NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ဝင်၊ မဝင် ယနေ့ ဆုံးဖြတ်မည်

NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ဝင်၊ မဝင် ယနေ့ ဆုံးဖြတ်မည်
Published 11 July 2015
အောင်ဇော်ထွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် ၁၁ ရက် (ယနေ့) တွင် ပြုလုပ်မည်ဖြစ်ရာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် NLD ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း NLD ပါတီမှ သတင်းရရှိသည်။
 
ရွေးကောက်ပွဲရက်ကြေညာပြီးမှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ မရှိကို ဆုံးဖြတ်မည်ဟု NLD ပါတီခေါင်းဆောင်များက ပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇူ လိုင် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 
NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က “၈ ရက်နေ့တုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာလိုက်တာ ရှိပါတယ်။ ထို့အတူပဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်ရက်မှာ နောက်ဆုံးထားပြီး တင်ရမယ်ဆိုတာလည်း ကြေညာတာလည်း ရှိပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစည်းအဝေးလုပ်ဖို့ တိုင်ပင်ဆွေးနွေးဖို့ လိုလာတာပေါ့။ ဆုံးဖြတ်ချက်တွေ ရှိမှာပေါ့”ဟု  ပြောကြားသည်။
 
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း “မနက်ဖြန် ကျွန်တော်တို့ ကြေညာတာ ထုတ်ပြန်တာ လုပ် မလုပ်ဆိုတာ အစည်းအဝေးပြီးမှပဲ ပြောနိုင်မှာ။ အချိန်မီရင်တော့ ထုတ်နိုင်ပါလိမ့်မယ် ထင်တယ်” ဟု ဇူလိုင် ၁၀ ရက်တွင် ပြောကြားသည်။
 
အဆိုပါ  အစည်းအဝေးအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
NLD ပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများ ဆောင်ရွက်မည်ဆိုသည့် ရည်မှန်းချက်များ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
 
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့သော်လည်း လွှတ်တော်တွင် NLD ပါတီ၏ အမတ်ဦးရေ မှာ ၄၅ ဦးသာရှိသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကိစ္စမှာ  အားနည်းခဲ့ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်မှုမရခဲ့ပေ။ 
 
“လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အင်အားက ၄၅ ယောက်ပဲ ရှိပါတယ်။ ရှိတာက လူခြောက်ရာကျော်လောက် ရှိတာပေါ့။ ရာခိုင်နှုန်းနဲ့တွက်ရင် အများကြီးနည်းတာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့က လွှတ်တော်ထဲမှာဆိုရင် တော်တော်အားနည်းတဲ့ အနေအထားရှိတာပေါ့။ အဲဒီတော့ ဒါတွေ ပြန်ကြည့်လိုက်မယ်ဆိုရင် ဘာကိုမြင်သာလဲဆိုတော့ ကျွန်တော်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားသော်ငြားလည်း ကျွန်တော်တို့က လွှတ်တော်ထဲမှာ လုံလောက်တဲ့ အင်အားမရဘူး။ ဒါ ဘာလို့မရလဲဆိုရင် ကျွန်တော်တို့ ကိုယ်၌ကိုယ်က ဆယ့်ပုံတစ်ပုံ အင်အားပဲရှိနေလို့ပါ။ ဒါပြီးရင် နောက်ထပ် မပြင်တော့ဘူးလားဆိုတော့ ဒီလိုမဟုတ်ပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးက တိုင်းပြည်အတွက် မပြင်ဆင်ရင် မဖြစ်တဲ့အတွက် ကျွန်တော်တို့က မဖြစ်မနေကြိုးစားဦးမှာပါ။ ပြည်သူလူထုကလည်း ကျွန်တော်တို့ တကယ် လက်တွေ့ဖြစ်ပေါ်နေတာကို သင်ခန်းစာယူပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဖွဲ့စည်းပုံပြင်ဆင်နိုင်တဲ့အထိ ကြိုးပမ်းဆောင်ရွက်ပေးမယ်ဆိုရင် ကျွန်တော်တို့ ပြင်ဆင်သွားနိုင်မှာပါ” ဟု ဦး ထွန်းထွန်းဟိန်က ပြောကြားသည်။
 

Most Read

Most Recent