ရွှေပြည်တော် မျှော်တိုင်းဝေး

ရွှေပြည်တော် မျှော်တိုင်းဝေး
Published 5 July 2015
နီမင်းဆွေ

‘ငြိမ်းချမ်းရေးဆိုတာ အင်မတန်မှ အလှမ်းကွာဝေးတဲ့ခရီးကို လျှောက်လှမ်းရတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းကို ရှာဖွေကြံဆပြီး လျှောက်လှမ်းမယ်ဆိုရင်တော့ ဘယ်လောက်ပဲ ကွာဝေးပါစေ ဒီခရီးကို ရောက်နိုင်ပါတယ်’ ဆိုတဲ့ ဆိုစကား ရှိပါတယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်းကို လက်ကိုင်ပြုဖို့ ဆိုတာကတော့ တခြားဘာကိုမှ ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ စာနာတရားကို အရင်းခံပြုဖို့ပဲ ဆိုလိုတာပါ။ ရှေးယခင် အခါတုန်းကတော့ တောင်အာရှတိုက်ဒေသမှာ စာနာတရားဆိုတာ ရှားပါးပစ္စည်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုလိုနီနယ်ချဲ့ ဗြိတိသျှတွေဟာ အိန္ဒိယနဲ့ မြန်မာလူမျိုးတွေ အပေါ်မှာ စာနာစိတ်ထားဖို့ သတိမရခဲ့ကြလို့ ဖြစ်ပါတယ်။ သတိမရဆို ဒီလူတွေကို သေသေချာချာ လေ့ကျင့်ပေးလိုက်ရင် အစေခံကောင်းတွေ ဖြစ်လာနိုင်တယ် ဆိုတာမျိုးလောက်ကိုသာ အတွေးပေါက်ခဲ့ကြတာကိုး။ အဲဒီအချိန်က ကိုယ်တို့လူမျိုးတွေ အပေါ်မှာ လူလူချင်း စာနာစိတ်မထားဘဲ ကျွန်ပြုခဲ့ကြတဲ့ လူတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအဖွဲ့တစ်ဖွဲ့ မဟုတ်ဘဲ သာမန်စီးပွားရေး ကုမ္ပဏီတစ်ခုသာ ဖြစ်နေတယ် ဆိုတာကိုလည်း အံ့သြဖွယ် တွေ့ရှိရပြန်ပါတယ်။အဲဒီ ကုမ္ပဏီကတော့ ‘အီးအိုင်စီ’ EIC လို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံက ‘အရှေ့အိန္ဒိယ ကုမ္ပဏီ’ East Indian Company ဆိုတာပါပဲ။ အီးအိုင်စီဟာ ၃၁-၁၂-၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလန်ဘုရင်မကြီး အယ်လစ်ဇဘက်ရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတဲ့ အစုရှယ်ယာ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အီးအိုင်စီမှာ အစုရှယ်ယာ ပါသူတွေကတော့ အင်္ဂလိပ် မင်းမျိုးနွယ်ဝင်တွေနဲ့ အင်္ဂလန်က အချမ်းသာဆုံး ကုန်သည်ကြီးတွေ ဖြစ်ကြပါတယ်။ အစိုးရက ဒီကုမ္ပဏီထဲမှာ ရှယ်ယာမပါပါဘူး။ သွယ်ဝိုက်တဲ့နည်းနဲ့ အစိုးရက အီးအိုင်စီကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နာမည်ကောင်းရအောင်သာ အဲဒီလို ပြောတာပါ။ ကုလားကြီးနဲ့ အရာကြီး ဘာမှမထူးသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဟာ အဲဒီကုမ္ပဏီကို ကိုယ်ပိုင်စစ်တပ် တည်ထောင်ခွင့်နဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ကြိုက်သလို စီမံအုပ်ချုပ်ခွင့် ပြုထားပြီးမှ ဗြိတိသျှအစိုးရက ဥပဒေထုတ်ပြီး ကုမ္ပဏီအပေါ်ကနေ အခွန်အတုတ်ကို လိုသလို ကောက်ယူနေခဲ့လို့ပါပဲ။ ၁၇၅၇ ခုနှစ်ကနေ ၁၈၅၇ ခုနှစ်အကြားမှာ တန်ခိုးထွားလာတဲ့ အဲဒီကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ တစ်နိုင်ငံလုံးနဲ့ မြန်မာနိုင်ငံ အောက်ပိုင်းတစ်ဝက်ကို သိမ်းပိုက်ပြီး ကျွန်ပြုခဲ့ပါတယ်။အဲဒီအချိန်က အလွန်တရာမှ အရည်အသွေး မြင့်မားတဲ့ မြန်မာ့ကျွန်းသစ်တွေဟာ ကိုယ်တို့တစ်တွေအတွက် လှပတဲ့ ရွှေသမင်ရဲ့ ဦးချိုနဲ့ အလားသဏ္ဌာန် ဆင်တူခဲ့တယ်လို့ မိတ်ဆွေတစ်ယောက်က တစ်ခါတုန်းက ပြောခဲ့ဖူးတာကို သတိရမိပါတယ်။ စပ်မိလို့ ပြောရမယ် ဆိုရင်တော့ ထိုင်းနိုင်ငံမြောက်ပိုင်း အူထရာဒစ်ပြည်နယ်က သက်တမ်းနှစ်ပေါင်း ၁၅၀၀ ရှိတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကျွန်းပင်ကြီးဟာ ၁၅၄ ပေမြင့်ပြီး လုံးပတ် ၃၃ ပေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော ကမ္ဘာ့အကောင်းဆုံး ကျွန်းသစ်ကတော့ မြန်မာ့ကျွန်းပါပဲ။ မြန်မာ့ကျွန်းကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပဲခူးရိုးမနဲ့ မြန်မာပြည်နေရာ အနှံ့အပြားက ဆင်ခြေလျှော တောင်စောင်းတွေမှာ ကျွန်းကြိုက်တဲ့ မိုးရေချိန် မြေအမျိုးအစား စိုထိုင်းဆနဲ့ အပူချိန်တို့ဟာ ဟန်ချက်ညီညီ ရှိနေကြလို့ပါပဲ။ ဒါ့ကြောင့်လည်း သက်တမ်း နှစ်ပေါင်း ၇၀၀ လောက်ရှိပြီး ယောက်ျားရင့်မကြီးသုံးယောက် လက်ချင်းဆက်ပြီး ဖက်ယူရလောက်အောင် ပင်စည်တုတ်တဲ့ ကျွန်းပင်ကြီးတွေဟာ ရှေးတုန်းက မြန်မာပြည် နေရာအနှံ့အပြားမှာ အမြောက်အမြား ရှိခဲ့ကြတာပဲ ဖြစ်တယ်။ နောက်ပြီး ဒီကနေ့ ကမ္ဘာ့ကျွန်းသစ်ဈေးကွက်ရဲ့ ရာခိုင်နှုန်း ၃၀ ကိုလည်း ကိုယ့်နိုင်ငံကပဲ စိုးမိုးထားတာ မဟုတ်လား။ ဒုတိယကမ္ဘာစစ်ကြီး မပြီးခင်လေးမှာတောင် မော်လမြိုင်နဲ့ သံဖြူဇရပ်အကြား ရထားလမ်းနံဘေးဝဲယာမှာ လူနှစ်ဖက်လောက် ပင်စည်တုတ်တဲ့ ကျွန်းပင်ကြီးတွေ အပြည့်ရှိခဲ့တာဆိုတော့ ကိုယ့်နိုင်ငံဟာ ဘယ်လောက်များ သဘာဝသယံဇာတတွေ ပေါကြွယ်ဝခဲ့မလဲဆိုတာ စဉ်းစားလို့သာ ကြည့်ကြစေချင်ပါတယ်။ ကိုယ့်မိတ်ဆွေ ပြောတာက ‘ရွှေသမင်ဟာ လှပတဲ့ ဦးချိုကြောင့် မုဆိုးရဲ့ လက်ချက်နဲ့ အသက်အန္တရာယ် ဖြစ်ခဲ့ရသလို ဒီကျွန်းသစ်ကြောင့်ပဲ ကျွန်တော်တို့တစ်တွေ ကျွန်မြန်မြန် ဖြစ်ခဲ့ရတာပဲ မဟုတ်လား၊ ခင်ဗျားစဉ်းစားကြည့်၊ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီတုန်းက ဒီလောက်ကောင်းတဲ့ ကျွန်းသစ်တွေ ရှိမနေဘဲ တစ်နိုင်ငံလုံး ခြောက်သယောင်းနေမယ်ဆိုရင် တစ်နည်းအားဖြင့်  အခုလက်ရှိ အခြေအနေလို တောတွေ ပြုန်းတီးနေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံထဲကို ဒီလူတွေ ဒီလောက်မြန်မြန်ဆန်ဆန် ဝင်ရောက်လာကြလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး’ လို့ သူက ပြောခဲ့ပါတယ်။ ဒါကတော့ သူ့အတွေးနဲ့ သူ့အယူအဆသာပါပဲ။အဲဒီ အီးအိုင်စီဟာ ကိုယ်တို့နိုင်ငံနဲ့ အိန္ဒိယနိုင်ငံရဲ့ ကုပ်သွေးတွေကို စုပ်ယူပြီး စည်းစိမ်ယစ်လို့ ကောင်းနေဆဲ အချိန်ဖြစ်တဲ့ ၁၈၅၇ ခုနှစ်မှာ အိန္ဒိယတပ်တွင်း ပုန်ကန်ထကြွမှုကြီး ဖြစ်ပွားလာပါတော့တယ်။ ၁၈၅၈ ခုနှစ်မှာတော့ ဗြိတိသျှအစိုးရက အီးအိုင်စီကို ဖျက်သိမ်းလိုက်ပြီး ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို သိမ်းယူလိုက်ပါပြီ။ ကုမ္ပဏီရဲ့ ကိုယ်ပိုင်စစ်တပ်လည်း အသိမ်းခံရတဲ့အထဲ ပါသွားပြီမို့ ကုမ္ပဏီမှာ လုပ်ပိုင်ခွင့် အာဏာဆိုလို့ ငုတ်တိုလေး တစ်ခုလောက်တောင်မှ မကျန်တော့ဘူးလို့ ဆိုရပါမယ်။ အဲဒီနောက် ၁၉၃၉ ခုနှစ်မှာတော့ ဒုတိယကမ္ဘာစစ်ကြီး စဖြစ်လာတော့တာပါပဲ။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် စစ်ကြီးပြီးသွားတဲ့ အခါမှာ ဗြိတိသျှတွေဟာ သူ့ရဲ့ကိုလိုနီတွေဖြစ်တဲ့ အိန္ဒိယနဲ့ မြန်မာနိုင်ငံကို လက်လွှတ်လိုက်ရပါတော့တယ်။ လက်လွှတ်လိုက်ရတယ် ဆိုပေမယ့်လည်း ဒီနိုင်ငံ နှစ်နိုင်ငံကို ဗြိတိသျှတွေဟာ လွယ်လွယ်နဲ့ မမေ့နိုင်ကြဘူး။ မမေ့နိုင်ဆို အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ သူတို့တစ်တွေဟာ အတော် အနေကြာခဲ့ကြတာကိုး။အဲဒီလို အိန္ဒိယမှာ အနေကြာခဲ့တဲ့ ဗြိတိသျှစစ်တပ်က ဗိုလ်ကြီး ‘ဆက်စယ်ကေး’ နဲ့ မစ္စစကေးဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ၁၉၀၈ ခုနှစ်မှာ သမီးတစ်ယောက် ဖွားမြင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်စွယ် တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ‘ဆင်းမလား’ ဆိုတဲ့ မြို့လေးမှာပေါ့။ အဲဒီ သမီးလေးရဲ့ နာမည်ဟာ ‘မေရီမာဂရက်ကေး’ လို့ ခေါ်တွင်ပြီး နောင်သောအခါမှာ ‘အမ်အမ်ကေး’ M.M.Kaye ဆိုတဲ့ ကမ္ဘာကျော် စာရေးဆရာမ ဖြစ်လာခဲ့ပါတယ်။ ဆရာမ ကေးဟာ The Far Pavillions ဆိုတဲ့ ဝတ္ထုရှည်ကြီးကို ရေးသားပြီး ၁၉၇၈ ခုနှစ်မှာ ထုတ်ဝေခဲ့ရာမှာ ကမ္ဘာနဲ့တစ်ဝန်း အောင်မြင်မှုကို ရခဲ့ပါတယ်။ အိန္ဒိယမှာ အနေကြာသူ တစ်ယောက်ဖြစ်လို့ အိန္ဒိယသမိုင်းကို နောက်ခံထားပြီး ရှုမျှော်ခင်းတွေ သဘာဝကျေးငှက် တိရစ္ဆာန်တွေ လူတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ လူနေမှုစရိုက်တွေကို ရေးဖွဲ့ရာမှာ မှတ်တမ်းရုပ်ရှင်ကား တစ်ကားကို ကြည့်ကြည့်ပြီး ရေးများနေလေသလားလို့ အောက်မေ့ယူရလောက်အောင် အသေးစိတ် ရေးဖွဲ့နိုင်တာကို တွေ့ရပါတယ်။ ဒါတင် မကသေးပါဘူး။ ဆရာမကေးဟာ စွန့်စားခန်းတွေ လျှို့ဝှက်သဲဖိုတွေ လူမှုရေးနဲ့ စစ်ပွဲတွေကို ရောပြွမ်းပြီး ဆွတ်ပျံ့လွမ်းမောဖွယ် မေတ္တာဇာတ်လမ်းတစ်ပုဒ်ကို ရေးဖွဲ့ခြယ်မှုန်းခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာ အင်မတန်မှ လက်ရာမြောက်လွန်းလို့ စာဖတ်ပရိသတ် အနေနဲ့ သူ့ဝတ္ထုကို ဖတ်ရတာဟာ ဆာလောင်နေတဲ့ အချိန်မှာ ရသာစုံ ထမင်းပွဲကြီးကို သုံးဆောင်လိုက်ရသလို ဖြစ်ကြရပါတယ်။ ဒီဝတ္ထုကို ၁၉၈၄ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာမှာလည်း အောင်မြင်ကျော်ကြားခဲ့ပါတယ်။ အောင်မြင်ဆို ဇာတ်လမ်းကလည်း တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေပေသကိုး။အဲဒီ ဇာတ်လမ်းကတော့ ဒီလိုပါ။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ‘အက်ရှ်’ ခေါ် ‘အက်ရှ်တန်ပယ်လ်ဟမ်မာတင်’ (Ashton Pelham Martyn) ဟာ ဟိမဝန္တာတောင်ကြားဒေသမှာ လှည့်လည်သွားလာပြီး စူးစမ်းရှာဖွေနေတဲ့ ဗြိတိသျှလူမျိုး ရုက္ခဗေဒ ပါမောက္ခတစ်ဦးရဲ့သား ဖြစ်ပါတယ်။ အက်ရှ်ဟာ ဟိမဝန္တာ တောင်ပေါ်ဒေသတစ်ခုမှာပဲ ဖွားမြင်ပြီး မိခင်ဖြစ်သူဟာ အက်ရှ်ကို မွေးပြီးပြီးချင်း ကွယ်လွန်သွားခဲ့ပါတယ်။ ဒါ့ကြောင့်မို့ အက်ရှ်ကို သူ့အဖေရဲ့ မြင်းထိန်းသမား ‘ဒါယာရန်း’ ရဲ့ဇနီး ‘သီတာ’ က နို့တိုက်ပြီး မွေးခဲ့ရပါတယ်။ နောက်လေးနှစ်အကြာ အက်ရှ်ရဲ့ဖခင်ဟာလည်း ကွယ်လွန်သွားခဲ့လို့ သီတာကပဲ ဆက်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။ ဒါ့ကြောင့် အက်ရှ်ဟာ သူ့ရဲ့ မိဘရင်းတွေကို မေ့သွားပြီး သူ့ကိုယ်သူ ဟိန္ဒူဘာသာကို ကိုးကွယ်တဲ့ အိန္ဒိယလူမျိုး တစ်ယောက်လို့ အထင်ရှိလာခဲ့ပါတယ်။ သီတာလည်း အက်ရှ်ကို အက်ရှ်ရဲ့ ဆွေမျိုးတွေရှိရာ ဒေလီက ဗြိတိသျှ တပ်စခန်းကို ရောက်အောင်ပို့ပေးဖို့ ကြိုးစားရှာပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှလို့ ၁၈၅၇ ခုနှစ်မှာ အိန္ဒိယတပ်တွင်း ပုန်ကန်မှုကြီး ဖြစ်ပေါ်လာပါတယ်။ သူပုန်တွေဟာ အင်္ဂလိပ်သွေးပါတဲ့ သူတွေကို လိုက်လံသတ်ဖြတ်နေလို့ သီတာဟာ ဒေလီမြို့ထဲကို ရောက်ခဲ့ပြီးကာမှ အန္တရာယ်က လွတ်ကင်းအောင် မူလ အစီအစဉ်ကို ဖျက်လိုက်ရပြီး နိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်တန်း တစ်ခုပေါ်က ‘ဂူးလ်ကုတ်’ ဆိုတဲ့ ဒေသဆီကို နှစ်ယောက်သား ထွက်ခွာလာခဲ့ကြပါတယ်။ ဂူးလ်ကုတ်မြို့လေးကို ရောက်တဲ့အခါ သူတို့နှစ်ယောက်ဟာ မဟာရာဂျာရဲ့ ‘လေညင်းသာ ဟော်နန်း’ ကြီးထဲကို ရောက်သွားကြပါတယ်။ ဟော်နန်းထဲမှာ သီတာက အစေအပါးအဖြစ်နဲ့ အက်ရှ်ကတော့ မြင်းထိန်းအဖြစ်နဲ့ အလုပ်ရပါတယ်။ နောက်မကြာခင်မှာ အက်ရှ်ဟာ စော်ဘွားရဲ့ မဟာဒေဝီတစ်ဦးက မွေးတဲ့ ‘ဂျူလီ’ ဆိုတဲ့ ကလေးမလေးနဲ့ ကစားဖော်ကစားဖက် ဖြစ်သွားပြီး တစ်ဦးနဲ့တစ်ဦး သံယောဇဉ် ဖြစ်သွားကြပါတယ်။The Far Pavillions ဝတ္ထုရှည်ကြီးကို ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ ဆိုတဲ့ နာမည်နဲ့ ဆရာကြီး မြသန်းတင့်က ဘာသာပြန်ခဲ့ဖူးပါတယ်။ ဒီစာကို ရေးနေရင်း ဆရာ့ကို လွမ်းဆွတ်သတိရမိတာနဲ့ အခုဆောင်းပါးရဲ့ ခေါင်းစဉ်ကိုလည်း ဒီနာမည်ကိုပဲ ရွေးလိုက်မိပါတယ်။ ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ ဆိုတာ ပခန်းမင်းသားကြီး ရေးစပ်ခဲ့တဲ့ အောင်မြေသာစံ အစချီတဲ့ ‘တောင်လားပတ်ပျိုးလတ်’ ထဲက သီချင်းစာသား ဖြစ်ပါတယ်။ ‘ညိုမှောင်ဝါသွေး၊ တိမ်စွယ်ရိပ်ကယ်ကမှေး၊ ရွှေပြည်တော် မျှော်တိုင်းဝေး..’ ဆိုတဲ့ စာသားထဲက ယူထားတာပဲ ဖြစ်ပါတယ်။ပခန်းမင်းသားကြီးဟာ ခမည်းတော် ဘိုးတော်ဘုရားရဲ့ ရာဇဒဏ် အမျက်သင့်လို့ အထက်အညာဒေသဆီကို အပို့ခံခဲ့ရာမှာ သူရောက်နေတဲ့ ဒေသရဲ့ ရေမြေသဘာ၀ အလှကို တောင်လားပတ်ပျိုးလတ်အဖြစ် ရေးစပ်သီဖွဲ့ခဲ့မိပါတယ်။ နောက်ပြီး အဲဒီ တောင်လားပတ်ပျိုးလတ်ကို ခမည်းတော်ဆီ ပို့ပေးလိုက်ရာမှာ ခမည်းတော် အမျက်ပြေသွားတဲ့အတွက် မင်းသားကြီးဟာ ရွှေပြည်တော်ကို ပြန်လည်ခေါ်ယူတာ ခံခဲ့ရပါတယ်။The Far Pavillions ဝတ္ထုကြီးထဲက အက်ရှ်နဲ့ ဂျူလီတို့ရဲ့ ဘဝဟာလည်း ပခန်းမင်းသားကြီးရဲ့ ဖြစ်စဉ်လိုပဲ လွမ်းမောဖွယ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ပခန်းမင်းသားကြီးရဲ့ ရွှေပြည်တော်ဟာ သူနဲ့ ခေတ္တခဏသာ ဝေးကွာခဲ့ရတာမို့လို့ မင်းသားကြီးဟာ ပတ်ပျိုးရေးစပ်ရကျိုးနပ်ပြီး ကံကောင်းသွားတယ်လို့ ဆိုရပါမယ်။ ဒီလိုပါပဲ အက်ရှ်နဲ့ ဂျူလီတို့နှစ်ဦး လူလားမြောက်လာတဲ့ အခါမှာ သူတို့နဲ့ ရွှေပြည်တော်ဟာလည်း မျှော်တိုင်းမဝေးဘဲ ပခန်းမင်းသားကြီးလိုပဲ သူတို့နှစ်ဦးဟာ ကံကောင်းခဲ့လေသလား ကံမကောင်းခဲ့ဘူးလား ဆိုတာနဲ့ နစ်နာချက်တွေ အများကြီး ရှိနေတဲ့ အိန္ဒိယပြည်သူတွေဟာ ဗြိတိသျှ အစိုးရရဲ့ မတရား ဗိုလ်ကျမှုတွေကို ဒီလိုပဲ ခေါင်းငုံ့ခံနေခဲ့ကြသလား ဆိုတာတွေကို စာဖတ်ပရိသတ်ကြီး သိရအောင် သိပ်များမကြာခင်မှာ ဆက်ပြီးပြောပြပေးဦးမှ ဖြစ်မှာလို့လည်း တွေးလိုက်မိပါတယ်။

Most Read

Most Recent