အသည်းကြားက မဲတစ်ပြား

အသည်းကြားက မဲတစ်ပြား
Published 29 June 2015
ဘစံကောက်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့တာ ခုဆိုငါးနှစ်သက်တမ်း ပြည့်တော့မှာပါ။ ပထမအကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပါတီက အစိုးရဖွဲ့ပြီး နိုင်ငံတော်ကို ဦးဆောင်လာခဲ့တာလည်း ငါးနှစ်ပြည့်လုနီးပါး ဆိုပါတော့။
သတင်းစာတချို့မှာလည်း “ရွေးကောက်ပွဲကျင်းပရန် လေးလကျော်သာ လိုတော့သည်” ဆိုပြီး တစ်ဆက် တည်းမှာလည်း မဲစာရင်းတွင် သင့် အမည် ပါ၊ မပါ စစ်ဆေးပါလို့ သတိပေးစာတမ်းလေး ထည့်သွင်းဖော်ပြ ပေးနေတာ သတိထားမိပါတယ်။ ပြောရရင် ရွေးကောက်ပွဲဆိုတာ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီရဲ့ ရင်ထဲက ဆန္ဒသဘောထား အမှန်ကို ကောက်ယူတာပါပဲ။ ဒီကနေပြီးမှ ဆန္ဒသဘောထားတူရာ လူအများစုရဲ့ လိုအင်ဆန္ဒကို လူအနည်းစုက လေးစားလိုက်နာပြီး လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြတယ်။
ဒီနေရာမှာ ပြောချင်တာက မိမိရင်ထဲက မှတ်ချက်ပြုတဲ့ ဆန္ဒသဘောထား အမှန်ပါပဲ။ နိုင်ငံနဲ့ လူမျိုးနဲ့ချီပြီး အရေးတကြီး ဆုံးဖြတ်ရမယ့် ကိစ္စတွေမှာ မိမိကိုယ်တိုင်ကလည်း ပါဝင်ပြီး သဘောထားမှတ်ချက်ပေး ရတယ်ဆိုတဲ့ ကိစ္စက တွေးကြည့်ရင် နိုင်ငံတည်ဆောက်ရေးမှာ မိမိကိုယ်တိုင်သော်လည်း နိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်ယူတတ်မှု ရှိတယ်ဆိုတာကို ဖော်ပြရာ ရောက်ပါတယ်။ ဒါ့အပြင်လည်း မိမိပေးတဲ့ မဲတစ်ပြားဟာ နိုင်ငံရဲ့ အကောင်းအဆိုး လူမျိုးရဲ့ အကျိုးစီးပွားရေးကို ဖော်ဆောင်တဲ့နေရာမှာ အဆုံးအဖြတ်ဖြစ်နိုင်တယ် ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။
ဒီလိုဖြစ်လို့ဆိုရင် ကျွန်တော်တို့ နိုင်ငံသားအားလုံးဟာ နိုင်ငံရေး အသိအမြင် ကြွယ်ဝဖို့ လိုပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် နိုးကြားတက်ကြွနေဖို့ လိုပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အလိမ်အညာ အလှည့်အပတ် မခံရအောင် ပကတိ အခြေအနေမှန်ကို သိမြင်နားလည်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကိုယ်ပေးခွင့်ရတဲ့ မဲတစ်ပြားဟာ ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးဖို့အတွက် သက်သက် ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရေးမှာ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ “ကိုယ်နဲ့ထိုက်တန်သော အစိုးရကိုသာ ကိုယ်ရလိမ့်မည်” ဆိုတဲ့ စကားပါပဲ။ ဒါကိုကြည့်ရင် ကိုယ်ပေးလိုက်တဲ့ မဲကြောင့်တက်လာတဲ့ အစိုးရဟာ ကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရပါပဲ။ အဲဒီအစိုးရအဖွဲ့ မကောင်းရင်လည်း ကိုယ်ပဲခံရမှာဖြစ်သလို သူတို့ကောင်းခဲ့ရင်လည်း ပြည်သူက စံရမှာပါ။ သူတို့ကောင်းတယ်၊ မကောင်းဘူး ဆိုလာလည်း မဲပေးပြီး မရွေးခင်ကတည်းက ပြည်သူက သိနေပြီးသားပါ။ ဒီလိုသိပါလျက်နဲ့ ဘယ်အစိုးရတက်တက် ဘယ်သူတွေပဲ အာဏာရရ ငါတို့ကတော့ ကိုယ့်ထမင်း ကိုယ်ရှာစား နေရတာပါ။ မထူးပါဘူးလို့ ဆိုကြသူတွေလည်း ရှိပါသေးတယ်။
အမှန်တော့ နိုင်ငံရေးနဲ့ပတ်သက်လို့ အသိအမြင် နည်းပါးလို့သာ ပြောကြတာပါ။ ကျွန်တော်တို့ နိုင်ငံက ၁၉၆၂ ခုနှစ်ကစပြီး နိုင်ငံရေးမှာ ပြည်သူတွေပါဝင်ခွင့် ဆုံးရှုံးလာခဲ့ရာကနေပြီး တောက်လျှောက် ပြည်သူတွေဟာ နိုင်ငံရေးနဲ့ ကင်းကွာလာခဲ့ရတာ ၂၀၁၀ ပြည့်နှစ်ရောက်တဲ့အထိ အောင်ပါပဲ။ နိုင်ငံရေးလို့ ပြောလိုက်ရင် လူတိုင်းရဲ့ မျက်စိထဲမှာ ထောင်ကိုသာ ပြေးမြင်မိပြီး ကိုယ်အပါအဝင် မိသားစု ဒုက္ခရောက်နိုင်တယ် ဆိုတဲ့အတွေးနဲ့ လက်ရှောင်လာခဲ့ကြရာက နိုင်ငံရေးမှာ နိုးကြားတက်ကြွတဲ့ ဆန္ဒသဘောထား ရှိသူတွေလည်း တစ်စတစ်စ နည်းလာခဲ့ပါတယ်။

မော်လမြိုင်မြို့နယ် ကွင်းရပ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း ကြည့်ရှုနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ - မောင်မောင်ရွှေမြိုင်)
အဲဒီစိတ်က အရင်းခံပြီး ရွေးကောက်ပွဲတွေ အပေါ်မှာလည်း စိတ်ဝင်စားမှု လျော့ကျလာခဲ့တာကို အခွင့်ကောင်းယူပြီး ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မဲဆန္ဒရှင်စာရင်း လိမ်ညာဖော်ပြမှု တွေနဲ့အတူ နိုင်ငံရေး အစမကောင်းခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ စာရေးသူဆိုရင် ဘယ်မဲဆန္ဒနယ်မှာ ကိုယ့်အမည်စာရင်း ပါနေတယ်ဆိုတာ အတော်ကိုပဲလိုက်ပြီး စုံစမ်းရပါတယ်။ စုံစမ်းလို့သိပြီး မဲပေးဖို့ သွားတော့လည်း မဲရုံကတစ်နေရာ မဲပေးခွင့်သက်သေခံစလစ် ထုတ်ပေးတဲ့နေရာက တစ်နေရာမို့ အဲဒီစလစ် ရဖို့အတွက် အရန်သင့် ရှိမနေပြန်ပါဘူး။ အဲဒီစလစ်ကို သူ့အိတ်ထဲထည့်ပြီး လျှောက်သွားနေလို့ စောင့်လိုက်ရတာ တမေ့တမော။ မဲရုံကို ရောက်ပြန်တော့လည်း ကိုယ်မကြားဖူးတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်မသိတဲ့ ကိုယ်စားလှယ်လောင်း အမည်တွေကိုကြည့်ပြီး ခေါင်းစားရပြန်ပါတယ်။
ကိုယ်ကြားဖူးတဲ့ နိုင်ငံရေးပါတီနဲ့ ကိုယ်သိတဲ့ ကိုယ်စားလှယ်ဆိုလို့ တစ်ပါတီနဲ့ တစ်ယောက်ပဲရှိတယ်။ ဒါကလည်း နိုင်ငံရေးပါတီတွေရဲ့ အားနည်းချက်လို့ ဆိုရပါလိမ့်မယ်။ ပါတီတွေတောင် ရွေးကောက်ပွဲ ဝင်နေပေမယ့် ကိုယ့်ပါတီရဲ့ ရပ်တည်ချက် သဘောထားနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို သတင်းစာမှာ တစ်ခါလောက် ဖော်ပြပြီးတာနဲ့ တာဝန်ကျေပြီ သဘောထားပြီး ရွေးကောက်ပွဲဝင်ကြ တော့တာပါပဲ။ ဒီတော့လည်း စာဖတ်အားနည်းတဲ့ မြန်မာနိုင်ငံမှာ ရပ်တည်ချက် သဘောထားမှန်ကန်ပြီး အရည်အချင်း ကောင်းတွေရှိပေမယ့် မဲရဖို့ကတော့ မလွယ်ပါဘူး။ ကျွန်တော့် အမြင်အားဖြင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပါတီကြီးနှစ်ခုသာ အဓိကထား ယှဉ်ပြိုင်ရမှာ သေချာပါတယ်။
လက်ရှိအနေအထားအရလည်း ပါတီကြီးနှစ်ခုက ရွေးကောက်ပွဲအတွက် အသေအချာ ပြင်ဆင်ပြီး ပြည်သူတွေ ကြားထဲအထိ ရောက်အောင် စည်းရုံးလှုံ့ဆော် နိုင်တာလည်း တွေ့ရပါတယ်။ ပြောရရင် ပြည်သူတွေက အပြောင်းအလဲကို အများကြီး မျှော်လင့်ပြီး ဖြစ်စေချင် နေကြတာလည်း ကြာပါပြီ။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ တက်လာတဲ့ အစိုးရခမျာလည်း ယခင်အစိုးရ အဆက်ဆက်က ချမှတ်လုပ်ဆောင်ခဲ့တဲ့ မူဝါဒအမှားတွေ မအောင်မြင်တဲ့ စီမံကိန်းတွေ ပြည်သူတွေအတွက် အကျိုးမဖြစ်ထွန်းတဲ့ လုပ်ငန်းဖော်ဆောင် ချက်တွေကို တာဝန်ခံပြီး ဖြေရှင်းနေရတာနဲ့ပဲ ငါးနှစ်သက်တမ်းမှာ ထင်သလောက် ခရီးမရောက်တာ တွေ့ရပေမယ့် လုံးလုံးကြီး ခရီးမတွင်တာတော့လည်း မဟုတ်ပါဘူး။
ပြည်သူ့ဆန္ဒတွေ ထုတ်ဖော်ခွင့်ရတယ်။ မီဒီယာလွတ်လပ်ခွင့်လည်း ရှိသင့်သလောက် ရှိလာတယ်။ လွှတ်တော်ရဲ့ ဆန္ဒသဘောထား မှတ်ချက်တွေကို အလေးတယူပြုပြီး ထိုက်သင့်သလောက် ပြုပြင်လာတာ။ တချို့နေရာတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်းကျတဲ့ ရပ်တည်မှုတွေကို ရဲရဲတင်းတင်း လုပ်ဆောင်လာတာ တွေဟာ အစမကောင်း ခဲ့သော်ငြားလည်း အနှောင်းသေချာဖို့အတွက် တိုးတက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ မြင်လာရလို့ပါပဲ။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မယ်။ ဘယ်ကိုယ်စားလှယ်တွေ ဝင်ရောက်အရွေးခံမယ်ဆိုတာ မကြာခင်မှာ ကျွန်တော်တို့ဆီ လာရတော့မှာပါ။ ဘယ်သူတွေပဲ ရွေးကောက်ခံသည်ဖြစ်စေ ကျွန်တော်တို့က သူတို့တွေရဲ့ အရည်အချင်း၊ သူတို့တိုင်းပြည်အပေါ်မှာ ထားရှိတဲ့ စေတနာ၊ သူတို့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတဲ့ အတွေ့အကြုံ ရှိမှုတွေကိုသာ ဦးစားပေးပြီး ရွေးချယ်သင့်ပါတယ်။ ကိုယ်က ဒီပါတီကို ကြိုက်တယ်။ ဒါပေမဲ့ ကိုယ့်နယ်မှာ အမည်ပေါက်နေတဲ့ ကိုယ်စားလှယ်က ဘာအရည်အချင်းမှ မရှိတဲ့ ကိုယ်ကျိုးရှာသမား ဖြစ်နေရင် ဒါမှမဟုတ် ကိုယ်က အဲဒီပါတီကိုတော့ တစ်စက်မှ မကြိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်နယ်မှာ အရွေးခံမယ့် ပြည်သူ့ကိုယ်စားလှယ်ဟာ တကယ်အရည်အချင်းရှိပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတဲ့သူ၊ အတ္တကင်းကင်းနဲ့ စေတနာထားပြီး ဒေသကောင်းကျိုးကို ဖော်ဆောင်နိုင်တဲ့သူ အမှန်ဖြစ်နေရင် ကျွန်တော်တို့ ဘယ်သူ့ကို မဲပေးကြမှာလဲ။
“တိုင်းပြည်ထက်တော့ ဘယ်သူကမှ ပိုပြီး မကြီးမြတ်နိုင်ပါဘူး” ဆိုတဲ့ စကားလေးတစ်ခွန်း ကြားဖူးပါတယ်။ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ စိတ်စေတနာနဲ့ အမြော်အမြင်ကြီးမှု ကောင်းမွန်တဲ့ လုပ်ရပ်တွေဟာ သူ့ကိုယ်သူ ဂုဏ်ရှိတာထက် တိုင်းပြည်ကို ပိုပြီးအကျိုးရှိစေနိုင်တာမို့ သူကတိုင်းပြည်ရဲ့ သားကောင်သာလျှင် ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ရဲ့ မိဘတော့ မဖြစ်နိုင်ပါဘူး။ ပြည်သူရဲ့ ဖခင် မိခင်တော့ဖြင့် ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ဆိုတာ ဒါလောက်အရေးပါပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်ကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်မယ်။ ပြည်သူတွေရဲ့ ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင် စားသောက်မှုကို အပြည့်အ၀ တာဝန်ယူနိုင်မယ့်သူမှန်ရင် ကျွန်တော်တို့ သူ့ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။
မကြာခင် ကျွန်တော်တို့ရဲ့ လက်ထဲကို မဲပြားတစ်ပြား ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ်တိုင်က တိုင်းပြည်မျက်နှာ တစ်ခုတည်းကိုသာကြည့်ပြီး မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့ရင် အဲဒီမဲပြားဟာ ပြည်သူတွေ ပြောနေတဲ့ အသည်းကြားက မဲတစ်ပြားဖြစ်မှာ အမှန်ပါပဲ။ ဒီလိုမှမဟုတ်ဘဲ ကိုယ်အနေ ချောင်ရုံ အစားချောင်ရုံ သာမန်ကာ လျှံကာ တော်ရိလျော်ရိ သဘောထားပြီး ပေးခဲ့မယ်ဆိုရင်တော့ အဲဒီမဲပြားက အလွဲအမှားနဲ့ မဲတစ်ပြား ဖြစ်သွားလိမ့်မယ်ဆိုတာ သတိချပ်ကြဖို့တော့ လိုမှာအမှန်ပါပဲ။