ရန်ကုန်မြို့၌ ကန်ထရိုက်တိုက်များ ပြီးစီးအောင် ဆောက်လုပ်ခြင်းမရှိဘဲ ကန်ထရိုက်ထွက်ပြေးမှုဖြစ်စဉ်များ သင်္ဃန်းကျွန်း၊ လှိုင်စသည့် မြို့နယ်များတွင် အများဆုံးဖြစ်နေပြီး အဆိုပါကန်ထရိုက်များ တရားစွဲဆိုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။
ယင်းသို့ ကန်ထရိုက်တိုက်များ ပြီးစီးအောင်ဆောက်လုပ်ခြင်းမရှိဘဲ ထွက်ပြေးနေသည့် ကန်ထရိုက်များမှာ လိုင်စင်မဲ့ကန်ထရိုက်များဖြစ်ပြီး ယင်းသို့ ထွက်ပြေးနေသည့်ဖြစ်စဉ် ၂၀၊ ၃၀ ခန့်ရှိနေပြီး သက်ဆိုင်ရာ မြေရှင်များက အသနားခံစာများ တင်ပြလာသည်ဟု အဆောက်အအုံဌာနမှ သိရသည်။
“မြေရှင်ဆီက အသနားခံစာတွေ တက်လာပါတယ်။ အဲဒီလိုထွက်ပြေးနေတဲ့ ကန်ထရိုက်တွေကလည်း လိုင်စင်မဲ့ကန်ထရိုက်တွေပါ။ သူတို့ကို ဌာနက လိုင်စင်ထုတ်ပေးမထားတော့ တရားစွဲဆိုတော့ ခက်ခဲတယ်။ ဒါပေမဲ့ သူတို့ရဲ့ လိပ်စာတွေ စုံစမ်းပြီး တရားစွဲမှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့၌ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များဆောက်လုပ်လာခဲ့ပြီး သင်္ဃန်းကျွန်း၊ လှိုင်၊ အင်းစိန် စသည့် မြို့နယ်များတွင် အများဆုံးဖြစ်ကြောင်း၊ အဆိုပါခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် ကန်ထရိုက်များမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လိုင်စင်ရယူထားခြင်းမရှိသော လိုင်စင်မဲ့ကန်ထရိုက်များဖြစ်ကြောင်း၊ ယခုနှစ်တွင် တိုက်ခန်းဈေးနှုန်းများ ကျဆင်းလာမှုနှင့်အတူ အဝယ်အေးလာခြင်းကြောင့် တိုက်များအား ပြီးစီးအောင်ဆောက်လုပ်ခြင်းမရှိဘဲ ထွက်ပြေးခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
“လိုင်စင်ရှိတဲ့ ကန်ထရိုက်က အဲဒီလိုထွက်ပြေးတယ်ဆိုရင် အဲဒီကန်ထရိုက်ကို အမည်ပျက်စာရင်းသွင်းမှာပါ။ ပြီးတော့ သူတို့တင်ထားတဲ့ လိုင်စင်ကြေး သိန်း ၅၀၀ လည်းရှိတယ်။ အဲဒါကို သိမ်းယူလို့လည်း ရတယ်။ အခုထွက်ပြေးတဲ့ ကန်ထရိုက်တွေထဲမှာ လိုင်စင်ရှိတဲ့ ကန်ထရိုက်တွေ လုံးဝမရှိသေးပါဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူက ဆိုသည်။
ကန်ထရိုက်များ ထွက်ပြေးသွားခြင်းကြောင့် အချို့မြေရှင်များမှာ ဒုက္ခရောက်နေကြရပြီး အချို့မြေရှင်များမှာမူ တိုက်များပြီးစီးအောင် မိမိငွေများဖြင့် စိုက်ထုတ်ကာ ဆက်လက်ဆောက်လုပ်နေရသည်ဟု စုံစမ်းသိရသည်။
“နာမည်ကြီး Father Land ကုမ္ပဏီနဲ့ ဆောက်ထားတဲ့ကိစ္စ သင်္ဃန်းကျွန်း (ခ) ရပ်ကွက်ထဲမှာ တိုင်စာတက်တယ်။ ဒါကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နေပြည်တော်လွှတ်တော်ကို သယ်သွားပြီး မေးခွန်းမေးဖို့တောင် လုပ်ထားတယ်။ မနေ့က သုဝဏ္ဏမှာ ပထမအိမ်ရှင်နဲ့ ကန်ထရိုက်လုပ်တယ်။ ကန်ထရိုက်က မလုပ်တော့ ခေါ်ညှိတယ်။ ကန်ထရိုက်က လုပ်မယ်လို့သဘောထားပေးတယ်။ မလုပ်တော့ ကန်ထရိုက်ကို အိမ်ရှင်က လုပ်ငန်းရပ်စဲကြောင်း ကြေညာပြီး အခြားကန်ထရိုက်ကိုအပ်မယ်လို့ ကြိုပွိုင့်နဲ့ ဝယ်ထားတဲ့သူတွေက ကုန်ကျစရိတ်ထည့်ရမယ်ဆိုပြီးတော့ နစ်နာတယ်ဆိုပြီး လာတိုင်ထားပါတယ်။ ကန်ထရိုက်ဆိုတာကတော့ အလုပ်သဘောအရ လုပ်တာ။ Authority ကတော့ စည်ပင်ကပဲ။ စည်ပင်ရဲ့အမိန့် မခိုင်မာလို့ ဒီပြဿနာဖြစ်တယ်လို့ ကျွန်တော်ထင်တယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော် က သုံးသပ်ပြောကြားသည်။
ကန်ထရိုက်တိုက်များ ပြီးစီးအောင် ဆောက်လုပ်ခြင်းမရှိဘဲ ကန်ထရိုက်များ ထွက်ပြေးမှု သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့တွင် အများဆုံးဖြစ်နေပြီး အဆိုပါကန်ထရိုက်များအား တရားစွဲမည်









