နောင်..ဥဒါန်း ဘယ်မကျေစရာ (၁)

နောင်..ဥဒါန်း ဘယ်မကျေစရာ (၁)
Published 3 June 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

မေလ ၁၂ ရက် သာယာဝတီမြို့နယ် တရားရုံး၊ သပိတ်မှောက် ဗကသ ကျောင်းသားများ တရားခွင်မှအပြန် ရန်ကုန်တွင် အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ်က တွေ့ဆုံမေးမြန်းထားသည့် စာအုပ် ဖတ်မိသည်။ဝယ်ဖတ်ရန် စိတ်ကူးမရှိပါ။ လက်ဆောင်ရသဖြင့် ဖတ်မိရာမှ ဤစာစုကိုရေးသားရန် အကြောင်းဖန်လာသည်။ ဆက်လက်ပြီး လျှပ်တစ်ပြက်တွင်ပင် ‘အားလုံး ထောက်လှမ်းရေးအပေါ် ပုံချနေကြတယ်’ ဟူသော ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဟောင်း ဗိုလ်မှူးကြီးစန်းပွင့်နှင့် ဦးခင်ညွှန့်တို့ ပြောကြားချက်များကို တွေ့ရတော့ ပို၍ပင် ပြောချင်လာသည်။ ဒီစကားများမှာ သူတို့ အိမ်နိမ့်စံဘဝရောက်မှ ပြောသောစကားများ ဖြစ်ပါသည်။ အင်တာဗျူးစာအုပ်တွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှာ ဗိုလ်ခင်ညွန့်ပြောခဲ့သော မိန့်ခွန်းကို ဖတ်ရတော့ ပြုံးမိသည်။ သူ့မိန့်ခွန်းမှာ ၁၉၉၀ ခန့်က ပြောခဲ့ဟန်တူသည်။ သူ့အဆိုအရ ၁၉၉၃ တွင် ထိုင်းက မြန်မာစစ်အစိုးရကို ဒူးထောက်လာရမည်။ တိုင်းပြည်အလျှံပယ် ကြွယ်ဝတော့မည် စသဖြင့် ပါဝင်ပြီး အတိုက်အခံများကို ‘ဒီအမျိုးသမီး၊ ဒီကောင်တွေ’ ဟု ရင့်သီးမောက်မာစွာ သုံးနှုန်းထားပါသည်။ ၁၉၉၃ တွင် ထိုင်းက မြန်မာစစ်အစိုးရကို ဒူးထောက် မထောက်၊ ဘယ်သူတွေ ဘယ်လို အလျှံပယ် ကြွယ်ဝသွားပြီး ဘယ်သူတွေ ဘယ်လိုချမ်းသာသွားသည်၊ တိုင်းပြည်ကြီး ဘာဖြစ်သွားသည်ကိုကား ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် သူ့တပည့် မိုက်ဖော်ဆိုးဖက်များ၏ ‘လေ’ ဖြင့်ပြောရလျှင် ‘သတင်းစာဆရာကြီးများ သိတော်မူကြတဲ့အတိုင်း’ ပင်ဖြစ်ပါတော့သည်။စစ်အာဏာရှင်များက တစိုက်မတ်မတ် ‘မနုဿအမဲလိုက်’ ခြင်းခံရသူများတွင် ကျွန်တော်ပါဝင်ခဲ့သည်။ စစ်အာဏာရှင်စနစ်၏ ခေါင်းတိုင်ဖခင်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၇၆ ခုနှစ်၊ မှိုင်းရာပြည့် အရေးတော်ပုံတွင် ကျွန်တော့်ကို ရန်ကုန်တိုင်းစစ်ခုံရုံး အမှတ် (၂) က ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ-၅ (က)(၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့သည်။ ဒုတိယ စစ်အာဏာရှင်ခေတ် နဝတစစ်အစိုးရလက်ထက် ၁၉၉၁ တွင် ကျွန်တော့်ကို ယင်းဥပဒေပုဒ်မ - ၅ (ည) ဖြင့်ပင် မန္တလေးတိုင်း စစ်ခုံရုံးအမှတ်(၄)က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ တတိယ စစ်အာဏာရှင်ခေတ်၊ နအဖခေတ်၊ ရွှေဝါရောင်တော်လှန်ရေး ၂၀၀၇ စက်တင်ဘာတွင် ကျွန်တော် အထိန်းသိမ်းခံခဲ့ရသည်။ ဒုတိယအကြိမ် ထောင်ကလွတ်တော့ ၂၀၀၁ ခုနှစ်တွင် ကျွန်တော့်ရှေ့နေလိုင်စင်ကို စစ်အစိုးရက (၁၁) နှစ်တိုင်တိုင် ရုပ်သိမ်းခဲ့သည်။ မှတ်ပုံတင် (သုံးခေါက်ချိုး) နှင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုကတ်ပြား၊ စစ်နှင့် ငြိမ်းချမ်းရေး အပါအဝင် တစ်သက်လုံး စုဆောင်းခဲ့သည့် စာအုပ်စာတမ်းမျိုးစုံ သိမ်းဆည်းခံခဲ့ရသည်။ ကျွန်တော့်လက်မှတ်ထိုး ပါရှိသော ယင်းစာအုပ်များကို စာအုပ်အဟောင်းတန်းတွင်  မကြာခဏ ပြန်တွေ့ရသည်။ ချစ်မိတ်ဆွေ ဗိုလ်ချုပ်ကြီးခင်ညွန့် ဘုန်းမီးနေလတောက်ပစဉ် ကျွန်တော့်ကို ထောက်လှမ်းရေးအမိန့်ဖြင့် စဖမ်းသည့်နေ့မှ ပြန်လွတ်သည့်နေ့အထိ မန္တလေးအိုးဘိုထောင်တွင် ၁၀ နှစ်လုံးလုံး တိုက်ပိတ်ထားခဲ့သည်။ ကိုလိုနီအစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် အကျဉ်းထောင်လက်စွဲဥပဒေ Jail Manual အရ အကျဉ်းသားတစ်ယောက်ကို သုံးလအတွင်း ဆက်တိုက် ၁၄ ရက်သာ တိုက်ပိတ်ခွင့်ရှိသည်။ ဒါသည်ပင်လျှင် ထောင်ဆရာဝန်က တစ်ဆက်တည်း တိုက်ပိတ်နိုင်ကြောင်း ခွင့်ပြုမှ ဖြစ်သည်။ ထောက်လှမ်းရေးက နိုင်ငံရေး အကျဉ်းသားများကို အဆင့်သတ်မှတ်ချက်အရ ကျွန်တော့်ကို (က) အဆင့် သတ်မှတ်ထားသည်။ (က) အဆင့်ဆိုသည်မှာ ဗြိတိသျှခေတ်နှင့် ဖဆပလခေတ်လို အေကလပ်၊ ဘီကလပ်မဟုတ်။ အဓိကထား ဖိနှိပ်ရန် ပစ်မှတ် သတ်မှတ်ချက်ဖြစ်သည်။ အကျဉ်းထောင် လက်စွဲဥပဒေအရ မည်သည့်အကျဉ်းသားမဆို တစ်လလျှင် ထောင်ဝင်စာနှစ်ကြိမ် တွေ့ခွင့်ရှိသော်လည်း ကျွန်တော်တို့ (က) အဆင့် အကျဉ်းသားများက တစ်လတစ်ကြိမ်သာ တွေ့ခွင့်ရှိသည်။ သူများ မိသားစု တစ်ကြိမ်တွေ့လျှင် ဧည့်တွေ့နှစ်ဦး ရသော်လည်း ကျွန်တော်တို့မှာ အိမ်ထောင်စုစာရင်းဝင်တစ်ဦးသာ တွေ့ခွင့်ရှိသည်။ စာဖတ်ခွင့် မရှိ။ (က) အဆင့် အကျဉ်းသားများမှာ ဥပဒေအရ မပေးမဖြစ်ပေးရသော ထောင်လျှော့ရက်များ တစ်ရက်မျှမရ။ နဝတစစ်အစိုးရ၏ ကြေညာချက် အမှတ် -၁/၉၃ အရ ကျွန်တော်က သေဒဏ်ကျလျှင် တစ်ကျွန်း၊ ၁၀ နှစ်အထက်။ ၁၀ နှစ်သည် အမိန့်အရ ထောင်ဒဏ် ၁၄ နှစ်မှ ၁၀ နှစ်ဖြစ်သွားသည်။ ထိုထောင် ၁၀ နှစ်ကို ချုပ်ရက်မရ။ လျှော့ရက်တစ်ရက်မှ မရဘဲ ၁၀ နှစ် ၂ လနှင့် ၁၆ ရက် တိုက်ပိတ်ခံခဲ့ရသည်။ ထောင်တွင် ထောက်လှမ်းရေးများက တရားဝင်တပ်စွဲထားပြီး နိုင်ငံရေးအကျဉ်းသားများကို တာဝန်ယူခန့်ခွဲသည်။ ထောက်လှမ်းရေး တပ်ကြပ်ကြီးကို အကျဉ်းဦးစီးညွှန်ကြားရေးမှူးက ဆရာကြီးခေါ်ပြီး ကြောက်ရသည်။ (ကြောက်စရာ အကြောင်းကလည်း ရှိပေသကိုး။) မန္တလေးထောင်သို့ တပ်မှပြောင်းရွှေ့ရောက်လာသည့် ဗိုလ်မှူးအဆင့် ညွှန်ကြားရေးမှူးတစ်ဦးမှာ ပြောင်းလာစဉ်က ရန်ကုန်သို့ ရာထူးတိုးပြောင်းသည့်အခါ အိမ်ထောင်ပရိဘောဂများကို သင်္ဘောနှစ်စင်းဖြင့် သယ်ယူရသည်ဟူ၏။ ကျွန်တော့်ကို မန္တလေးတွင် ထောက်လှမ်းရေး (၁) က ဖမ်းဆီးပြီး မင်္ဂလာဒုံ ရေကြည်အိုင် ဗဟိုထောက်လှမ်းရေးစခန်းတွင် တစ်လကျော်ကြာ စစ်ကြောရေးဝင်သည်။ အဆိုပါ ‘ရန်တိုင်းအောင် အဆင့် -၂’ စစ်ဆင်ရေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ ဒေသပါတီကော်မတီ ပထမအတွင်းရေးမှူး ဦးမောင်လေး (ခ) ဦးမောင်ကိုသည် (၁၂.၁၂.၁၉၉၀) တွင် မန္တလေးထောက်လှမ်းရေး (၁) ၌ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့သည်။ ရန်ကုန်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ခရမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းလွှတ်တော် ကိုယ်စားလှယ်ဦးမောင်ကိုတို့ စစ်ကြောရေး ဒဏ်ချက်များဖြင့် အသက်ဆုံးခဲ့ကြရသည်။ ဤကိစ္စရပ်များကတော့ ‘ထောက်လှမ်းရေးမှာသာ အဓိက တာဝန်ရှိကြောင်း’ ကျွန်တော် ရဲရဲကြီး ပြောပါမည်။ အစိုးရအဖွဲ့ တာဝန်မကင်းနိုင်သော်လည်း အဓိကလက်သည် တရားခံမှာ ထောက်လှမ်းရေးဖြစ်သည်။ ကျွန်တော်တို့သည် ‘စစ်အာဏာရှင်စနစ်’ ကို တိုက်ခြင်းဖြစ်ပါသည်။ မည်သူ့ကိုမျှ ပုဂ္ဂလဓိဋ္ဌာန် အမုန်းရန်ငြိုးသိုဖွဲ့ခြင်း မရှိ။ အမျိုးသားပြန်လည်သင့်မြတ်ရေး National Reconciliation ကို ကျွန်တော်တို့ ခိုင်ခိုင်မာမာ ယုံကြည်သည်။ သို့ဆိုလျှင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု Transitional Justice မလွဲမသွေ လိုအပ်သည်။ တောင်အာဖရိကနမူနာ ငြိုးသူ့ရန်ဘက်ချင်း လူဖြူလူမည်း လက်တွဲခဲ့သော်လည်း ‘အပြစ်သား’ တို့က သူတို့အပြစ်ကို ဝန်ခံကြရသည်။ လက်စားမချေ၊ အရေးမယူ လွတ်ငြိမ်းခွင့်ပြုသည်။ အတိတ်ကို အမုန်းဖြင့် ထုံးဖွဲ့ခြင်းမပြုသော်လည်း မဖုံးမဖိ။‘အထက်က ခိုင်းလို့ပါ၊ တာဝန်အရ လုပ်တာပါ’ ဟု လက်မရွံ့ပါးကွက်သားများက လွယ်လွယ်ပြောနိုင် ပြောရကြပါသည်။ ကျွန်တော်တို့ကား နိုင်ငံကျော် ဇာတ်မင်းသမီးကြီး ‘ပဂိုးမြ’ ငိုချင်းချသလို ‘သုမနကျောမှာ ဒဏ်ရာတွေနဲ့ လှန်ကာလေ မပြလိုက်ချင်ဘူး’ ဟု ငိုချင်းမချခဲ့။ စစ်ကြောရေး ငရဲခန်းမှာ အသက်စွန့်ခဲ့ရသူတွေ ဒုက္ခိတဖြစ်ရသူတွေကို မြင်ယောင်လာသည်။ မန္တလေး-အိုးဘိုထောင်တွင် တိုက်ပိတ်ခံရသူများ ခုနစ်နှစ်ကျော် ကြာလာတော့ အချို့ စိတ်ဖောက်ပြန်သွားကြသည်။ အချို့ကား ပြန်လည်လွတ်မြောက်ပြီး ယနေ့အချိန်ထိ စိတ်ပုံမှန်ပြန်ကောင်းမလာကြတော့။ ဘဝပျက်သွားရရှာသည့် မိသားစုများမှာ အမြောက်အမြား။ ထို ၁၉၉၀ ကျော် ကာလများက ခရိုင်နှင့် အ.က.သ အဖွဲ့ဝင် အထက်တန်းကျောင်းသားလေးများ အများအပြား အဖမ်းခံ ထောင်ကျခံကြရသည်။ အကောင်ကြီးလျှင် ၅(ည)ဖြင့် ထောင်ငါးနှစ် ခုနစ်နှစ်၊ အဖွဲ့ဝင်ဆိုလျှင် ၅၀၅(ခ)ဖြင့် ထောင်နှစ်နှစ်။ ဤကလေးများ ပြန်လည်လွတ်မြောက်လာတော့ ကျောင်းနေအရွယ် မဟုတ်တော့ပြီ။ အလုပ်ခွင်ဝင်တော့ ထောက်လှမ်းရေးက နောက်ကလိုက်လာသည်။ ဓာတ်ပုံရိုက်သည်။ အလုပ်ရှင်ရှေ့တွင် စစ်မေးသည်။ ပြီး အလုပ်ရှင်ကို “ခင်ဗျား ဒီကောင် ထောင်ထွက်ဆိုတာ မသိဘူးလား” ဟု ဟောက်သည်။ သို့ဖြင့် အလုပ်ပြုတ်ကြ၊ လွင့်ခဲ့ကြရသည်။ ဂက်စတာပိုနည်းအတိုင်း နိုင်ငံရေးအကျဉ်းသားများကို ညီအစ်ကိုမောင်နှမများ၊ မိသားစုဝင်များအထိ ဓာတ်ပုံရိုက်မှတ်တမ်းတင် စောင့်ကြည့်သည်။ ပို၍ ကြေကွဲဖွယ်ကောင်းသည်ကား ထိုစဉ်က နိုင်ငံရေးကြောင့် သာသနာညစ်နွမ်း ပြစ်မှုပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် ရဟန်းတော်များပင် ဖြစ်ပါသည်။၁၉၉၀ သြဂုတ်လ ၈ ရက် ရှစ်လေးလုံး နှစ်နှစ်ပြည့် အထိမ်းအမှတ် ချီတက်ပွဲကို စစ်အစိုးရက သေနတ်ဖြင့် ပစ်ခတ်ရာ သံဃာတော်အချို့နှင့် ကိုရင်တစ်ပါး သေနတ်ထိမှန် ဒဏ်ရာရခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မန္တလေးမြို့ လေးပြင်လေးရပ် သံဃာတော်များ အစည်းအဝေး ထိုင်တော်မူကြပြီး ထိုစဉ်က စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနသပိတ်ကံ ဆောင်ခဲ့သည်။ အလွန်အထိနာစေသည့် ထိုးနှက်ချက်ဖြစ်သည်။ ကျောင်းသားသမဂ္ဂများ၊ ဒီမိုကရေစီ တက်ကြွသူများနှင့် ကျွန်တော် အပါအဝင် နိုင်ငံရေးဝရမ်းပြေးများ၏ ခိုလှုံရာမှာ မစိုးရိမ်တိုက်၊ အိမ်တော်ရာတိုက်၊ ဘုရားကြီးတိုက်စသည့် ဘုန်းကြီးကျောင်းတိုက်များ ဖြစ်သည်။ ကျောင်းသားများက ‘သံတဲ’ ဟု ခေါ်ဝေါ်ခဲ့ကြသည်။ စစ်အစိုးရက ‘မ၊ မြ၊ မိုး စစ်ဆင်ရေး’ (မစိုးရိမ်း၊ မြတောင်၊ မိုးကောင်းတိုက်)ဖြင့် ကျောင်းတိုက်များအတွင်း ‘ကျားထိုး’ ဝင်ရောက်စီးနင်းပြီး မြင်သမျှ သံဃာတော်များကို ဖမ်းသည်။ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ၊ နိုင်ငံရေးကြေညာချက်၊ သံဃမဂ္ဂီအဖွဲ့ဝင်ဖြစ်ခြင်း စသည့် တစ်ချက်ချက်တွေ့သည်နှင့် စစ်ခုံရုံးက ၂၉၅(က)ဖြင့် ထောင်နှစ်နှစ်ချသည်။ မစိုးရိမ်တိုက် သမိုင်းတွင် နေတစ်ဆူ လတစ်ဆူ ထင်ရှားတော်မူသော မစိုးရိမ်တိုက်သစ် နာယကဆရာတော်ကြီး ဦးရာဇဓမ္မ၊ မစိုးရိမ်တိုက်ဟောင်း ဆရာတော်ကြီး ဦးကောဝိဒ၊ တိပိဋကဆရာတော် ဦးသုမင်္ဂလလင်္ကာရတို့လည်း အဖမ်းခံရကာ ထောင်နန်းစံရရှာသည်။ အားလုံးလူဝတ်လဲခံရပြီး သံဃာအငယ်များအနက် ၄၂ ပါးကို ရဲဘက်စခန်းပို့သည်။ ကချင်ပြည်နယ် ကြိမ်ခရန်ခရဲဘက်စခန်းတွင် မန္တလေးခင်မကန် တိုက်ဆရာတော် ဦးဓမ္မအပါအဝင် ၁၂ ပါး ပျံလွန်တော်မူခဲ့ကြရှာသည်။ ပြည်ထဲရေးလက်အောက်ခံ အကျဉ်းဦးစီးဌာနက ဆောင်ရွက်ခြင်းဖြစ်သော်လည်း အကျဉ်းဦးစီးတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ အခွင့်အာဏာ မရှိ။ ထောက်လှမ်းရေးခိုင်းတာ လုပ်ရခြင်းဖြစ်သည်။ ဤသံဃာတော်များ ရဲဘက်စခန်းတွင် ပျံလွန်တော်မူခဲ့ရခြင်းမှာ သမိုင်းကွက်လပ် ဖြစ်နေသည်။သံဃာတော်များခမျာ သင်္ကန်းဝတ်ခွင့်၊ ဥပုသ်ပြုခွင့် မရရုံသာမက ထောင်မှာဘုန်းကြီး မရှိဟူသည့် ကြွေးကြော်သံဖြင့် သာမန်ရာဇဝတ်သားများသဖွယ် နှိမ့်ချဆက်ဆံခံကြရရှာသည်။ သံဃာငယ်များ မဆိုထားနှင့်၊ မစိုးရိမ်တိုက်သစ်တိုက်ဟောင်း ဆရာတော်ကြီးနှစ်ပါးကိုပင်လျှင် ‘ရာဇဓမ္မ(ခ)စိန်မောင်၊ ကောဝိဒ(ခ)မောင်ကျား’ ဟု ရင့်သီးစွာ သုံးနှုန်းသည်။ ကိုလိုနီထောင်ထုံးစံအတိုင်း လိုက်နာခြင်း ဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်ရာတွင် ကိုလိုနီဓလေ့ကို လိုက်နာသော်လည်း ကိုလိုနီထောင်ကပေးသည့် အကျဉ်းသား အခွင့်အရေးကိုတော့ မလိုက်နာ။ မပေး။မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဦးရာဇဓမ္မ ဘဝနတ်ထံ ပျံလွန်တော်မူသည့် ဈာပနတွင် ထောက်လှမ်းရေးထိပ်သီးဟောင်းကြီး တစ်ဦးက ကုသိုလ်ယူယပ်တောင် ကမ်းသည်။ ယပ်တောင်မှာ ဖော်ပြပါရှိသည့် အလှူရှင်အမည်ကိုတွေ့တော့ သာဓုမခေါ်နိုင်။ ‘ဟင်.. ထောင်ထဲတုန်းကတော့ ရာဇဓမ္မ(ခ) စိန်မောင်လို့ ခေါ်ခဲ့တာ ခုကြည့်စမ်း’ ဟုဆိုပြီး လူပုံလယ် မဏ္ဍပ်ထဲတွင် ကျွန်တော် ယပ်တောင်ကို ပေါက်ချိုး၍ ထွက်ခဲ့မိသည်။ ဤနေရာတွင် မြောက်ပိုင်း AB ကျောင်းသားများ၏ လူသတ်ပွဲနှင့် ပတ်သက်သည့်ဆောင်ပုဒ်ကို သတိရသည်။ ‘Forgive but not forget’ ‘ခွင့်လွှတ်သည်၊ သို့သော် မမေ့’ ဤသမိုင်းမှန်ကို နောင်လာနောက်သားများ၊ အမျိုးဘာသာ၊ သာသနာ ချစ်မြတ်နိုးသူတိုင်း သိသင့်ပါသည်။ အထူးသဖြင့် အမျိုးဘာသာ၊ သာသနာ အလွန်ချစ်တော်မူကြသော သံဃာတေ်ာများ ပို၍ သိသင့်ပါသည်။ ‘ဘုရားမှတ်လို့ ကိုးကွယ်ပါတယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ’ မဖြစ်စေချင်ပါ။ ပျံလွန်တော်မူကြရရှာသော ထောင်တွင်းငရဲခန်းတွင် ဒုက္ခကြီးစွာ ခံစားတော်မူခဲ့ရသော မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဦးရာဇဓမ္မ၊ တိုက်ဟောင်းဆရာတော်ကြီး ဦးကောဝိဒ၊ တိပိဋကဆရာတော် ဦးသုမင်္ဂလအပါအဝင် သံဃာတော်များ၏ ဂုဏ်ကျေးဇူး၊ သီလ၊ သမာဓိ၊ ပညာတို့ကို ဖဝါးခြေအစုံ ဦးခိုက်ရှိခိုးရင်း ကွက်လပ်ဆက်လက်ဖြည့်ပါမည်။ သောင်းတိုက်က ကြာစေသတည်း။

Most Read

Most Recent