ပုဒ်မ ၅၉ (စ) ကို မူလအတိုင်းထားရှိပြီး ပြင်ဆင်ရန် မထောက်ခံကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်ဆွေးနွေး

ပုဒ်မ ၅၉ (စ) ကို မူလအတိုင်းထားရှိပြီး ပြင်ဆင်ရန် မထောက်ခံကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်ဆွေးနွေး
Published 25 June 2015

ပုဒ်မ ၅၉ (စ)အား မူလအတိုင်း ထားရှိပြီး ပြင်ဆင်ရန် မထောက်ခံကြောင်း တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စိုးက ဇွန် ၂၄ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။ဗိုလ်မှူးချုပ်တင်စိုးက ပုဒ်မ ၅၉ (ဃ)အား ပြင်ဆင်ထားသည့်အတိုင်း ထောက်ခံကြောင်းနှင့် ပုဒ်မ ၅၉ (စ) ကို မူလအတိုင်းထားရှိပြီး ပြင်ဆင်ရန် မထောက်ခံကြောင်း ဆွေးနွေးသည်။ပုဒ်မ ၅၉ (စ) နှင့်ပတ်သက်၍ ၁၈၂၄ ခုနှစ်နောက်ပိုင်းတွင် ဘင်္ဂါလီလူမျိုးခြားများ စတင်ရောက်ရှိလာကြောင်း၊ အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ၊ ဘင်္ဂါလီ လူမျိုးခြားများသည် နိုင်ငံအတွင်း အခြေချကာ သွေးနှောခြင်းဖြင့် မျိုးဆက်ပြန့်ပွားလျက်ရှိကြောင်း၊ သံသယဖြစ်ဖွယ်ရာ နိုင်ငံသားများ၊ နိုင်ငံသား လူမျိုးခြားများကြောင့် ကုလား-ဗမာ အရေးအခင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများအား ယနေ့တိုင် ဖြေရှင်းနေရဆဲဖြစ်ကြောင်း ဆွေးနွေးသည်။ဆက်လက်၍ အတိတ်သမိုင်းကြောင်းတွင် နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် သံသယဖြစ်ဖွယ်ရာ နိုင်ငံသား၊ နိုင်ငံသားလူမျိုးခြားများ ပါဝင်ပတ်သက်မှုများကြောင့် စီးပွားရေးကို လွှမ်းမိုးချုပ်ကိုင်ပြီး လုံခြုံရေးထိခိုက်မှုများ ရှိခဲ့ကြောင်း၊ ၎င်းတို့ကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ သံသယဖြစ်ဖွယ်ရာ နိုင်ငံသား၊ နိုင်ငံသားလူမျိုးခြားများကို နိုင်ငံ၏ အရေးကြီးသည့် စီမံခန့်ခွဲမှုဆောင်ရွက်ရသည့် အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲ နေရာများတွင် တာဝန်ပေးထမ်းဆောင်စေပါက သက်ဆိုင်ရာမျိုးနွယ် နိုင်ငံအလိုက် လွှမ်းမိုးမှု၊ ချုပ်ကိုင်မှုများ ရှိလာနိုင်ကြောင်း၊ ကျွန်ပြုမခံရဘဲ သူ့ကျွန်ဘ၀ ရောက်နိုင်သည်ကို သတိချပ်သင့်ကြောင်း၊ သမ္မတ၏ အရည်အချင်းတွင်သာမက ပြည်ထောင်စုအဆင့် အားလုံးတွင်ပင် စဉ်းစားဆောင်ရွက်သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်က ဆွေးနွေးသည်။ထို့ပြင် နိုင်ငံ့ဦးသျှောင်အဖြစ် ဆောင်ရွက်မည့်သူနှင့် ၎င်း၏ မိသားစုဝင်များသည် တိုင်းတစ်ပါး၏ ကျေးဇူးသစ္စာ ခံနေရသူများ ဖြစ်ပါက တိုင်းပြည်သည်လည်း သွယ်ဝိုက်သောနည်းဖြင့် နိုင်ငံခြား၏ လက်အောက်ခံ ဖြစ်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုကြီး၏ သံသယကင်းစွာဖြင့် ယုံကြည်ကိုးစားမှု ရရှိပြီး စီမံအုပ်ချုပ်နိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြားသားများနှင့် တစ်နည်းတစ်ဖုံ လုံးဝကင်းရှင်းသူ ဖြစ်မှသာ သံသယကင်းရှင်းပြီး ယုံကြည်ကိုးစားမှု ရရှိမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြည့်စုံစေရန် နိုင်ငံတော်သမ္မတသာမက မိသားစုဝင်များဖြစ်သည့် ဇနီးသည်နှင့် သားသမီးများ၊ သားသမီးများ၏ ဇနီးလင်သားများပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရန် လိုအပ်ကြောင်း ဗိုလ်မှူးချုပ်တင်စိုးက ဆွေးနွေးသည်။ဗိုလ်မှူးချုပ်တင်စိုးက “မည်သည့်နိုင်ငံကမှ ကြိုးကိုင်ခြယ်လှယ်မှု မပြုနိုင်စေဖို့ မိမိတို့ နိုင်ငံနှင့် လူမျိုး၏ ကံကြမ္မာကို မိမိတို့က ဖန်တီးနိုင်ရေးဟာ အဓိကကျပါတယ်။ သွေးနှောသူ နိုင်ငံသားများက နိုင်ငံတော်၏ အရေးအရာကို စီမံခန့်ခွဲလုပ်ဆောင်တဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ဝင်ရောက်လာမယ်ဆိုရင် နိုင်ငံတော်၏ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အရှည်ကို မျှော်တွေးပြီး ဆုံးဖြတ်သင့်ပါတယ်။ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွား မထိခိုက်စေဖို့ နိုင်ငံတော်သမ္မတအပေါ် သက်ရောက်နေတဲ့ မိသားစု အသိုင်းအဝန်းကိုပါ ထည့်သွင်းထားရှိသင့်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကြီးက အလျှော့ပေးမှု၊ ဘက်လိုက်မှုကင်းစွာနဲ့ ဆက်လက်ရပ်တည်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို မူလအတိုင်းသာ ထားရှိသင့်ပါတယ်” ဟု ဆွေးနွေးသည်။

Most Read

Most Recent