၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲများအဖြစ် ကျင်းပနိုင်စေဖို့ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း ဇူလိုင် ၉ ရက်က ပြည်သူများသို့ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားသည်။သမ္မတဦးသိန်းစိန်က "နိုင်ငံရေးပါတီတွေအနေနဲ့ကလည်း ရွေးကောက်ပွဲနည်းလမ်းကသာလျှင် အဖြေမှန်ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်ကို ဖော်ထုတ်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အခုလိုလက်တွေ့ကျတဲ့ နိုင်ငံရေးရွေးချယ်မှုတွေနဲ့အတူ ပြည်သူတွေကိုလမ်းပြပေးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမားမှုတွေက နိုင်ငံရေးတည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံးသော အရပ်သားအစိုးရတာဝန်ကိုယူရတဲ့အချိန်မှာ ကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများမှာ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများအဖြစ် ကျင်းပနိုင်စေဖို့ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ကတိပြုအပ်ပါတယ်" ဟုပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် ခေတ်ကာလနှင့်အညီ နိုင်ငံရေးဖြစ်ထွန်းမှုများနှင့်အညီ အချိန်အခါအလိုက် ပြင်ဆင်ရေးသားသွားရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်များ ပါဝင်လာဦးမည်ဟု ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်းတွင်ပါရှိသည့် ပုဒ်မများ ပြင်ဆင်နိုင်ရေးနှင့်ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေး၍ မဲခွဲဆုံးဖြတ်မှုများပြုလုပ်ခဲ့ရာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်အများအပြားက ပြင်ဆင်ရန်ထောက်ခံဆွေးနွေးခဲ့သော်လည်း ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မပြင်ဆင်ဘဲ မူလအတိုင်းထားရှိရန် ဆွေးနွေးဆောင်ရွက်ခဲ့သောကြောင့် ပုဒ်မ ၅၉ (ဃ) ပါ "စစ်ရေး" စကားရပ်အစား "ကာကွယ်ရေး" စကားရပ် ပြင်ဆင်ချက်မှလွဲ၍ ပြင်ဆင်ရေးပုဒ်မများကို ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပေ။ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် စတင်ကြိုးပမ်းခြင်းသည်သာပင်လျှင် မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံရေးအရွေ့တစ်ခုဖြစ်ကြောင်းနှင့် ငြင်းခုံမှုများရှိသော်လည်း နိုင်ငံရေးတည်ငြိမ်မှုကို တစ်စုံတစ်ရာထိခိုက်မည်မဟုတ်ဟုယူဆကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။အနည်းငယ်သာဖြေလျှော့ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား တပ်မတော်၏ထောက်ခံမှုမရရှိသဖြင့် ပြင်ဆင်နိုင်ခြင်းမရှိခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားခဲ့ကြပြီး ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးမအောင်မြင်ခဲ့ခြင်းသည် တိုင်းရင်းသားများနှင့်ဆွေးနွေးသည့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးပိုမိုဝေးသွားစေနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးခေါင်းဆောင်များက ပြောကြားထားသည်။နိုင်ငံတော်သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ယခင်ကမရခဲ့ဖူးသေးသည့် လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးပြဿနာများဖြစ်သောကြောင့် နိုင်ငံရေးနည်းလမ်းနှင့်သာ အဖြေရှာဆွေးနွေးရန်နှင့် တိုင်းရင်းသားများ၏ တန်းတူရည်တူရှိမှုအတွက် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို ဝိုင်းဝန်းတည်ဆောက်ရေးဆိုသည့် နိုင်ငံရေးအခြေခံမူနှစ်ခုကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များအကြား အကြိမ်ပေါင်းများစွာ အကျေအလည်ဆွေးနွေးပြီး သဘောတူညီချက်ရရှိထားပြီးဖြစ်သည်ဟု ပြောကြားသည်။
သန့်ရှင်းလွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရန် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန်ကတိပြု