၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို ကြေညာပြီးမှသာ NLD ပါတီ ရွေးကောက်ပွဲ ဝင်၊ မဝင်ကိစ္စ တရားဝင်ကြေညာမည်

၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို ကြေညာပြီးမှသာ NLD ပါတီ ရွေးကောက်ပွဲ ဝင်၊ မဝင်ကိစ္စ တရားဝင်ကြေညာမည်
Published 27 May 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို ကြေညာပြီးမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲ ဝင်၊ မဝင်ကိစ္စကို တရားဝင်ကြေညာမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။မေ၂၇ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေးပူးတွဲကြေညာ စာတမ်းထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်၊ မဝင် ကိစ္စနှင့် ပတ်သက်၍ စပ်လျဉ်းသော သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဦးဝင်းထိန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးဝင်းထိန်က “ဒေါ်အောင်ဆန်းစုကြည်ပြောတာက သပိတ်မှောက်ခြင်းဟာ ရွေးကောက်ပွဲအတွက် ရွေးချယ်ထိုက်တဲ့ အချက်တစ်ချက်ဖြစ်တယ်။ သပိတ်မှောက်မယ်၊ မမှောက်ဘူးလို့ လုံးဝပြောတာ မဟုတ်ဘူး။ နောက်တစ်ချက်က ကျွန်တော်တို့က ပါတီကြီးဖြစ်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲစာရင်းတွေ စစ်တယ်။ မနေ့ကဆိုရင် မဲစာရင်းမှာ အမှားတွေအများကြီး တွေ့ရတယ်။ အဲဒီ အမှားတွေကြောင့် မဲပေးလို့ မရတဲ့သူတွေ တစ်ပုံကြီးရှိတယ်။ ဒါဟာ တမင်သက်သက် လုပ်သလားဆိုတာလည်း ယူဆစရာ ရှိတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲကော်မရှင်က ဘယ်နေ့လုပ်ပါမယ်ဆိုပြီး တရားဝင် မကြေညာသေးဘူး။ ကြေညာပြီဆိုရင် ကျွန်တော်တို့အပေါ်က ပုဂ္ဂိုလ်တွေ၊ ကျွန်တော်တို့တွေ တိုင်ပင်ပြီးတော့မှ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာ တရားဝင်ကြေညာမယ်။ အခု မပြောသေးဘူး” ဟု ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေးပူးတွဲကြေညာစာတမ်းတွင် ရွေးကောက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် ဆက်လက်ဆောင်ရွက်ကြရာတွင် မလွဲမသွေ ရင်ဆိုင်ဖြတ်သန်းရမည်မှာ ရွေးကောက်ပွဲများဖြစ်ကြောင်း၊ ရွေးကောက်ပွဲများသည် နိုင်ငံတစ်ခု၏ ဒီမိုကရေစီရေး ညင်သာစွာ အသွင်ကူးပြောင်းနိုင်ရန် နိုင်ငံသားပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ” ဖြစ်ရန် အဓိက အရေးကြီးဆုံးဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ အများပြည်သူတို့က ဗဟိုမှစ၍ အောက်ခြေအဆင့်အထိ ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ ဘက်လိုက်မှုကင်းရေးအပေါ် သံသယဝင်လျက် ရှိနေသေးသည်ဟု ရေးသားဖော်ပြထားသည်။ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်၍ (၁) တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုပြဋ္ဌာန်းပြီး ထိုအတိုင်း လိုက်နာဆောင်ရွက်ရန်၊ (၂) သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ရွေးကောက်ပွဲများကျင်းပရန်၊ (၃) စံထားလေးစားလောက်သော နိုင်ငံတကာရွေးကောက်ပွဲ အကဲခတ်သူများကို လေ့လာခွင့်ပြုရန်၊ (၄) ရွေးကောက်ပွဲစောင့်ကြည့်ရေး ကိစ္စရပ်များတွင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက် လူ့အဖွဲ့အစည်းများအား လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရန်၊ (၅) အုပ်ချုပ်ရေးပိုင်းနှင့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်များ ဘက်လိုက်မှုကင်းစွာဖြင့် ကြီးကြပ်ဆောင်ရွက်စေရန် စသည့်အချက်များဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည်ဟုလည်း နိုင်ငံရေးပူးတွဲ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent