မန္တလေးတိုင်းဒေသကြီး ခရိုင်လေးခရိုင်ရှိ မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှု၏ ရာခိုင်နှုန်း ၃၀ သာ ပြင်ဆင်ရန် ဆောင်ရွက်နိုင်ဟု တိုင်းဒေသကြီး NLD အတွင်းရေးမှူး ပြောကြား

မန္တလေးတိုင်းဒေသကြီး ခရိုင်လေးခရိုင်ရှိ မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှု၏ ရာခိုင်နှုန်း ၃၀ သာ ပြင်ဆင်ရန် ဆောင်ရွက်နိုင်ဟု တိုင်းဒေသကြီး NLD အတွင်းရေးမှူး ပြောကြား
Published 24 June 2015
ငြိမ်းဇော်လင်း

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ မဲဆန္ဒရှင်စာရင်းများကို ဇွန် ၈ ရက်မှ ဇွန် ၂၁ ရက်အထိ ထုတ်ပြန်ကြေညာခဲ့ရာ ရာခိုင်နှုန်း ၈၀ ခန့် မှားယွင်းမှုရှိပြီး မှားယွင်းမှု၏ ရာခိုင်နှုန်း ၃၀ ကိုသာ ပြင်ဆင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။
 
ထုတ်ပြန်ကြေညာခဲ့သော မဲစာရင်းများကို ပြည်သူလူထု လာရောက်ကြည့်ရှုမှု နည်းပါးခြင်း၊  ပြင်ဆင်ဖြည့်စွက် ကန့်ကွက်မှုပြုလုပ်ရန် အချိန်နည်းပါးခြင်း၊ မဲဆန္ဒရှင်စာရင်းအား မိတ္တူကူးယူခွင့်မရခြင်းတို့ကြောင့် ထိုသို့ ပြင်ဆင်ရန် ဆောင်ရွက်နိုင်မှု နည်းပါးရခြင်း ဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောကြားသည်။
 
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် မြင်းခြံခရိုင်တို့ရှိ  အခြေခံမဲစာရင်းများကို ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာခဲ့ရာ မဲစာရင်းတွင် အမည်မပါဝင်သောကြောင့် ပုံစံ(၃) ဖြင့် လျှောက်ထားသူ ၄၃၃၄၁ ဦး၊ အမည် (သို့ မဟုတ်) မှတ်ပုံတင် (သို့မဟုတ်) မွေးသက္ကရာဇ်လွဲမှားနေ၍ ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လျှောက်ထားသူ ၃၅၉၃၂ ဦးနှင့် မဲစာရင်းတွင် သေဆုံးသူများ သို့မဟုတ် မပါသင့်သူများ ပါဝင်နေမှုကြောင့် ပုံစံ(၄)ဖြင့် ကန့်ကွက်လျှောက်ထားသူ ၁၄၀၀၃ ဦး စုစုပေါင်း ၉၃၂၇၆ ဦး ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
 
“ဒီပြင်ဆင်မှုစာရင်းက မှားတာနဲ့ ယှဉ်ရင် အများကြီးနည်းပါတယ်။ အဓိက ကတော့ အချိန်နည်းလို့ပါပဲ။ ဒီလိုအမှားတွေကိုပြင်ဖို့ နှစ်လသုံးလလောက် အချိန်ယူမှရမှာပါ။ အခုက ၁၄ ရက်ပဲ ရတယ်။  နောက်တစ်ခုက ကျွန်တော်တို့ကို မဲစာရင်းမိတ္တူမပေးဘူး။ ကျွန်တော်တို့အနေနဲ့ မဲစာရင်းကို ဓာတ်ပုံရိုက်၊ Print ထုတ်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်တိုက်ရတယ်။ မဲစာရင်း လက်ဝယ်မရှိတဲ့အတွက် မဲစာရင်းတိုက်ရတဲ့အခါ အများကြီး အခက်အခဲရှိပါတယ်။ နောက်ကပ်ထားတဲ့ မဲစာရင်းတွေမှာ စာလုံးက တအားသေးပါ တယ်။ ဒါကြောင့် လာကြည့်တဲ့သူတွေအတွက် အခက်အခဲအများကြီးရှိတယ်။ မပါလို့ ဖြည့်စွက်တာ၊ မှားနေလို့ပြင်တာနဲ့ မပါသင့်တဲ့သူ ပါနေလို့ ကန့်ကွက်မှုတွေကို ကျွန်တော်တို့ လုပ်နိုင်တာဟာ မှားယွင်းမှုအားလုံးရဲ့ ရာခိုင်နှုန်း ၃၀ ထက် ပိုမလုပ်နိုင်ဘူး”ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။
 
မှားယွင်းနေသည့် မဲစာရင်းများ ဆောင်ရွက်၍မရသည့်ကိစ္စရပ်များနှင့် ဆောင်ရွက်ရန် အချိန်မရသည့်ကိစ္စများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် မှတ်တမ်းပြုစုကာ အဖွဲ့ချုပ်ရုံးချုပ်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောကြားသည်။
 
မဲစာရင်းများ မှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ လှုံ့ဆော်မှု အားနည်းကြောင်းနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပါဝင်မှုမတွေ့ရှိရကြောင်းလည်း ဦးတင်ကိုကိုက ဝေဖန်ပြောကြားသည်။
 
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် မဲစာရင်းများကို ဇွန် ၂၂ ရက်မှစ၍ ထုတ်ပြန်ကြေညာထားရာ မဲစာရင်းများအရ မိတ္ထီလာခရိုင်တွင် ၆၆၉၅၄၆ ဦး၊ ရမည်းသင်းခရိုင်တွင် ၃၅၂၂၆၁ ဦး၊ ညောင်ဦးခရိုင်တွင် ၄၁၂၆၂၇ ဦးရှိကြောင်း သိရသည်။      
 
 

Most Read

Most Recent