စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ ကျောက်မီးသွေးသုံး စက်ရုံစီမံကိန်းတွေ တည်ဆောက်ဖို့ ကြိုးစားနေမှုများ ဆက်လက်ရှိနေခဲ့သလို စီမံကိန်းများအပေါ် ကန့်ကွက်ဆန္ဒပြမှုများဟာလည်း ဆက်လက်ဖြစ်ပေါ်နေပါတယ်။ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ နိုင်ငံအနှံ့မှာ တည်ဆောက်ဖို့ ကြိုးစားနေမှုများအပေါ် ပညာရှင်များက ဝေဖန်မှုများ ရှိနေပြီး ဒေသခံများက ကန့်ကွက်မှုများလည်း ရှိနေပေမယ့်လည်း စီမံကိန်းများကို အကောင်အထည်ဖော်ဖို့ ဆက်လက်လုပ်ဆောင်နေမှုများ ရှိနေဆဲဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့နယ်အတွင်းရှိ အံဒင်ကျေးရွာအနီးမှာ တည်ဆောက်ဖို့ရှိတဲ့ ကျောက်မီးသွေးသုံးစက် ရုံစီမံကိန်းကို ထောင်နဲ့ချီတဲ့ ဒေသခံတွေက ပြီးခဲ့တဲ့လပိုင်းက ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစက်ရုံ စီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံတွေက လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလအတွင်းက မွန်ပြည်နယ်အစိုးရနဲ့ လွှတ်တော်ထံ ပေးပို့ခဲ့ပြီး ဖြစ်သလို ဆန္ဒပြ ကန့်ကွက်ပွဲမှာလည်း လူအင်အားထောင်နဲ့ချီပြီး တက်ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ငရုတ်ကောင်းဒေသမှာ တည်ဆောက်ဖို့ လျာထားတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုလည်း ဒေသခံများ ကန့်ကွက်လျက်ရှိရာ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံများရဲ့ လက်ရှိစီးပွားရေး လုပ်ငန်းများ (ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း)အပေါ် စက်ရုံစီမံကိန်းများက သက်ရောက်မှုရှိမှာကို စိုးရိမ်မှုများ ရှိနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အဲဒီစီမံကိန်းကို ပယ်ဖျက်ပေးဖို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ စာကို နိုင်ငံတော်သမ္မတထံကို ပေးပို့ခဲ့ကြပါတယ်။
ပျက်စီးသွားနိုင်တဲ့ Ecologyအဆိုပါ ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်းများကို ဒေသခံများက လက်မခံရတဲ့ အကြောင်းရင်းများတွင် စက်ရုံစီမံကိန်းကြောင့် ကျေးရွာများ ပြောင်းရွှေ့သွားရမယ် ဆိုပါက ဒေသခံများရဲ့ လူမှုဘဝများအပေါ် ရိုက်ခတ်မှု ရှိလာမှာကို စိုးရိမ်ကြတာက အကြောင်းရင်းတစ်ခု အနေနဲ့ ပါဝင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျောက်မီးသွေးသုံး စက်ရုံများတွင် ပမာဏများစွာ သုံးစွဲရလေ့ရှိတဲ့ ရေချိုပမာဏများစွာကို စီမံကိန်းအတွက် သုံးစွဲလိုက်မယ် ဆိုပါက ဒေသအတွင်း ရေချိုအရင်းအမြစ် ရှားပါးခြင်းနဲ့ မလုံလောက်မှုများ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်မှုကတွေ ရှိနေပါတယ်။ ပညာရှင်များကတော့ ကျောက်မီးသွေးစက်ရုံများ ထွက်ရှိလာတဲ့ အမှုန့်တွေနဲ့ ဓာတ်ငွေ့တွေကြောင့် ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှု ဖြစ်ပေါ်စေပြီး သီးနှံတွေ ပျက်စေပြီး ရေထဲမှာ ငါးတွေမနေနိုင်အောင်အထိ ဒုက္ခပေးနိုင်တယ်လို့ ထောက်ပြပြောဆိုမှုတွေ ရှိပါတယ်။ ဒါ့ပြင် ကျောက်မီးသွေးစက်ရုံတွေဟာ ရေနွေးငွေ့နဲ့ လည်ပတ်ရတဲ့အတွက် ရေချိုများစွာလိုအပ်ပြီး စက်ရုံမှ အသုံးပြုပြီး စွန့်ပစ်ရေများဟာ ပတ်ဝန်းကျင်ရေထုထဲသို့ ရောက်ရှိပါက ငါးကဲ့သို့ သတ္တဝါတွေ မရှင်သန်နိုင်ဘဲ ပတ်ဝန်းကျင်ဂေဟစနစ် (ecology) ထိခိုက်ပျက်စီးစေမှာ ဖြစ်တယ်လို့လည်း ပညာရှင်တွေက သတိပေးပြောကြားမှုတွေ ရှိနေပါတယ်။ ဒါ့ပြင် ယခုကျောက်မီးသွေးသုံး စက်ရုံတွေမှာ လုပ်ဆောင်မယ်လို့ ပြောထားတဲ့ cleancoal နည်းပညာကို သုံးစွဲပါက ကျောက်မီးသွေးကအစ ပြည်ပက ဝယ်ယူရမှာ ဖြစ်တဲ့အတွက် ငွေကြေးကုန်ကျမှုများပြီး ကျွမ်းကျင်လုပ်သား လိုအပ်ချက်လည်း ရှိနိုင်ကြောင်း ထောက်ပြကြပါတယ်။ အထူးသဖြင့် ကျောက်မီးသွေးသုံးစက်ရုံတွေက စွန့်ပစ်ပစ္စည်းတွေက လူနဲ့ လူ့ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ ရှိလာနိုင်မယ့် အခြေအနေကို စိုးရိမ်မှုများ ရှိနေပြီး လက်ရှိအခြေအနေအရ စက်ရုံက ထွက်လာမယ့် စွန့်ပစ်ရေတွေကို ပင်လယ်ထဲသို့ စွန့်ပစ်ဖို့ ရည်ရွယ်ထားတဲ့ အနေအထားတွေကို တွေ့နေရတာ ဖြစ်ပါတယ်။
လေ့လာရေးခရီးကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ပညာရှင်တွေရဲ့ ထောက်ပြမှုတွေ ရှိနေပေမယ့် စက်ရုံစီမံကိန်း ဆောက်လုပ်လိုသူများကတော့ စီမံကိန်းပြုလုပ်မယ့် ဒေသခံများနဲ့ တွေ့ဆုံပွဲများ ပြုလုပ်မှုများ ရှိနေပါတယ်။ အဲဒီလို တွေ့ဆုံပွဲ အများစုမှာတော့ ဒေသခံများရဲ့ ထောက်ခံမှုကို မရရှိခဲ့ဘဲ ငရုတ်ကောင်းဒေသ တွေ့ဆုံပွဲမှာဆိုရင် တွေ့ဆုံပွဲမပြီးခင်မှာ ဒေသခံများက ထွက်ခွာသွားကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။ စီမံကိန်းဆောင်ရွက်မယ့်အပေါ် ဒေသခံများ ထောက်ခံမှုမရခဲ့တဲ့ နောက်ပိုင်းမှာ စီမံကိန်း ဆောင်ရွက်လိုသူများက ဒေသခံအချို့ကို ရွေးချယ်ပြီး ပြည်ပသို့ ကျောက်မီးသွေးစက်ရုံလေ့လာရေး ခရီးများ စီစဉ်ပေးမှုများ ပြုလုပ်လာခဲ့ကြပါတယ်။ အဲဒီလို ပြည်ပလေ့လာရေး ခရီးစဉ်တွေဟာ စီမံကိန်းများကို လက်ခံလာဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပြီး တစ်ဖက်မှာလည်း ဌာနဆိုင်ရာများနဲ့လည်း စီမံကိန်းဆိုင်ရာ သဘောတူချက်များ ရရှိဖို့အတွက် စီမံကိန်းဆောင်ရွက်လိုသူများက ကြိုးစားမှုများ လုပ်ဆောင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေသခံအချို့ကို ပြည်ပလေ့လာရေး ခရီးစဉ်များ ပို့ဆောင်ပေးမှုအပေါ် ဝေဖန်မှုများ ရှိသလို ဒေသခံများ မသိလိုက်ပဲ စီမံကိန်းဆိုင်ရာ သဘောတူချက်များ ရရှိဖို့အတွက် ဆောင်ရွက်နေမှုများ အပေါ်လည်း ဝေဖန်မှုများ ရှိနေတာဖြစ်ပါတယ်။
ပြည်တွင်း ၁၈ ရာခိုင်နှုန်းလျှပ်စစ်ဓာတ်အားကဲ့သို့ စွမ်းအင်လိုအပ်ချက်တွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ လိုအပ်နေပေမယ့် ကျောက်မီးသွေးသုံးစက်ရုံတွေ တည်ဆောက်ဖို့ကိုတော့ ပညာရှင်တွေက အားမပေးပါဘူး။ ပညာရှင်တွေ အဓိက ထောက်ပြနေတာက ကိုယ့်နိုင်ငံမှာ ပေါများစွာ ထွက်နေတဲ့ သဘာဝဓာတ်ငွေ့ကိုသုံးပြီး လျှပ်စစ်ဓာတ်အားထုတ်တဲ့ စက်ရုံတွေ တည်ဆောက်ကြဖို့ပါ။ စွမ်းအင်အဖြစ် သုံးနိုင်တဲ့ သဘာဝဓာတ်ငွေ့တွေ ထွက်ရှိပေမယ့် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပြည်ပနိုင်ငံတွေကို ရောင်းချဖို့ ဦးစားပေးခဲ့တဲ့ မူဝါဒကြောင့် ပြည်တွင်းအတွက် သဘာဝဓာတ်ငွေ့ ရရှိမှု ပမာဏဟာ အကန့်အသတ်ရှိခဲ့တာ ကြာနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စွမ်းအင်ဝန်ကြီးဌာနက လွှတ်တော်မှာ တင်ပြချက်မှာတော့ ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဓာတ်ငွေ့များရဲ့ ၇၈ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ခဲ့ကာ ပြည်တွင်းမှာ ၁၈ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ပြီး ကျန်လေးရာခိုင်နှုန်းကတော့ Project များရဲ့ Utilities သုံးခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ ဒီနှုန်းထားတွေအရ ပြည်တွင်းသုံးစွဲမှုရဲ့ သုံးဆကျော်ကို ပြည်ပကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
၂၃ ထရီလျံ ကုဗပေလက်ရှိမှာ နိုင်ငံတကာနဲ့ စာချုပ်ချုပ်ဆို ရောင်းချပြီးသော ကမ်းလွန်လုပ်ကွက် သဘာဝဓာတ်ငွေ့သိုက် လေးခုရှိနေပြီး ရတနာနှင့် ရဲတံခွန် လုပ်ကွက်များမှ ထွက်သော သဘာဝဓာတ်ငွေ့များအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေပြီး ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ နှစ် ၃၀ စာချုပ်ဖြင့် ၁၉၉၈ ခုနှစ်မှ စတင်ရောင်းချထားပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်က ထွက်ရှိတဲ့ ဓာတ်ငွေ့များကို ၂၀၀၀ ပြည့်နှစ်မှစပြီး ရောင်းချပေးနေတာဖြစ်ပြီး မုတ္တမကမ်းလွန်မှာရှိတဲ့ M9 လုပ်ကွက်ရှိ ဇောတိကစီမံကိန်းက ဓာတ်ငွေ့များကိုလည်း ပြီးခဲ့တဲ့နှစ်မှစပြီး ထိုင်းနိုင်ငံကို တင်ပို့ရောင်းချခဲ့တယ်လို့ သတင်းမီဒီယာတွေရဲ့ ရေးသားချက်မှာ ပါရှိခဲ့ပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ် ကမ်းလွန်မှာရှိတဲ့ ရွှေဂက်စ်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်ကစတင်ပြီး နှစ်ရှည်စာချုပ်ဖြင့် ဝယ်ယူနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာ တစ်စောင်မှာတော့ မြန်မာနိုင်ငံမှာ ထုတ်ယူရခြင်း မရှိသေးတဲ့ ခိုအောင်းနေတဲ့ သဘာဝဓာတ်ငွေ့ ပမာဏ ၂၃ ထရီလျံ ကုဗပေအထိ ရှိမယ်လို့ ခန့်မှန်းထားပြီး လက်ရှိနှစ်စဉ် ထုတ်လုပ်နေတဲ့ နှုန်းထားများအရ ၄၆ နှစ်ကြာ ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ဒီလို ပြည်ပကို သဘာဝဓာတ် ငွေ့ပမာဏများများ တင်ပို့ရောင်းချနေတဲ့ အချိန်မှာပဲ သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်တွေကို မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ ဆက်လက်တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် လေးခုထက်မနည်း တွေ့ရှိထားကြောင်း ပြောကြားမှုများလည်း ရှိနေပြီး လာမယ့်နှစ် အနည်းငယ်အတွင်း စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ ဓာတ်ငွေ့သိုက်တွေ ပါဝင်သလို စမ်းသပ်တူးဖော်ရမယ့် လုပ်ကွက်တွေလည်း ပါဝင်နေပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကမ်းလွန်တစ်နေရာမှာလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက် စမ်းသပ်ရှာဖွေဖို့ ကနေဒါအခြေစိုက် ကုမ္ပဏီတစ်ခုက ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ကျခံပြီး ဆောင်ရွက်မယ့်လုပ်ငန်းတွေ မကြာခင် စတင်ဖို့ ရှိနေပါတယ်။ ဒီလို သဘာဝဓာတ်ငွေ့ ထွက်ရှိမှုနဲ့ ရှေ့ဆက်ပြီးတော့လည်း ထွက်ဖို့ရှိနေတာကြောင့် ဘေးအန္တရာယ်မကင်းတဲ့ ကျောက်မီးသွေးသုံးစက်ရုံတွေ ဆောက်မယ့်အစား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ စဉ်းစားကြဖို့ လိုအပ်လာပါတယ်။ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့အတွက် ပြည်တွင်းအတွက် ဓာတ်ငွေ့တွေ ပိုရဖို့ လိုပါတယ်။ သိရသလောက် ဓာတ်ငွေ့တွေကို ရောင်းချတဲ့ နေရာမှာ ပြည်ပကို ရောင်းချရခြင်းဟာ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့်ဖြစ်ပြီး ယခင်က ပမာဏများစွာကို ရောင်းချခဲ့ရတဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ တိုင်းပြည်ရဲ့ စွမ်းအင်လုံလောက်မှုကို ထည့်မစဉ်းစားဘဲ ပြည်ပကို ထိုးရောင်းခဲ့တဲ့ မူဝါဒတွေကို ပြုပြင်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ဓာတ်ငွေ့တွေကို ပြည်ပကိုအများကြီး ရောင်းပစ်ပြီး ပြည်တွင်းမှာတော့ ဘေးအန္တရာယ်ရှိနိုင်ပြီး ငွေကြေးကုန်ကျများတဲ့ ကျောက်မီးသွေးစက်ရုံတွေ ဆောက်မယ်ဆိုရင် ပြည်သူတွေအတွက် အများကြီး နစ်နာပါတယ်။ ဒီအတွက် ပြည်ပကို ဓာတ်ငွေ့ပို့သင့်သလောက်သာပို့ပြီး ပြည်တွင်းဖူလုံမှုကို ဦးစားပေးဖို့ လိုပါတယ်။ အခုဆိုရင် နိုင်ငံခြားငွေရဖို့ ဓာတ်ငွေ့တွေထုတ်ရောင်းပြီး ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား မလောက်တော့ မီးစက်တွေ၊ စက်သုံးဆီတွေကို ပြည်ပကပဲ နိုင်ငံခြားငွေနဲ့ပဲ ဝယ်နေရတာကြောင့် ရတဲ့ငွေလည်း အဖတ်မတင်တဲ့အပြင် အခြားအထွေထွေစရိတ်တွေကြောင့် စရိတ်စကတွေ မြင့်တက်စေပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရန်ကုန်ရှိ သီလဝါစက်မှုဇုန်အတွင်းမှာ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်ဖို့ ပုဂ္ဂလိကပိုင်းက ရင်းနှီးမြှုပ်နှံဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒီလိုစက်ရုံတွေက ကျောက်မီးသွေးသုံး စက်ရုံတွေထက် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု နည်းပါးစေနိုင်ပါတယ်။ဒီအတွက် လူနဲ့ လူ့ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ ကျောက်မီးသွေးသုံး စက်ရုံတွေကို သုံးစွဲခြင်းထက် ကိုယ့်နိုင်ငံကထွက်တဲ့ ဓာတ်ငွေ့တွေကို ပိုမိုသုံးစွဲနိုင်မယ့် အစီအမံများ ချမှတ်သင့်ပါတယ်။ ဒါမှသာ ကျောက်မီးသွေးသုံး စက်ရုံတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာဖြစ်ပြီး စွမ်းအင်ဖူလုံဖို့ လိုအပ်ချက်ရှိနေတဲ့ နိုင်ငံအတွက် ကောင်းမွန်တဲ့ အခင်းအကျင်းများကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များနှင့် စွမ်းအင်ဖူလုံမှု
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago