါင်း ၉၉၅၄၃ စီးရှိကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးချန်မောင်က လွှတ်တော်၌ ပြန်လည်ဖြေကြားသည်။ဘက်စုံသုံး မော်တော်ယာဉ်များကို ၂၀၁၀-၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်ခွင့်ပေးခဲ့ပြီး အခြားလုပ်ငန်း ဆောင်ရွက်နေသူများသည် စက်မှုဇုန် မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းအတွင်း ဝင်ရောက်လာပြီး မမှန်ကန်သည့် နည်းလမ်းများ အသုံးပြုလာကြသဖြင့် ဘက်စုံသုံး မော်တော်ယာဉ်များ ထုတ်လုပ်မှုကို ၂၀၁၂ ခုနှစ်အတွင်း ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးချန်မောင်က ဆက်လက်ပြောကြားသည်။အစိုးရသစ်လက်ထက် မော်တော်ယာဉ်တင်သွင်းမှု ဖွင့်ပေးခဲ့သည့် အချိန်မှစပြီး ပြည်တွင်းစက်မှုဇုန်မှ ခုထုတ်-ခုအပ် လုပ်ကာ စက်ရုံထဲ ဝင်ရောက်ပြီး ကားအရေအတွက်မှာ စီးရေ ၁၀၀၀ ခန့်ရှိကြောင်း ဇုန်ကားထုတ်လုပ်သည့် အသိုင်းအဝိုင်းမှ သတင်းရရှိပြီး နောက်ပိုင်းထုတ်လုပ် အပ်နှံသည့် ယာဉ်အစီးရေပေါင်းလျှင် ၂၀၀၀ ကျော်ခန့် ရှိနိုင်ကြောင်း ခန့်မှန်းကြသည်ဟု သူရဦးအောင်ကိုက တင်ပြသည်။“မော်တော်ယာဉ် ထုတ်-အပ် လုပ်ခြင်းအတွက် ရရှိသော စလစ်တစ်စောင် ဈေးနှုန်းမှာ ကျပ်သိန်း ၅၀ ခန့်ရှိသောကြောင့် ခန့်မှန်းစီးရေ ၂၀၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း တစ်သိန်း နိုင်ငံတော်မှ အခွန်မရဘဲ နစ်နာသွားခဲ့ပါတယ်။ ယခုကဲ့သို့ တန်ဖိုးကြီးမားလှသော လုပ်ငန်းတွင် စက်မှုဇုန်ယာဉ် အပ်နှံသူနှင့် ကညန ဝန်ထမ်းများအကြားတွင် အပေးအယူ အဂတိလိုက်စားမှု မရှိဘူးဆိုလျှင် လက်ခံနိုင်ကြမည် မဟုတ်ပါ” ဟု သူရဦးအောင်ကိုက ဆွေးနွေးပြောကြားသည်။တရုတ်နိုင်ငံလုပ် သုံးဘီးကားငယ်များကို နယ်စပ်မှ တင်သွင်း၍ မှတ်ပုံတင်ပြုလုပ်ကြပြီး ထို့နောက် ကညန တွင် အပ်နှံကာ စလစ်ထုတ်ယူပြီး ဂျပန်ကားမော်ဒယ် အမြင့်များကို ပြန်သွင်းနေကြသည့်အတွက် နိုင်ငံတော်အတွက် ရသင့်သည့် အခွန်ဘဏ္ဍာငွေများ မရဘဲ နစ်နာနေကြောင်း သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။ကမ္ဘာကျော် မော်တော်ယာဉ် ကုမ္ပဏီများ အနေဖြင့် ပြည်တွင်း၌ ကားစက်ရုံ တည်ထောင်ထုတ်လုပ်ခွင့် ပြုထားသောကြောင့် ကုမ္ပဏီများစွာမှ ကားအရောင်းပြခန်း အမျိုးမျိုး ဖွင့်လှစ်နေကြပြီး ယခုလို အခြေအနေတွင် ပြည်တွင်းစက်မှုဇုန်ကားများ ဆက်လက်ထုတ်လုပ်ခွင့် ပြုထားခြင်းသည် နိုင်ငံတော် အခွန်ငွေ ထိခိုက်နစ်နာနေသည့်အပြင် အမျိုးသားဂုဏ်သိက္ခာပါ ထိခိုက်ကျဆင်းနေကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးချန်မောင်က စက်မှုဇုန်ထုတ် ယာဉ်များအတွက် ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခ သတ်မှတ်ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့် ငါးလနှင့် ၁၇ ရက်၊ သုံးဘီးယာဉ်များ အနေနှင့် ငါးလကာလသာ ရရှိခဲ့ခြင်းဖြစ်ပြီး စက်မှုဇုန်ထုတ် ယာဉ်များကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁၄ ရက်မှစ၍ အပ်နှံခွင့်ပြုခဲ့ရာတွင် ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ စက်မှုဇုန်ထုတ်ယာဉ် ၂၃၇၄၅ စီး အပ်နှံခဲ့ကြောင်း အဆိုပါ ယာဉ်များတွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်အောက် ယာဉ်အစီးရေ ၁၀၀၀ ကျော်ရှိကြောင်း ရှင်းလင်းတင်ပြသည်။ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အပ်နှံလာသည့် ယာဉ်အို၊ ယာဉ်ဟောင်းများ (နှစ် ၂၀ နှင့် အခြားယာဉ်များ၊ စက်မှုဇုန်ထုတ်ယာဉ်များ) နှင့် ပတ်သက်ပြီး စစ်ဆေးလက်ခံရေး ဆောင်ရွက်လျက်ရှိပြီး ယာဉ်အင်္ဂါရပ်နှင့် ညီညွတ်မှု မရှိသော ယာဉ်များအား လက်ခံဆောင်ရွက်ပေးခြင်း မရှိပါကြောင်းနှင့် တွေ့ရှိချက်အရ စက်မှုဇုန်ထုတ် ယာဉ်များသည် စနစ်တကျ တည်ဆောက်၍ အရည်အသွေးမီသည့် ယာဉ်များနည်းပြီး ပြန်လည်အပ်နှံ၍ ယာဉ်တင်သွင်းခွင့် စလစ်များကို အဓိကထား ထုတ်ယူနေကြသဖြင့် ဇုန်ထုတ်ယာဉ်များ ထပ်မံထုတ်လုပ်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ အလေးထား စိစစ်သင့်ပါကြောင်း စိစစ်တွေ့ရှိရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ တင်ပြချက်အပေါ် ဒုတိယဝန်ကြီး ဦးချန်မောင်က လွှတ်တော်သို့ ရှင်းလင်းပြောကြားသည်။
ဟန်ပြ အတုအယောင် ထုတ်လုပ်နေသည့် စက်မှုဇုန် ကားလုပ်ငန်းများကို အပြီးအပိုင် ဖျက်သိမ်းပေးနိုင်ခြင်း ရှိမရှိ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို မေးခွန်းထုတ်









