ယခုတစ်ပတ် အင်တာဗျူးကဏ္ဍအတွက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သူမှာ ပန်းချီ၊ စာရေးဆရာ၊ ဒါရိုက်တာ စွယ်စုံရ အနုပညာရှင်ဆရာကြီး ဦးဝင်းဖေ ဖြစ်ပါသည်။ ဦးဝင်းဖေသည် ပြည်ပတွင် နှစ်ပေါင်းများစွာ ရောက်ရှိနေထိုင်ခဲ့ရာမှ မြန်မာနိုင်ငံသို့ ပြန်လည်အခြေချ ရောက်ရှိလာချိန်တွင် အနုပညာပြပွဲများ အဆက်မပြတ် ပြုလုပ်လျက် ရှိခဲ့သည်။ ပန်းချီ၊ ကာတွန်း အနုပညာနှင့် အသံလွှင့်ချက်များ စုစည်းထားသည့် စာအုပ်များလည်း ထွက်ရှိထားပြီး တစ်ကိုယ်တော် ပန်းချီပြပွဲများလည်း ပြုလုပ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ Think Art Gallery တွင်လည်း ဦးဝင်းဖေ၏ တစ်ကိုယ်တော် ကာတွန်းပြပွဲကိုလည်း ပြုလုပ်ခဲ့ရာ ယင်းကာတွန်းပြပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းဖြစ်ခဲ့ပါသည်။
ပန်းချီ၊ စာရေးဆရာ၊ ဒါရိုက်တာ စွယ်စုံရအနုပညာရှင် ဆရာကြီး ဦးဝင်းဖေနှင့် တွေ့ဆုံခြင်း
မေး - ဆရာကြီးရဲ့ ကာတွန်းပြပွဲလေး အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
ဖြေ - ဒီပြပွဲကတော့ ကျွန်တော့်သမီး မီမီဝင်းဖေက ကာတွန်းနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ပြပွဲလေးတစ်ခု လုပ်ပါလို့ ပူဆာတာကြောင့် လုပ်ဖြစ်သွားတာပါ။
မေး - နှစ်တွေအများကြီး ကြာပြီးမှ ကိုယ့်ရဲ့လက်ရာကို တစ်စုတစ်စည်းတည်း ပြန်မြင်ရတဲ့မြင်ကွင်းနဲ့ ပရိသတ်ကို ပြသခွင့်ရတဲ့အတွက် ဆရာကြီးရဲ့ ခံစားချက်ကရော။
ဖြေ - ဝမ်းသာတာပေါ့။ အနုပညာသမားတွေဆိုတာ အားလုံးတူတူပါပဲ။ စာရေးဆရာပဲ ဖြစ်ဖြစ်၊ ပန်းချီဆရာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ဒါရိုက်တာ၊ ကာတွန်းဆရာ အားလုံးဟာ ကိုယ်ဖန်တီးထားခဲ့တဲ့ အနုပညာတွေကို ပရိသတ်ကို ချပြချင်ကြတာပဲ။ ပြသခွင့် ရချင်ကြတာပါပဲ။
မေး - ဒီစာနယ်ဇင်း ကာတွန်းဆရာတစ်ယောက် အနေနဲ့ မှတ်မှတ်ရရ ဖြစ်နေတဲ့ ဖြစ်ရပ်ရှိရင် သိပါရစေ။
ဖြေ - အမှတ်တရရယ်လို့တော့ အဲဒီလို မရှိပါဘူး။ ကျွန်တော်က အလုပ်တစ်ခုကို လုပ်တယ်။ လုပ်နေတဲ့အချိန်ပဲ စိတ်ဝင်စားတယ်။ ပြီးသွားရင် ပြီးပြီ။ နောက်အသစ်တစ်ခု လုပ်ဖို့ကိုပဲ စိတ်ဝင်စားနေတတ်တယ်။
မေး - အဲဒါဆိုရင် ဆရာကြီးရဲ့ ကာတွန်းတွေထဲမှာ ရေသူမစီးရီး၊ ဗုံစီးရီးတွေ ဖြစ်ပေါ်လာပုံလေး ပြောပြပါ။
ဖြေ - အဲဒါက ၁၉၆၂ ခုနှစ် မတ် ၂ ရက် စစ်အစိုးရ တက်လာတဲ့ အခါကျတော့ ကျွန်တော်တို့ လူထုသတင်းစာတိုက်က အယ်ဒီတာချုပ် ဒေါ်အမာက ပြောတယ်။ စစ်အစိုးရရဲ့ သဘောထားက ဘယ်လိုရှိမယ် မသိတော့ နိုင်ငံရေးအကြောင်း မရေးဘဲ ခဏစောင့်ရအောင်ဆိုပြီးပြောတော့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ရေသူမတွေ၊ ဗုံတွေကို တစ်လတိတိ နေ့စဉ် ကာတွန်းရေးဖြစ်တယ်။ ပြောင်းပြီးရေးသည့်တိုင်အောင် သုံးနှစ်ဆက်တိုက် နိုင်ငံရေး ရေးလာတော့ ဒီဖတ်တဲ့သူတွေက ဘာမှမဆိုင်ပါဘူးလို့ ရေးတဲ့ ဒီကာတွန်းကွက်တွေကိုလည်း နိုင်ငံရေးအမြင်တွေနဲ့ လျှောက်တွေးကြပြန်တယ်။
မေး - လက်ရှိ စာနယ်ဇင်းကာတွန်းလောကရဲ့ အခြေအနေကိုရော ဆရာကြီး ဘယ်လိုမြင်မိသလဲ။
ဖြေ - ကျွန်တော်ကတော့ အလွန်အားရ ကျေနပ်မိပါတယ်။ ဒီခေတ်ကလည်း ဘယ်နေရာပဲကြည့်ကြည့် ကာတွန်းရေးစရာတွေ သိပ်များတယ်။ သောကွက်တွေချည်းပဲ။ များလွန်းအားကြီးလို့ အသားများတော့ ဟင်းဟုန်ဆိုသလို ကာတွန်းဆရာတွေမှာ နည်းနည်းတောင် ခက်လာတယ်။ ဘာပဲဖြစ်ဖြစ် သောရတော့မယ့် အနေအထား ဖြစ်နေတယ်။
မေး - လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဆရာကြီးတို့ခေတ်နဲ့ အခု ကာတွန်းခေတ်မှာရော ဘယ်လိုကွာခြားချက်တွေ ရှိတယ်လို့ မြင်မိသလဲ။
ဖြေ - လွတ်လပ်ခွင့်က ကျွန်တော်တို့ခေတ်က ပိုကြီးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ၁၉၆၂ မတိုင်ခင်က ဖဆပလခေတ်၊ ဖဆပလခေတ်ဆိုတာ ဦးနုကိုသော် လည်းကောင်း၊ ဦးကျော်ငြိမ်းကိုသော် လည်းကောင်း၊ သခင်တင်ကိုသော် လည်းကောင်း၊ ဦးဗဆွေကိုသော် လည်းကောင်း ကျွန်တော်က ဗိုက်မှာစာလုံးတပ်ပြီးတော့ကို ကာတွန်းနဲ့ ကျွန်တော် လှောင်ခွင့်ပြောင်ခွင့် ရှိတယ်။ ကျွန်တော် လှောင်ပြောင်ခဲ့တာပဲ။ ဒါပေမဲ့ ကျွန်တော့်အဖေနဲ့ ဦးနုနဲ့က သိပ်ရင်းနှီးတယ်။ ကျွန်တော်က ဦးနုသားအကြီးနဲ့ သိပ်ရင်းနှီးတယ်။ ဦးနုအိမ်မှာ ကျွန်တော်ဝင်ထွက်တယ်။ အဲဒီလို ဝင်ထွက်နေပေမယ့် ဦးနုက ဘယ်တော့မှ ဟေ့ကောင်မင်းငါ့ကို လူထုသတင်းစာကနေ လှောင်တယ်၊ ပြောင်တယ်လို့ ဘယ်တော့မှ မမေးဘူး။ ဦးနုက ကျွန်တော့်အပေါ် အငြိုးအတေးထားတာတို့၊ အရေးယူတာတို့ မရှိဘူး။ ဒါတော်တော်အရေးကြီးတဲ့ အချက်ပါ။ ဒါဟာ ကျွန်တော်ပြောချင်တာက လူကြီးတွေရဲ့ စိတ်ရင့်တယ်ဆိုတာ ပြောချင်တာ။ စိတ်ကနုရင် မကောင်းဘူး။ အဝေဖန်ခံနိုင်ရမယ်။ မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းရပြီး ဟုတ်နေရင် ဝေဖန်ခံနိုင်ရပါမယ်။