ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သူတို့၏ အသံများ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သူတို့၏ အသံများ
Published 25 June 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလျက်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးနယ်ပယ်မှ လူပုဂ္ဂိုလ်အချို့၏ သုံးသပ်ချက်များအား ဖော်ပြလိုက်ပါသည်။■  ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီ)မနေ့က လွှတ်တော်မှာ တပ်မတော်သားတွေရဲ့ ဆွေးနွေးချက်တွေကို ကျွန်တော်တို့ တီဗွီကနေ ကြည့်လိုက်ရပါတယ်။ ဆိုတော့ ဒါက ပထမအကြိမ် မဟုတ်တဲ့အတွက် ကျွန်တော်တို့ အံ့တော့ မအံ့သြတော့ဘူးပေါ့။ အစတုန်းကလည်းပဲ ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒီ ၂၀၀၈ ဖွဲ့စည်းပုံသည် ပြင်စရာမလိုဘူး။ နဂိုအတိုင်းထားရမယ်လို့ အရင်ကတည်းက လွှတ်တော်အတွင်းမှာလည်းပဲ တင်ခဲ့ပြီးပြီ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်းပဲ အင်တာဗျူးတစ်ခုမှာ ဒီ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ပြည်သူတွေက ၉၂ ဒသမ ဘယ်လောက်နဲ့ အတည်ပြုထားတဲ့ အတွက်ကြောင့် ပြင်ဖို့မလိုဘူးလို့ ပြောတယ်။ နောက် နေပြည်တော်မှာ သမ္မတရဲ့ ဖိတ်ကြားချက်အရ တွေ့ကြတဲ့ ဆုံကြတဲ့ အခါမှာလည်း ကာကွယ်ရေးဦးစီးချုပ်က ပြောတာက သူ့အနေနဲ့ ဒီဖွဲ့စည်းပုံကို မပြင်ဘူးလို့ ပြောတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း ပြင်ပါလို့ပြောတယ်။ အဲတော့ ဒါတွေကို အရင်ကတည်းက ကျွန်တော်တို့ ကြားပြီးသား၊ သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်းမှာ ပြင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုများသည် အရာထင်လိမ့်မယ် မဟုတ်ဘူးလို့ အန်ကယ်တို့ အကြိမ်ကြိမ် မီဒီယာကနေတစ်ဆင့် မေးမြန်းတဲ့အခါမှာ ဖြေကြားခဲ့ပြီးပြီ။ ဘာကြောင့်လဲဆိုတော့ အခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် ၇၅ ရာခိုင်နှုန်းကျော်ကနေ ထောက်ခံရမယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်းပဲ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၅၀ ကျော် ရာခိုင်နှုန်းက ထောက်ခံမှ ပြင်ဆင်လို့ရမယ်ဆိုတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကိုယ်စားလှယ်များ မပါဘဲနဲ့ ဒီဖွဲ့စည်းပုံကို ပြင်လို့မရဘူးဆိုတာက ထင်ရှားတယ်။ ဒီတော့ တပ်မတော်ကိုယ်စားလှယ်များ အနေနဲ့ရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ရော ဒီဖွဲ့စည်းပုံကို အခုအချိန်မှာ ပြင်ဖို့မလိုဘူး။ မပြင်သင့်ဘူး။ နဂိုအတိုင်းပဲ ထားရမယ်လို့ ပြောတာတွေကို ကျွန်တော်တို့ ကြားခဲ့ပြီးပြီ။ အခုလည်းထပ်ပြီးတော့ ကြားရတော့မှာ။ ဟုတ်ပါတယ်။ ဒီဖွဲ့စည်းပုံကို တပ်မတော် ကိုယ်စားလှယ်များ သဘောမတူရင် ပြင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှု မရှိရင် ပြင်လို့မရဘူးဆိုတာ သေချာတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှဖြစ်မယ်။ မပြင်ရင်တော့ တိုင်းပြည်ရဲ့ ရှေ့ဆက်မယ့် ခရီးက အဆင်မပြေဘူး ဆိုတာကိုလည်း သုံးသပ်တယ်။ အခုက အဓိကကျတဲ့ ပုဒ်မတွေကို ပြင်နိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူး။ လွှတ်တော်မှာ ပြင်ဆင်ရေးကော်မတီက ပုဒ်မပေါင်း ၂၀၀ လောက်ကို ပြင်ဆင်ဖို့တင်တယ်။ ဗဟိုကော်မတီက ပုဒ်မ ၃၀ လောက်ကိုပဲ ပြင်ဆင်ဖို့ တင်ပြတာမျိုးတွေကို တွေ့ရတယ်။ ဒါသည်ပင်လျှင် တကယ့်တကယ်မှာ တိုင်းပြည်ဟာ လိုအပ်တဲ့ ပြည်သူတွေမျှော်လင့်တဲ့ ကျွန်တော်တို့ မျှော်လင့်တဲ့ ဒီမိုကရေစီရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ တချို့အရေးကြီးတဲ့ အပိုဒ်တွေ၊ ပုဒ်မတွေကို ပြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာက ပိုလို့ သေချာသွားပြီလို့ ပြောချင်တယ်။ ဒါ့အပြင် ၂၀၁၅  ဟိုဘက်မှာလည်းပဲ ဖွဲ့စည်းပုံပြင်ဖို့နဲ့ အဓိက တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ ဆိုတာက မသေချာမရေရာတဲ့ သဘောမှာ ရှိတယ်လို့ ပြောချင်ပါတယ်။ 
■  ကိုထင်ကျော်အေး (လွှတ်တော်လေ့လာစောင့်ကြည့်ရေး - ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့/လက်ထောက်ဒါရိုက်တာ)“ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပထမနေ့ ဆွေးနွေးချက်တွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့ အပိုင်းသုံးပိုင်း သွားခွဲတာတွေ့ရတယ်။ အဓိက ၅၉ (စ) နဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ နောက် ပုဒ်မ ၄၃၆ (က) နဲ့ပတ်သက်ပြီးတော့ အဓိက ဆွေးနွေးတယ်။ နောက်တစ်ခုက ဒီသမ္မတနဲ့ ဒုသမ္မတလောင်းဟာ ဒီလွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ရမယ်ဆိုတဲ့ အပိုင်းကို ဆွေးနွေးတယ်။ အဲဒီ့ သုံးခုထဲမှာဆိုရင် ပြင်ဆင်ဖို့ အလားအလာ အများဆုံးကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သိပ်စိတ်မဝင်စားဘူး၊ အတိုက်အခံ NLD တို့ ဘာတို့ကလည်း စိတ်မဝင်စားတဲ့ ဒီသမ္မတ၊ ဒုသမ္မတလောင်းကို လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ရွေးရမယ်ဆိုတဲ့ အချက်ကတော့ ပြင်ဆင်ဖို့ အလားအလာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ နောက်ဖြစ်နိုင်ခြေရှိတာက နောက် ၄၃၆ ပြင်ဆင်ရေးမှာလည်း နည်းနည်းတော့ မျှော်လင့်လို့ ရတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ၅၉ (စ) ကတော့ မျှော်လင့်ချက်ကတော့ မျှော်လင့်ချက်ကတော့ နည်းနေတဲ့အပိုင်းမှာတော့ တွေ့ရတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုအပိုင်းက ကြည့်လို့ရှိရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ၅၉ (စ) ကို သူတို့ လုံးဝငြင်းတယ်။ ပြီးတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို သူတို့ ငြင်းတယ်။ သူတို့ အဲဒီနှစ်ခုကို အဓိက ငြင်းသွားတယ်။ သမ္မတကို လွှတ်တော်ထဲက ခန့်အပ်၊ မခန့်အပ်ဆိုတဲ့ ကိစ္စကို သူတို့မပြောဘူး။ ဟိုနှစ်ခုမှာတော့ သူတို့ အဲဒီဟာကို ခိုင်ခိုင်မာမာနဲ့ကို ငြင်းနေတာကို တွေ့ရတယ်။ အဲဒီ့ နှစ်ခုစလုံးကို ပြင်ဆင်ဖို့ မသင့်သေးဘူးလို့ ငြင်းတာကို တွေ့ရတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက အခုပြင်တဲ့ ဥပဒေက အရင်ဖွဲ့စည်းပုံအတိုင်းပဲ သွားမှာဆိုတော့ ဒီပြင်ဆင်တဲ့ ဥပဒေမှာကိုက ၇၅ ရာခိုင်နှုန်း Majority က လိုနေတုန်းပဲ။ ပြောစရာပေါ့။ ဒါကြောင့် ၄၃၆ နဲ့ ပတ်သက်ပြီး ကြည့်လို့ရှိရင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီဘက်က အများစုပါတဲ့ ဒီကော်မတီက ဆွဲလိုက်တာက ကြားချပြီးတော့ ၇၀ ရာခိုင်နှုန်းလို့ ဆွဲလိုက်တာလို့ မြင်တယ်။ ဒီဘက်က မပြင်ဘူး ဆိုတာလည်း မဖြစ်အောင် ပြင်တဲ့အခါမှာလည်း အများကြီး အပြောင်းအလဲ မဖြစ်အောင် ၇၀ ရာခိုင်နှုန်းဆိုပြီးတော့ ကြားချပြီးတော့ ဆွဲလိုက်တယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါပေမဲ့ ဒီဟာကို တပ်မတော်သား ကိုယ်စားလှယ်တွေဘက်ကို ဘယ်လောက်အထိ နားချနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်” 
■ ဦးစိုင်းလိတ် (ပြောရေးဆိုခွင့်ရှိသူ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူထုဆန္ဒနဲ့အညီ ရေးဆွဲထားတာ မဟုတ်ဘူး ဆိုတာတော့ တစ်ကမ္ဘာလုံး သိတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး သိတယ်။ ဒါဟာ ဘယ်လိုပဲပြောပြော ဘယ်သူမှလက်မခံနိုင်တဲ့ ကိစ္စပါ။ အရှိတရားပါ ဒါကတော့။ နောက်တစ်ချက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူထုရဲ့ဆန္ဒကို ကိုယ်စားမပြုတဲ့ အခါကျတော့ ပြင်ကိုပြင်ရမယ်။ တတ်နိုင်ရင် အသစ်ရေးဆွဲရမယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီကိုလည်းပဲ ကိုယ်စားမပြုဘူး။ ဒီမိုကရေစီ စံနှုန်းနဲ့လည်း မကိုက်ညီဘူး။ တိုင်းရင်းသားပြည်သူတွေ လိုအပ်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်ဖို့လည်း အာမခံချက် မပေးနိုင်ဘူး။ ဒါကြောင့်မို့လည်း ပြင်ကိုပြင်ရမယ်။ ဒီလိုပဲ သဘောထား ရှိတယ်။ အဲဒီ ပြင်ဆင်ဖို့အတွက်ကိုလည်း အခု လွှတ်တော်ထဲရောက်နေတဲ့ SNLD ရဲ့ ပြည်ထောင်စုကိုယ်စားလှယ် ခြောက်ယောက်ရှိတယ်။ သူတို့ကို တာဝန်ပေးထားပြီးပြီ။လွှတ်တော်ထဲမှာ ပြင်ရုံနဲ့ မပြီးပြတ်တဲ့ အပိုင်းတွေ ရှိပါတယ်။ လုံးဝပြင်လို့မရအောင် သူတို့က ဘောင်ခတ်ထားပြီးသား ဖြစ်တယ်။ အခု ၇၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းကို လျှော့တယ်ဆိုပေမယ့်လို့ မဲပေးခွင့်ရှိသော လွှတ်တော်တက်ရောက်ခွင့်ရှိသူလို့ ရေးထားတာကို။ အကယ်၍ လွှတ်တော်တက်ရောက်သူလို့ဆိုရင် တစ်မျိုး။ ခွင့်ဆိုတဲ့ စကားလုံးက ပိုနေတယ်။ ဒါက တစ်ပိုင်း။ ဒါက ဘယ်လိုပဲပြောပြော ၇၀ ရာခိုင်နှုန်းထဲမှာ တပ်မတော်က မပါဘဲနဲ့ ဘယ်လိုမှ အောင်နိုင်မှာ မဟုတ်ဘူး။ တစ်ရာ ရာခိုင်နှုန်းမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားပြီးပြီ။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းထဲမှာ ကျွန်တော်တို့က ၇၀ ရအောင် ကြိုးစားဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ ကိစ္စပါ။ ဒါက နိုင်ငံတကာရဲ့ ဥပဒေပြင်ဆင်ရေး အခန်းကဏ္ဍမှာလည်း ဒီလိုခက်ခဲအောင် လုပ်ထားတာမျိုး မရှိသလောက်ပဲ။ ဒါကြောင့်မို့လို့ တပ်မတော်မပါဘဲနဲ့ မပြင်နိုင်ဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့လို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဦးမှာ။ အဲဒီ့ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်ဟာ ဒီမိုကရေစီ နည်းကျမယ် ဖက်ဒရယ်စနစ်ကို ဦးတည်မယ်ဆိုလို့ရှိရင် မျှော်လင့်ချက်လေး ရှိပါတယ်။ အဲဒီဆွေးနွေးပွဲကနေ ထွက်လာတဲ့ ရလဒ်ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခြေခံရမယ့်မူများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော် အနေနဲ့ ဒီလွှတ်တော်ထဲမှာ ယူထားတဲ့ ၂၅ ရာခိုင်နှုန်းကို တစ်ဖြည်းဖြည်းချင်း လျှော့သွားပြီးတော့မှ လူထုဆန္ဒကို လိုက်လျောမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အလားအလာကောင်းတွေ ထွက်လာနိုင်တယ်လို့ ပြောချင်ပါတယ်။လက်ရှိအခြေအနေအရတော့ အပြောနဲ့အလုပ် မညီသေးဘူး။ ပျော့ပျောင်းညင်သာတဲ့ အကူးအပြောင်းတစ်ရပ် ဖြစ်ဖို့ဆိုရင် တပ်မတော်ကိုယ်တိုင်ကလည်း ပျော့ပြောင်းဖို့ လိုအပ်တယ်။ ဥပမာ ၂၅ ရာခိုင်နှုန်း ယူနေရာကနေ ၂၀ ရာခိုင်နှုန်း(သို့မဟုတ်) ၁၅ ရာခိုင်နှုန်းကို လျှော့ယူမလား။ အခုဟာက ပထမသက်တမ်း ကုန်တော့မယ်။ သူတို့အနေနဲ့ ရာခိုင်နှုန်း လုံးဝမလျှော့ဘူး။ ၂၅ ရာခိုင်နှုန်းကို အပြည့်ယူထားပြီးသား ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ တပ်မတော်ကိုယ်တိုင်က ပျော့ပျောင်းညင်သာဖို့ တပ်မတော်ကိုယ်တိုင်က ပြောင်းချင်တဲ့ စိတ်ရှိဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီစိတ်ရှိမှသာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံး အသက်ရှုချောင်မှာပါ။ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့ ၄၃၆ ကို မပြင်ရင် ဘယ်လိုမှကို ရှေ့ဆက်သွားလို့ မရဘူး။ ၄၃၆ ကို လက်ရှိပြင်ထားတဲ့ အနေအထားကလည်း ဘယ်လိုမှကို လက်သင့်ခံနိုင်စရာအကြောင်း မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ သားသမီးက နိုင်ငံခြားသား ဖြစ်နေတယ်။ အဲဒါကို ဖြုတ်မပေးဘူး။ သူတို့ဖြုတ်ပေးတဲ့ သားသမီးနဲ့ သမတ်က အခြားအခြားသော သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ရည်ညွှန်းပြီး တင်တာပဲရှိတယ်။ နောက်ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆိုတဲ့ နေရာမှာလည်းပဲ အရှေ့မှာတော့ ဖွင့်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းက ရွေးချယ်တင်မြှောက်တဲ့သူကို သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမယ်ပြောတယ်။ ဒါပေမဲ့ ၂၆၄ မှာ ပြန်ပြီး ပြဋ္ဌာန်းထားတာက ဝန်ကြီးချုပ်ကိုသော် လည်းကောင်း ဝန်ကြီးကိုသော် လည်းကောင်း သမ္မတအနေနဲ့ အရည်အချင်း မပြည်မီဘူးလို့ ယုံကြည်တာနဲ့ သူက ဖြုတ်ခွင့်ရှိပြန်တယ်။ ဒါက သမ္မတကို အမြဲတမ်း တာဝန်ခံနေရမယ်။ သမ္မတ ကြိုးဆွဲရာကို လိုက်နေရမယ်ဆိုတဲ့ သဘောမျိုးကို ပြတယ်။ ဒါကြောင့်မို့လို အခု ဥပဒေကြမ်းပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာ အပေါ်ယံ ရွှေမှုန်ကြဲထားတဲ့ အနေအထားမျိုးပဲ ရှိတယ်။ လုံး၀ လူထုအတွက် အကျိုးရှိစေမယ့် ထိရောက်တဲ့ ပြင်ဆင်မှုမျိုး မဟုတ်ဘူးလို့ ပြောလိုပါတယ်။ 
■ ဦးနိုင်စိုးမြင့် (အတွင်းရေးမှူး၊ မွန်အမျိုးသားပါတီ)ပုဒ်မ ၄၃၆ ကို ကျွန်တော်တို့ပါတီက လုံး၀ ပြောင်းလဲပစ်ရမယ့် ပုဒ်မလို့ ပြောချင်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ ၉၂ ရာခိုင်နှိုင်းကျော် ထောက်ခံတယ် ဆိုတာကလည်း ကျွန်တော်တို့ပါတီ အနေနဲ့ ဒါကို မှန်ကန်တယ်လို့ မယူဆပါဘူး။ တကယ်လို့ ပြည်သူတွေရဲ့ ထောက်ခံမှုမှန်တယ်လို့ တပ်မတော်က ယုံကြည်တယ်ဆိုရင် ၂၀၀၈ ဥပဒေပုဒ်မ ၄၃၆ ကို ပြင်မလား မပြင်ဘူးလားဆိုတာ ပြည်သူကိုချပြလိုက်ရင် အဖြေတစ်ခု ပေါ်မှာပေါ့ဗျာ။ ကျွန်တော်တို့ အမြင်ကတော့ ပြည်သူလူထု အများစုကလည်း လက်မခံဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံနှုန်းလည်း မရှိဘူး။ အမျိုးသားတန်းတူရေးအတွက်လည်း အာမခံချက် မရှိတဲ့အပေါ်မှာ ဒါလုံးဝကို အသစ်ပြန်လည်ရေးဆွဲဖို့ဆိုတာ ကျွန်တော်တို့ ပါတီက မူချထားပါတယ်။ ကျွန်တော်တို့ပါတီ စည်းရုံးရေးလုပ်ငန်းစဉ်တိုင်းမှာ ၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူတွေကို အကျိုးမပြုဘူး။ ကျွန်တော်တို့ မွန်တိုင်းရင်းသားအတွက် တန်းတူရေး ဘာမှ အခွင့်အရေးမရှိဘူး။ ဒါကို ပြောင်းလဲပြင်ဆင်ရမယ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်း ရှင်းပြပါတယ်။ 
■ ဦးအောင်မျိုးကျော် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)ကျွန်တော်တို့ လက်ရှိ လွှတ်တော်မှာ ပုဒ်မ ၄၃၆ (က)၊ နောက်ပုဒ်မ ၅၉(စ) စသည်တို့ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးတယ်လို့ သိရတယ်။ ဒါကလည်း ကျွန်တေ်ာတို့ အစကတည်း ကြိုတင်ခန့်မှန်းထားပြီးသားပါ။ လွှတ်တော်ထဲမှာဆိုတာ ကျွန်တော်တို့ အတိုက်အခံပါတီ၊ ဒီမိုကရေစီ ဘက်တော်သား ကိုယ်စားလှယ်တွေ အလွန်နည်းပါးပါတယ်။ နောက် လက်ရှိဥပဒေပါ ပြဋ္ဌာန်းထားချက်အရ ဆိုရင်လည်း ဒီအချက်တွေက ပြင်ဖို့ကတော့ ခက်ခဲနေမှာပါပဲ။ သို့သော် တစ်ခုရှိတာက ဒါတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ချင်တဲ့ ငါးသန်းသော ပြည်သူတွေရဲ့ သဘောထားက တစ်ဖက်မှာ ရှိနေတယ်။ ဒါကိုလည်း လွှတ်တော်ကို တင်ပြထားတာတွေ ရှိတယ်။ ဒါ့ကြောင့် ဆွေးနွေးချက်တွေကို ကြည့်ရင် ပြည်သူ့ဆန္ဒကို မည်သူက အလေးထားမှု ရှိ၊ မရှိ ဆိုတာတွေကလည်း ပေါ်လွင်လာပါလိမ့်မယ်။ သို့သော်လည်း ကျွန်တော်တို့ အစကတည်းက တွေးမိထားပြီးသားပါ။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း ဆွေးနွေးမှုတွေက ကျွန်တော်တို့လိုလားတဲ့ ပုံစံမျိုး အကောင်အထည်ဖော်နိုင်ဖို့ ဆိုတာကတော့ ကျွန်တော့်အမြင် သိပ်တော့ မလွယ်လောက်ဘူး ထင်ပါတယ်” 
■ ဒေါက်တာ ရန်မျိုးသိမ်းလက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေမှုတွေကို ကြည့်မယ်ဆိုရင် ပြင်ဆင်ဖို့ ခက်ခဲနိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်မိပါတယ်။ ဒီမှာ ဆွေးနွေးမှုတွေကိုကြည့်ရင် ဒီမိုကရက်တစ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုပေါ့။ ခက်ခဲမယ်လို့ ထင်ရတာကတော့ ကျွန်တော်တို့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကိုက ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံမှသာလျှင် ပြင်ဆင်လို့ရမယ်ဆိုတဲ့ အချက်ကြောင့်ပါပဲ။ နောက်တစ်ချက်ကတော့ အဓိကထားဆွေးနွေးတဲ့ အကြောင်းအရာတွေအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အများစုက ဒီဘက်က အတိုက်အခံ အင်အားစုတွေ အဓိက ပြင်ဆင်ချင်တဲ့ ပုဒ်မ ၄၃၆ နဲ့ပုဒ်မ ၅၉ (စ)အပေါ်မှာပဲ အဓိကထား ကန့်ကွက်ဆွေးနွေးသွားတာမျိုးတွေ တွေ့ရပါတယ်။ ဒါက အဓိကအချက်ပါပဲ။ နောက်တစ်ခုကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့ရာ သဘောတူညီတဲ့နေရာမှာ  ဥပဒေကြမ်းကော်မတီက လွှတ်တော်ကိုယ်စားလှယ်တွေ ၇၀ ရာခိုင်နှုန်းအောက် မလျော့ဖို့ကို လုပ်လာတဲ့အချိန်မှာ ဒီဘက်ပါတီတွေဘက်ကနေပြီးတော့ ကိုယ်စားလှယ်ရဲ့ သုံးပုံပုံနှစ်ပုံ မဲဆန္ဒနဲ့ ပြင်ဆင်ခွင့်ရဖို့ ဆွေးနွေးတာတွေရှိတယ်။ တကယ်တော့ ပြည်ထောင်စုတစ်ခုလုံးရဲ့ ကိုယ်စားလှယ်အရဆိုရင် သုံးပုံနှစ်ပုံဆိုတာ ၆၇ ရာခိုင်နှုန်းပေါ့။ ဆိုတော့ ၇၀ ရာခိုင်နှုန်းနဲ့ ဘာမှ မကွာပေမယ့်လည်း နောက်ပိုင်းကိစ္စတွေ ဆုံးဖြတ်ရာမှာ ဒီသုံးရာခိုင်နှုန်းလောက်က ကွာဟမှုတွေ ဖြစ်လာနိုင်ပါတယ်”

Most Read

Most Recent