အမေရိကန်နိုင်ငံမှာ တစ်နေ့တစ်နေ့ လေလွင့်ဆုံးရှုံးသွားတဲ့ အစားအစာတွေဟာ ရာခိုင်နှုန်း ၄၀ လောက်ရှိတယ်။ တစ်နှစ်တာ အလဟဿ ဆုံးရှုံးသွားတဲ့ တန်ဖိုးက ၆၅ ဘီလျံလောက် ရှိတယ်လို့ (Food recovery) ပရိုဂရမ်က ဆိုတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်တွေ အပါအဝင် လူတို့အတွက် အစားအစာ ပြုလုပ်ရောင်းချသော အရင်းအမြစ်များမှ နေ့စဉ် စွန့်ပစ်လေလွင့်သော အစားအစာဟာ လူပေါင်းသန်းချီ ကျွေးနိုင်တယ်လို့ အနောက်နိုင်ငံ အဖွဲ့တစ်ခုရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။
ထိုသို့အစားအစာ ပိုလျှံလေလွင့်ခြင်းရဲ့ အခြားတစ်ဖက်မှာတော့ လူသန်းပေါင်းများစွာဟာ အစားအစာ မလုံလောက်ခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း စားနပ်ရိက္ခာအဖွဲ့တွေက ထုတ်ပြန်ခဲ့တယ်။ ဖော်ပြထုတ်ပြန်ချက်နှစ်ခုက ဆန့်ကျင်ဘက်ဖြစ်နေတယ်။ တစ်ခုကပိုနေတယ်၊ လေလွင့်နေတယ်။ တစ်ခုကလိုနေတယ်။ တစ်ခုကလေလွင့်ခြင်း ပြုန်းတီးခြင်း တန်ဖိုးမထားခြင်းကို ဖော်ပြပြီး နောက်တစ်ခုက လိုအပ်ခြင်းနှင့် တန်ဖိုးရှိခြင်း အသွင်ကိုဖော်ပြနေတယ်။
ယနေ့လက်ဖက်ရည်ဆိုင်ကြီးတွေမှာ အစားအသောက်မျိုးစုံ ရနိုင်တယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ထမင်းဟင်းမျိုးစုံ ရောင်းကြတယ်။ နေ့စဉ်လက်ဖက်ရည်သောက်ရင်း ဂရုစိုက်ကြည့်မိတယ်။ တချို့တလေ တစ်ဇွန်းစနှစ်ဇွန်းစ စားသောက်ပြီးထသွားတာ၊ တစ်ဝက်တစ်ပျက်လောက်စားပြီး ထသွား တာတွေ့ရတယ်။ အအေးမျိုးစုံ၊ ဖျော်ရည်မျိုးစုံလည်း ဒီအတိုင်းပဲ။ ကုန်စင်အောင် မစားသောက်ကြဘူး။ မကောင်းလို့မစားနိုင်ရင် ဆိုင်ကိုပြန်ပြင်ခိုင်းလို့ ရပါတယ်။ မစားနိုင်လို့ပဲဖြစ်ဖြစ် မကောင်းလို့ မစားချင်လို့ပဲဖြစ်ဖြစ် ကျန်ခဲ့တဲ့ စားစရာတွေကို စားပွဲထိုးတွေက အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်တယ်။ နေ့တိုင်းလိုလို မြင်နေရတဲ့အတွက် နှမြောမိတယ်။ ထမင်း၊ ဂျုံ၊ အသား၊ အသီးအရွက်တွေရဖို့ စိုက်ထုတ်ရသောလုပ်အား၊ အချိန်၊ စွမ်းအင် မြေသြဇာတွေ အလဟဿ ဖြစ်ရတယ်။ တကယ်လို့ ကိုယ်မစားခဲ့ရင် နောက်လူတစ်ယောက်စားရမယ်။ လောလောဆယ် ငွေကုန်သက်သာတယ်။ ယုတ်စွအဆုံး အမှိုက်ပစ်ရတဲ့ အလုပ်တစ်ခု လျှော့သွားမယ်။
စားသောက်ဆိုင်နဲ့ ဟိုတယ်တွေဆို ပိုဆိုးတယ်။ အရက်ရှိန်တက်လာရင် မှာထားတဲ့ အစားအသောက်တွေ တစ်ပုံတစ်ပင် ကျန်ခဲ့တာများတယ်။ တစ်ခါတုန်းက မိတ်ဆုံစားပွဲ တစ်ခုကိုသွားတယ်။ တစ်ဝိုင်းကို လူ ၁၀ ယောက် သတ်မှတ်ထားတယ်။ ၁၀ ယောက် စာအတွက် စားစရာအမျိုးစုံ ၁၁ မျိုးလာချတယ်။ မစားခင်ကတည်းက သောက်လိုက် ပြောလိုက်နှင့် ဘယ်အစားကိုမှ ကုန်အောင် မစားခဲ့ကြဘူး။ အနည်းနှင့်အများ ကျန်ခဲ့တာပါပဲ။ ကျွန်တော်တို့ ထပြန်ခဲ့တဲ့အချိန်မှာ စားပွဲပေါ်ကျန်ခဲ့တဲ့ အစားအစာတွေကိုကြည့်ပြီး နှမြောမိတယ်။ ဒါတွေက နောက်ပြီးရင် အမှိုက်တောင်းထဲ မြောင်းထဲ ရောက်သွားတော့မှာကို တွေးမိတယ်။ ဒီအချိန်မှာ မြန်မာနှင့် ကမ္ဘာ့နေရာမျိုးစုံမှာ ညစာအတွက် ရှာဖွေနေသူ၊ မျှော်လင့်နေသူတွေကို မျက်စိထဲ မြင်ယောင်လာတယ်။
အလှူအတန်းတွေသွားတယ်။ ခင်မင်မှုနဲ့ ထမင်းဟင်းတွေ ခပ်ထည့်ပေးတယ်။ တော်ပါပြီဆိုလည်း မရဘူး။ အားနာလို့ စေတနာကိုလေးစားလို့ စားပေမယ့် မကုန်ဘူး။ ထမင်းတွေဟင်းတွေ အများကြီးကျန်ခဲ့တယ်။ တချို့သူတွေက အသားတုံးတွေကို ကုန်စင်အောင် မစားကြဘူး။ မိမိအတွက် မျှတပြီး ဝအောင် လိုအပ်တာထက်ပိုပြီး ထည့်ကြတယ်။ ပန်းကန်ထဲမှာ စားလို့ရတဲ့ အသားငါးတွေ အများကြီးကျန်ခဲ့တယ်။ ဒါတွေဘယ်ရောက် မလဲဆိုတော့ အမှိုက်တောင်းထဲ မြောင်းထဲရောက်မယ်။ ကိုယ့်အလှူ မဟုတ်ပေမယ့် နှမြောမိတယ်။ စားနိုင်သလောက်ကို စနစ်တကျစားခဲ့ရင် နောက်လူတစ်ယောက်စားနိုင်တယ်။ ဆာလောင်နေသူတွေကို ကျွေးနိုင်တယ်။ လှူတဲ့သူလည်း ကုသိုလ်ပိုရမယ်။ ကမ္ဘာမြေသန့်ရှင်းရေးနဲ့ စွမ်းအင်အတွက်လည်း အကျိုးများတယ်။
တစ်နပ်စာ၊ တစ်နေ့စာ၊ တစ်ဘဝစာအတွက် ကိုယ်ကရယူသုံးစွဲတာပဲဖြစ်ဖြစ် သူများကျွေးတာ၊ ပေးတာ၊ ကမ်းတာပဲဖြစ်ဖြစ် မကုန်နိုင် မခန်းနိုင် အလဟဿ ဖြစ်မယ့်အစား ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး အသုံးနဲ့အဖြုန်း လေလွင့်ခြင်းနဲ့ တန်ဖိုးရှိခြင်းကို ခွဲခြားသိမြင်စေချင်တဲ့ ဆန္ဒနဲ့ရေးခြင်းသာ ဖြစ်ပါတယ်။
တစ်ခါတလေကျတော့လည်း စနစ်တကျ တွေးဆတတ်တာကို နှမြောတွန့်တိုတယ်၊ ကပ်စေးနှဲတယ်လို့ ထင်တတ်ကြတယ်။ ကျွန်တော်တို့မိသားစု မြို့ထဲက ကြက်ကြော်ဆိုင်မှာ သားနှစ်ယောက်နဲ့ မိန်းမက စားချင်တာတွေ မှာတယ်။ ကျွန်တော်က အာလူးကြော်ပဲမှာလိုက်တယ်။ ကြက်ကြော်တွေ ရောက်လာတော့ ခက်ရင်းနဲ့ ဓားနဲ့စားကြတယ်။ သူတို့တွေ စားပြီးပြီဆိုတော့ ပန်းကန်ထဲမှာ ကျန်နေတဲ့ကြက်ကြော်၊ ကြက်ကြော်အရိုးနဲ့ အသားတွေကို လက်နဲ့ကိုင်ဖဲ့စားတယ်။ သူတို့သုံးယောက်စားပြီး ကျန်တဲ့ကြက်ကြော်နဲ့ပဲ ဗိုက်ဝသွားတယ်။ အိမ်ရောက်တော့ သားတို့က ပြောတယ်။ သူတို့ကို အရှက်ခွဲတယ်။ စားပြီးသား ကျန်တာစားလို့ စိတ်မကောင်းဘူး၊ အဖေက ကပ်စေးနှဲတယ်လို့ အပြစ်တင်ကြတယ်။ ကျွန်တော်က သားတို့ထင်သလို မဟုတ်ဘူး။ ပိုက်ဆံနှမြောလို့ သိက္ခာမရှိလို့လည်း မဟုတ်ဘူး။ အဖေက ကြက်သားထက် အရိုးကိုက်ရတာ ပိုကြိုက်တယ်။ နောက်ပြီးသားတို့စားတဲ့ ပုံစံအရ အသားတွေကို ကုန်စင်အောင်စားနိုင်မှာ မဟုတ်ဘူး။ ဒါတွေကို ဒီအတိုင်းထားခဲ့ရင် ဆိုင်က အမှိုက်တောင်းထဲ လွှင့်ပစ်မှာပဲ။ ဒါတွေကို ကြိုတွေးမိလို့ မမှာခဲ့တာလို့ ရှင်းပြတယ်။ ဒါပေမဲ့ သားတို့က နောက်တစ်ခါ အဖေနဲ့ ကြက်ကြော်ဆိုင် မသွားတော့ဘူးလို့ ဆိုကြတယ်။ အဖေ့လိုလူမျိုး လေးယောက်ရှိရင် ကြက်တစ်ကောင်စာ ပိုထွက်လာမယ်။ ကြက်တစ်ကောင် အသက်ပိုရှည်မယ်။ ကုသိုလ်ရမယ်။ ဒါမှမဟုတ် နောက်လူလေးယောက် စားရမယ်။ ကမ္ဘာကြီးအတွက် ဝန်တစ်ခု ပေါ့တာပေါ့ဆိုတဲ့ စကားကိုတော့ ရင်ထဲမှာပဲ ပြောဖြစ်ခဲ့ပါတယ်။
ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ သာလွန်မင်းတရားကြီးကို လေးစားမိတယ်။ ထမင်းရည် လမ်းပေါ်သွန်ချနေတဲ့ သူဆင်းရဲမကို ဆုံးမတယ်။ ထမင်းရည်မှာ အာဟာရရှိတယ်။ သောက်လို့ရတယ်။ ကိုယ်မသောက်ရင်တောင် ခွေး၊ ကြောင်၊ ဝက်တွေကို တိုက်နိုင်တယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝမယ်လို့ ပြောတယ်။ ဟုတ်ပါတယ်။ ထမင်းကျန်ဟင်းကျန်ကို အနီးအနားက ခွေးတွေစားဖို့ ချကျွေးတယ်။ ခွေးစားပြီးတော့ ကြောင်စားတယ်။ ပိုနေသေးရင် သစ်ပင်ပေါ်ကစာနဲ့ ခိုတွေဆင်းစားကြ တယ်။ ထမင်းတစ်စေ့ဟာ စာကလေး တစ်ကောင် တစ်နာရီ အသက်ပိုရှည်စေမယ်ဆိုရင် အကျိုးများတယ်။ သူတို့စားနေတာကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်တဲ့ ခဏမှာ ကုသိုလ်ရတယ်။ တကယ်လို့ လမ်းပေါ်လွှင့်ပစ်လိုက်ရင် ကမ္ဘာမြေနဲ့ လူတွေအတွက် ညစ်ပတ်စေတယ်။ အလှပျက်စေတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ထမင်းကို မိသားစုဝိုင်းဖွဲ့ စားကြတယ်။ မိသားစုစုံလင်မှ ထမင်းစားကြတယ်။ အဲဒီတုန်းက မိဘတွေက ထမင်းကိုပန်းကန်ထဲ အများကြီး ထည့်မပေးဘူး။ လိုမှထပ်ထည့်ပေးတယ်။ ထမင်းစားရင်လည်း မဖိတ်မစဉ်အောင် စားရတယ်။ ပန်းကန်ထဲက ထမင်းကိုလည်း ကုန်စင်အောင်စားရတယ်။ အဲဒီတုန်းက လူကြီးတွေရဲ့စည်းကမ်းကို သိပ်သဘောမတွေ့ဘူး။ ဘာကြောင့်တင်းကျပ် ထားမှန်းလည်း မသိဘူး။ အခုလို အသက်ကြီးလာတဲ့အချိန် ငတ်မွတ်ခေါင်းပါးမှု ရှားပါးမှုတွေကြုံလာတဲ့အချိန် သဘောပေါက်လာတယ်။ တကယ်တော့ နှမြောတွန့်တိုတာ ကပ်စေးနည်းတာ၊ ချုပ်ချယ်တာ မဟုတ်ပါဘူး။ ထမင်းတစ်လုံးကို တန်ဖိုးထားတာ စနစ်ကျတာဖြစ်ပြီး အကျိုးရှိရှိ အသုံးချတတ်အောင် လေလွင့်ပြုန်းတီးမှု ကင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်တယ်ဆိုတာ နားလည်ပေးနိုင်တော့တယ်။
ယနေ့ ခေတ်တွေပြောင်း လူနေမှုပုံစံတွေ ပြောင်းလာတဲ့အတွက် ယခင်မိသားစုစနစ်မျိုး မရနိုင်တော့ပါဘူး။ စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် အရင်လိုအဖေတစ်ယောက် လုပ်စာနဲ့ မိသားစုထိုင်စားလို့ မရတော့ပါဘူး။ လုပ်နိုင်သူမှန်သမျှ ရရာအလုပ်ကိုလုပ်ပြီး ဝိုင်းလုပ်ဝိုင်းစား မိသားစုပုံစံ ဖြစ်လာတယ်။ ဒါကြောင့်မို့ မိသားစုစုံစုံညီညီ ထမင်းစားဖို့ဆိုတာ မလွယ်တော့ပါဘူး။ ယခင်က ဟင်းတစ်ပန်းကန်ကို မိသားစုမျှေ၀ ဝိုင်းဖွဲ့စားတဲ့အတွက် ပိုလျှံတယ်။ လွှင့်ပစ်ရတယ်လို့ သိပ်မရှိဘူး။ ယခုခေတ်ကျတော့ တစ်ယောက်စာ အချိုးကျခွဲဝေချန်ထားရတယ်။ ဒါကြောင့် ထမင်းဟင်းဖိုး ပိုကုန်ကျတယ်။ တစ်ယောက်ယောက်က မစားဖြစ်တဲ့အခါ ချန်ထားတဲ့ ထမင်းဟင်းတွေက အလဟဿဖြစ်သွားတယ်။ သွန်ပစ်ရတယ်။ ယနေ့ကမ္ဘာမှာ မြန်မာမှာရှိတဲ့ မိသားစုအိမ်တွေက စွန့်ပစ်လိုက်ရတဲ့ အစားအစာတွေ ဘယ်လောက်များမလဲ စဉ်းစားပြီး နှမြောမိတယ်။
ကမ္ဘာကြီးကို အပြင်ထွက်ကြည့်လိုက်ရင် တချို့ကဆိုင်တွေ ဟိုတယ်တွေ အိမ်တွေမှာ မကုန်နိုင်မခန်းနိုင်တဲ့ အစားအသောက်တွေကို အမှိုက်တောင်းထဲ လွှင့်ပစ်နေကြတယ်။ တချို့လူတွေက ဆာလောင်မွတ်သိပ်ပြီး ငတ်မွတ်နေကြတယ်။ စားစရာတွေကို ရှာနေ မျှော်နေကြတယ်။ မိမိတစ်ယောက် စနစ်တကျ စားသောက်တာ၊ အလေအလွင့် မရှိအောင် ထိန်းသိမ်းတာဟာ မိမိအတွက် ငွေ၊ သူတစ်ပါးအတွက် အာဟာရနဲ့ ငတ်မွတ်မှု၊ ကမ္ဘာမြေအတွက် သန့်ရှင်းမှုနဲ့ စွမ်းအင်တွေမှာ အကျိုးရနိုင်ပါတယ်။
ဆာလောင်မှု၊ ငတ်မွတ်မှု၊ ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနဲ့ကမ္ဘာမှာ လေလွင့်ခြင်း ဆုံးရှုံးခြင်းတွေကို ပြုပြင်ထိန်းသိမ်း ကြမယ်ဆိုရင် အတိုင်းအတာ တစ်ခုတော့ အကျိုးများမယ်။ သက်မဲ့ဖြစ်ဖြစ် သက်ရှိဖြစ်ဖြစ် လေလွင့်ခြင်း အကျိုးရှိအောင် အသုံးမချနိုင်ခြင်းဟာ ဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါတယ်။










