မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် ဇွန်(၄)ရက်တွင် အိမ်ရှင်စင်ကာပူ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ပွဲဦးထွက်ပွဲစဉ်ဖြစ်သည့် အင်ဒိုနီးရှား အသင်းနှင့်ပွဲတွင် မည်ကဲ့သို့ ရလဒ်ထွက်ပေါ်ပါစေ ယခုပွဲမှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးပါလျက်ရှိသည်။
မြန်မာအသင်းသည် အိမ်ရှင်စင်ကာပူအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး စင်ကာပူအသင်းမှာ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှု ကြီးကြီးမားမားမရှိခဲ့ဘဲ အိမ်ရှင်ဆိုသည့် အနေအထားကိုသာ ဂရုပြုရမည် ဖြစ်သည်။ မြန်မာအသင်းသည် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ ကို ၁၉၈၅ ခုနှစ်မှလွဲ၍ နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်အသင်းများနှင့် တွေ့ဆုံခဲ့သည့် မှတ်တမ်းများကို ပြန်လှန်ကြည့်မိသည်။ ကျင်းပပြီးစီးခဲ့သည့် (၂၇)ကြိမ်မြောက်တွင် မြန်မာနိုင်ငံက အိမ်ရှင်သုံးကြိမ်လုပ်ခဲ့ပြီး တစ်ကြိမ်မှာ ယှဉ်ပြိုင်ခြင်း မရှိသောကြောင့် ၂၃ ကြိမ်သာ ကျန်သည်။ ယင်း(၂၃)ကြိမ်တွင် (၁၁)ကြိမ်၌ အိမ်ရှင်အသင်းများနှင့် တွေ့ဆုံခဲ့သည်။ မြန်မာအသင်းသည် ၁၉၅၉၊ ၁၉၆၅၊ ၁၉၆၇၊ ၁၉၇၁၊၁၉၇၇၊ ၁၉၇၉၊ ၁၉၈၇၊ ၁၉၉၃၊ ၂၀၀၁၊ ၂၀၀၇၊ ၂၀၀၉ ပြိုင်ပွဲတို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ပြိုင်ပွဲတွင်မူ အိမ်ရှင်ထိုင်းအသင်းနှင့် အုပ်စုတွင် တစ်ကြိမ်၊ ဗိုလ်လုပွဲတွင်တစ်ကြိမ် တွေ့ဆုံခဲ့သည်။ ယင်းအတွက်ကြောင့် မြန်မာအသင်းသည် အိမ်ရှင်အသင်းများနှင့် ၁၂ ကြိမ် ကစားခဲ့ပြီး သုံးပွဲနိုင်၊ နှစ်ပွဲသရေသာ အမြင့်ဆုံးရရှိထားရာ ရလဒ်ပိုင်းမှာ အကောင်းကြီးမဟုတ်ဟု သုံးသပ်ရမည်ဖြစ်သည်။ ယခု(၂၈)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် စင်ကာပူအသင်းနှင့်မူ ယခင်က တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး ၁၉၉၃ ပြိုင်ပွဲ ဆီမီးအဆင့်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ မိနစ် ၁၂၀ ပြည့်သည်အထိ သုံးဂိုးစီသရေကျခဲ့၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရပြီး (၅-၄)ဂိုးဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က အနိုင်ရခဲ့သည့် အသင်းတွင် ယခု မြန်မာ ယူ-၂၃ အသင်း၏ အုပ်ချုပ်/နည်းပြ အဖွဲ့တွင် ပါဝင်လာသည့် ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင်တို့ ပါဝင်ကစားခဲ့ကြသည်။ မြန်မာအသင်းသည် ယင်းနောက်ပိုင်း ကျင်းပသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် အိမ်ရှင်အသင်းများနှင့် တွေ့ဆံုံခြင်း မရှိတော့ဘဲ ၂၀၀၁ ပြိုင်ပွဲမှ အိမ်ရှင် မလေးရှားအသင်းနှင့် ပြန်လည်တွေ့ဆုံခဲ့သည်။
မြန်မာအသင်းသည် ၂၀၀၇ နှင့် ၂၀၀၉ ပြိုင်ပွဲတို့တွင်လည်း တွေ့ဆုံခဲ့ဖူးပြီး ၁၉၉၃ ပြိုင်ပွဲနောက်ပိုင်း အိမ်ရှင်အသင်းများနှင့် တွေ့ဆုံရာတွင် အနိုင်ကစားနိုင်ခြင်း မရှိတော့ပေ။ မြန်မာအသင်းသည် ၂၀၀၉ ပြိုင်ပွဲတွင် အိမ်ရှင်လာအိုအသင်းကို သရေကစားနိုင်ခဲ့သည်မှာ နောက်ဆုံးဖြစ်ပြီး ၂၀၁၁ ပြိုင်ပွဲတွင် အိမ်ရှင်အင်ဒိုနီးရှား အသင်းနှင့် တွေ့ဆုံခြင်း မရှိခဲ့ပေ။ ယခုဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် တွေ့ဆုံနေသည့် စင်ကာပူအသင်းသည် Young Lion အသင်းမှ ကစားသမား အများစုဖြင့် ဖွဲ့စည်းထားသော်လည်း ခြေစွမ်းပိုင်းအရ အကောင်းဆုံး အနေအထားတွင် မရှိပေ။ ဖိလစ်ပိုင်အသင်းကို အနိုင်ရခဲ့သော်လည်း ခြေစွမ်းပိုင်းအရ သာမန်သာရှိသလို မြန်မာအသင်းနှင့် ကောင်းကောင်း ယှဉ်ကစားနိုင်မည့် အနေအထားဖြစ်သည်။ စင်ကာပူတွင် အိမ်ရှင်ဆိုသည့် အားသာချက် တစ်ခုပင်ရှိသည်။ ပရိသတ်အားမှာလည်း မြန်မာပရိသတ်က အပြည့်အ၀ ရှိမည်ဖြစ်သည်။ အခြားပွဲများလောက် လက်မှတ်အရေအတွက် မရရှိသော်လည်း မြန်မာပရိသတ်၏ အားပေးမှုက မြန်မာဘောလုံးသမားတွေအတွက် အားဖြစ်မှာ သေချာသည်။
စင်ကာပူမြေတွင် မြန်မာနှင့် အိမ်ရှင် စင်ကာပူတို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ ခြင်းဖြစ်သည်။ ပထမတစ်ကြိမ်တွင် စင်ကာပူကို အလဲထိုးခဲ့သည့် အစဉ်အလာကို မြန်မာတို့ ထိန်းသိမ်းနိုင်ရန် လိုအပ်နေသည်။ မြန်မာအသင်း အနေဖြင့် နောက်ပိုင်း ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် အိမ်ရှင်အသင်းများနှင့် တွေ့ဆုံ ရာ၌ နိုင်ပွဲမရရှိခဲ့မှုကို အဆုံးသတ်နိုင်ရန် လိုအပ်သလို ဆီမီးအဆင့် တက်ရောက်ရန် အတွက်လည်း အရေးပါသည့်ပွဲဖြစ်ရာ မဖြစ်မနေ အမှတ်ရယူနိုင်ရန် အရေးပါလျက် ရှိသည်။










