ဘောလုံးကစားနည်းလို့ ပြောလိုက်ရင် လိုင်ယွန်နယ်မက်ဆီရဲ့ ရင်သပ်ရှုမောဖွယ် ဘောလုံးမှော်အတတ်၊ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကြွက်သားအလှတွေကို မြင်ယောင်လာရတာ ပျော်စရာပါ။ ဒါပေမဲ့ ဘောလုံးကစားနည်းရဲ့ စစ်မှန်တဲ့ အလှတရားကတော့ အရှေ့ကနေ အနောက်၊ မြောက်ကနေတောင် ဖြန့်ကြက်ထားနိုင်ခြင်းအပေါ်မှာ ကိန်းအောင်းနေပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာကြီးကို ဘောလုံးလောက် ဘယ်အားကစားနည်းကမှ တွန်းအားမပေးနိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ် ဇွန် ၁၂ ရက် ဘရာဇီးမှာ ကမ္ဘာ့ဖလားပွဲလုပ်တော့ ကမ္ဘာ့လူဦးရေ ထက်ဝက်လောက်က အနည်းဆုံးတော့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေရဲ့ တစ်စိတ်တစ်ဒေသကို ကြည့်ဖြစ်ခဲ့ကြပါတယ်။မာရာကာနာ အားကစားကွင်းလောက်ကြီးတဲ့ တိမ်မည်းထုကြီးအောက်မှာ ပြိုင်ပွဲစတင်ခဲ့ရတာကတော့ ဝမ်းနည်းစရာပါ။ ဗြိတိန်နိုင်ငံရဲ့ Sunday Times သတင်းစာက ရရှိခဲ့တဲ့ အထောက်အထားတွေအရ ကာတာနိုင်ငံ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ တိတ်တိတ်ကလေး လာဘ်ထိုးခဲ့ရတယ်ဆိုတာ သိလိုက်ရပါတယ်။ကာတာနိုင်ငံ အိမ်ရှင်ဖြစ်ခွင့်ရတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရေဗျကန္တာရ နွေလယ်မှာ ကျင်းပတာဟာ ကောင်းမွန်တဲ့စိတ်ကူး ဟုတ်ပါသလား။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ထပ်မံစစ်ဆေးဖို့ နည်းပညာ အသုံးပြုရာမှာ ဘောလုံးဟာ ရပ်ဘီ၊ ခရစ်ကက်နဲ့ တင်းနစ်တို့လို တခြားအားကစားနည်းတွေနောက်မှာ ဘာလို့အများကြီး ကျန်ရစ်ခဲ့ရတာလဲ။ ကမ္ဘာ့ အကောင်းဆုံး ကစားနည်းက ၁၉၉၈ ကတည်းက ဖီဖာအကြီးအကဲ ဖြစ်ခဲ့တဲ့ ဆပ်ဘလတ္တာကြီးမှူးတဲ့ ခပ်ချာချာအဖွဲ့က ဦးဆောင်နေတဲ့အောက်ကို ဘာဖြစ်လို့ ရောက်နေရတာလဲ။ ဘယ်အဖွဲ့အစည်းမှာမဆို အတောမသတ်တဲ့ ဒီလိုမျိုး ငွေရေးကြေးရေး အရှုပ်တော်ပုံတွေနဲ့ဆို ဘလတ္တာလိုလူမျိုးက ပြုတ်သွားသင့်တာ ကြာလှပေါ့။ဘောလုံးပရိသတ် တော်တော်များများကတော့ ဒါတွေအားလုံးနဲ့ အကျွမ်းမဝင်ပါဘူး။ သူတို့အတွက် အရေးကြီးတာကတော့ လှပတဲ့ ကစားနည်း သက်သက်ပါ။ ဘောလုံးကစားနည်းကို ကြီးစိုးလွှမ်းမိုးနေတဲ့ မသမာမှုကို စိတ်မဝင်စားပါဘူး။ နိုင်ငံတကာ အိုလံပစ်ကော်မတီဟာလည်း ၂၀၀၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲ ဆုချီးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ကာတာလို အရှုပ်တော်ပုံ ပေါ်ခဲ့တာကြောင့် တော်တော်ရှင်းယူဖို့ ကြိုးစားခဲ့ရတယ်။ ဖော်မြူလာဝမ်း အကြီးအကဲ ဘာနီအက်ကလက်စတုန်းဟာလည်း ဂျာမနီမှာ လာဘ်စားမှုနဲ့ စွပ်စွဲခံရတာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတယ်။ အမေရိကန် ဘတ်စကက်ဘောမှာ ဆိုရင်လည်း လူမျိုးရေးခွဲခြားတဲ့ ပိုင်ရှင်တစ်ယောက်ကို ထုတ်ပယ်ခဲ့ရတယ်။ ဒုတိယမြောက် လူကြိုက်အများဆုံး အားကစားနည်းဖြစ်တဲ့ ခရစ်ကက်မှာ ဆိုရင်လည်း ပွဲစဉ်ရေးဆွဲတာတွေနဲ့ ပတ်သက်ပြီး အရှုပ်တော်ပုံတွေ ရှိခဲ့တယ်။ အမေရိကန် ဘောလုံးမှာလည်း ဒဏ်ရာရရှိမှုတွေအတွက် လျော်ကြေးပြဿနာတွေ လွှမ်းမိုးနေတာပါပဲ။ဒါပေမဲ့ ဘောလုံးပရိသတ်တွေကတော့ ဒါတွေအားလုံး သူတို့နဲ့မဆိုင်ဘူးလို့ မှားယွင်းစွာ တွေးနေကြလေရဲ့။ ပထမဆုံးအနေနဲ့ ပြောရရင် ထိပ်ပိုင်းမှာ ခြစားမှုနဲ့ ကိုယ်ကျိုးစီးပွားရှာတာတွေ ရှိနေတာဟာ ကွင်းအတွင်းမှာ မသမာမှုတွေကို တိုက်ဖျက်ဖို့ ပိုပြီးခက်ခဲသွားစေပါတယ်။ အခုအခါ ဘောလုံးပွဲတိုင်းမှာ လောင်းကြေးတွေ ပိုပိုပြီး ကြီးမားလာနေပါတယ်။ ကမ္ဘာ့ဖလားပွဲ တစ်ပွဲမှာ လောင်းကြေး အမေရိကန်ဒေါ်လာ တစ်ဘီလျံလောက် ရှိနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပြင်ပက ဖိအားတွေရဲ့အောက်မှာ ဖီဖာဟာ မကြာသေးမီက လူသူလေးစားတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ် မက်ပီးယာ့သ်လိုမျိုး ပုဂ္ဂိုလ်တွေကို ဆွဲသွင်းလာပါတယ်။ ဒါပေမဲ့ ဖီဖာလို့ ဆိုလိုက်ရင် ဘလတ္တာမျက်နှာကြီးကိုပဲ မြင်နေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ဖီဖာရဲ့ ပြုပြင်ပြောင်းလဲရေး အကြောင်းပို့ချချက်တွေကို နားထောင်နိုင်မှာတဲ့လား။ဒုတိယအချက် အနေနဲ့ အချိန်အကြာကြီးဖြစ်နေတဲ့ ခြစားမှုအတွက် အပြစ်ပေးခံရသူ မရှိဘူး၊ အိမ်ရှင်နိုင်ငံရွေးတိုင်း ဒီလိုပဲ ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘောလုံးနဲ့ဆိုင်တဲ့ အာဏာပိုင်တွေကို လာဘ်ပေးနေတဲ့ ပုံမျိုးနဲ့ မသမာတဲ့ အုပ်ချုပ်မှုစနစ်တွေ ပေါင်းလိုက်တဲ့အခါ အဓိက အားကစားပြိုင်ပွဲကြီး တစ်ရပ်ဟာ နိုင်ငံ့ဘဏ္ဍာတွေကို လိမ်ညာရယူဖို့ အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်သွားစေပါတယ်။ ဥပမာပြောရရင်တော့ အကျိုးအမြတ်ကြီးမားတဲ့ ကန်ထရိုက်တွေကို ခရိုနီတွေကို ချပေးမယ်ပေါ့ဗျာ။ နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဖြစ်ရမယ့် ပြိုင်ပွဲတွေဟာ ခြစားမှုပွဲတော်ကြီးတွေ ဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ကြီးမားတဲ့ အခွင့်အလမ်းကြီးတစ်ရပ်ကို ပေးဆပ်ရပါလိမ့်မယ်။ ပြောရရင်တော့ ဘောလုံးကစားနည်းဟာ ဖြစ်သင့်ဖြစ်ထိုက်သလောက်တော့ ဂလိုဘယ် မဖြစ်သေးပါဘူး။ ဘောလုံးကစားနည်းဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်မှာ မအောင်မြင်ပါဘူး။ အမေရိကန်တွေက ဘောလုံးကစားပေမယ့် ဘောလုံးပွဲမကြည့်ပါဘူး။ တရုတ်နဲ့ အိန္ဒိယကတော့ အဲဒါနဲ့ ပြောင်းပြန်လို့ ပြောရင်ရပါတယ်။ ပြောရရင် ဘရာဇီး ကမ္ဘာ့ဖလားမှာတောင် တရုတ်နဲ့ အိန္ဒိယ မပါပါဘူး။ဒါနဲ့ပတ်သက်ပြီး ဖီဖာရဲ့ ခုခံကာကွယ်ချက်ကတော့ အဲဒီနိုင်ငံကြီးတွေမှာ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအရ သူတို့အားသန်တဲ့ အားကစားနည်းတွေ ရှိနေလို့ပါပဲ။ အိန္ဒိယမှာ ဆိုရင်တော့ ခရစ်ကက်ပေါ့လေ။ ဘောလုံးက အခြေချရာမှာ နှေးကွေးနေပါသေးတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဘောလုံးကစားနည်းကို စိတ်အားထက်သန်တဲ့ မိဘတွေ ကြီးပြင်းလာပြီးတော့ ဘောလုံးကစားနည်းကို သူတို့ရဲ့ ကလေးတွေဆီ လက်ဆင့်ကမ်းပေးနေပါပြီ။ ဒါနဲ့ပတ်သက်ပြီး ဖီဖာရဲ့ ရူးသွပ်တဲ့ လုပ်ရပ်ကိုကြည့်ရင် အိမ်ရှင်ဖြစ်ခွင့် အမေရိကန်ကိုမပေးဘဲ ကာတာကိုပေးလိုက်တာ တွေ့ရပါလိမ့်မယ်။ ဆွစ်ဇာလန်မှာရှိတဲ့ ဖီဖာဌာနချုပ်ကနေ ထွက်လာတဲ့ မသန့်ရှင်းတဲ့လေဟာ ပြည်တွင်းလိဂ်မှာ ပွဲစဉ်သတ်မှတ်ပုံနဲ့ ခြစားမှုတွေကို အကြီးအကျယ် စိတ်ပျက်နေတဲ့ တရုတ်က လူငယ်ပရိသတ်တွေကိုလည်း မနှစ်သိမ့်နိုင်ခဲ့ပါဘူး။Photo:AFP
ဘလတ္တာကို ဖယ်ရှားပစ်လိုက်ရင်တော့ ကောင်းသွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဖီဖာရဲ့ ဖွဲ့စည်းပုံပြဿနာကိုတော့ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဆွစ်ဇာလန်နိုင်ငံရဲ့ အကျိုးအမြတ် ရယူခြင်းမရှိတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် ဥပဒေအရ သတ်မှတ်ထားပေမယ့် ဖီဖာမှာ ဆရာကျသူ မရှိပါဘူး။ နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေ ဒါမှမဟုတ် ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေလို ဖီဖာရဲ့ ငွေကြေးအပေါ် မှီခိုနေရသူတွေကို ဖီဖာက ထိန်းထားနိုင်ပါတယ်။ ဖီဖာကိုဝင်ဖို့ မြင့်မားတဲ့ အတားအဆီးတွေရှိတာမို့ ပြိုင်ဘက်ထွက်ပေါ်လာဖွယ် မရှိပါဘူး။ ဒါကြောင့် ဖီဖာဟာ နိုင်ငံတကာ ဘောလုံးကစားနည်းကို အလိုအလျောက် လက်ဝါးကြီးအုပ်ထားတာပါ။ ဒီလိုမျိုး ပေါ်ပေါ်ထင်ထင် ဖြစ်နေတာကို ထိန်းချုပ်သင့်ပေမယ့် ဖီဖာဟာ ဘယ်အစိုးရကိုမှ ဂရုမစိုက်ပါဘူး။ဆွစ်ဇာလန်နိုင်ငံအနေနဲ့ သန့်စင်ရေးလုပ်ဖို့ ဒါမှမဟုတ် ဖီဖာကို အသာစီးရစေတဲ့ အခွန်အတုပ် အနေအထားကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုသင့်ပါတယ်။ စပွန်ဆာတွေအနေနဲ့ ခြစားမှုနဲ့ပတ်သက်ပြီး နည်းပညာအသစ်တွေအတွက် တွန်းအားပေးဖို့နဲ့ ပတ်သက်ပြီး ဖီဖာကို ဖိအားပေးသင့်ပါတယ်။ ပယ်နယ်တီပေးခြင်းနဲ့ ဂိုးပေးခြင်းတွေအတွက် ချက်ချင်း ဗီဒီယိုပြန်ကြည့်တဲ့ စနစ်ကို စတင်သင့်ပါတယ်။ဝမ်းနည်းဖို့ကောင်းတာက ဘောလုံးပရိသတ်တွေဟာ ရိုမက်တစ်ဆန်တဲ့ နိုင်ငံသားတွေဖြစ်ပြီး ယုတ္တိဗေဒကျတဲ့ စီးပွားရေးပညာရှင်တွေ မဟုတ်တာပါပဲ။ ဥပမာအနေနဲ့ ဥရောပကနေ အာဖရိက၊ အဲဒီကနေ အာရှ၊ အဲဒီကနေ အမေရိက ပုံမှန်အတိုင်း အလှည့်ကျ လုပ်သွားမယ်ဆိုရင် အနည်းဆုံးတော့ တိုက်ကြီးများအကြား ခြစားမှုကိုတော့ ရပ်တန့်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဖီဖာရဲ့ ထိပ်ပိုင်းကို အပြောင်းအလဲ မလုပ်ဘဲနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။










