၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနားကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ကြီးမှူးကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မတက်ရောက်

၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနားကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ကြီးမှူးကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မတက်ရောက်
Published 27 May 2015
ကျော်ဇင်ဝင်း

၁၉၉၀ ရွေးကောက်ပွဲ (၂၅) နှစ်ပြည့် ငွေရတုအခမ်းအနားကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ကြီးမှူးကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တက်ရောက်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။အဆိုပါ ၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်း ယုဒဿန်ခန်းမတွင် မေ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ရှိထင်ရှားရှိနေသေးသည့် ပြည်တွင်း၊ ပြည်ပမှ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ရှိထင်ရှား မရှိတော့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မိသားစုဝင်များ၊ သံဃာတော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူးတာဝန်ယူခဲ့သည့် ဦးအေးသာအောင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောသမိန်ထွန်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။“၂၅ နှစ်ကာလမှာ ကျွန်တော်တို့ အခက်အခဲအမျိုးမျိုး တွေ့ကြုံရပြီးတော့ ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေကလည်း မနည်းတော့ပါဘူး။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ဒီအချိန်ကာလကို ပြန်ကြည့်မယ်ဆိုရင်လည်း ရှင်းရှင်းပြောရင်တော့ တော်တော်ခက်ခဲတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရယူတဲ့ ပန်းတိုင်ကိုလည်း မဆုတ်မနစ် အခုထိ ချီတက်ဆဲပါပဲ။ ဒါပေမဲ့ ရလိုတဲ့စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားနေပါတယ်” ဟု ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။ထို့ပြင် အခမ်းအနားသို့ လက်နက်ကိုင် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကယန်းပြည်သစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA)၊ ကရင်အမျိုးသမီး အစည်းအရုံး၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO) နှင့် အခြားသော နိုင်ငံရေးအင်အားစုများမှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။သို့ရာတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ အဓိက အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အချို့သာ ပုဂ္ဂိုလ်ရေးအရ တက်ရောက်ခဲ့ပြီး လက်ရှိပါတီခေါင်းဆောင်ပိုင်း အနေဖြင့် တရားဝင် လူပုဂ္ဂိုလ်အနေဖြင့် တက်ရောက်ခြင်း၊ သဝဏ်လွှာပေးပို့ခြင်း တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။“ဒါက ၁၉၉၀ ရဲ့ ငွေရတုပဲလေ။ ကျွန်တော်တို့က ၁၉၉၀ ကို တန်ဖိုးထားလို့ ဒီအခမ်းအနားကို လုပ်တာ။ ဘယ်သူ့အကျိုး၊ ဘယ်ဝါအကျိုးအတွက်မှလည်း လုပ်တာမဟုတ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲကို ဘယ်အဖွဲ့အစည်း ဘယ်သူတစ်ယောက်ကမှ ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ပေးလို့ရတဲ့ ရလဒ်ပဲလေ။ ဒီရလဒ်ကို မပျောက်မပျက်အောင် ကျွန်တော်တို့က ထိန်းသိမ်းသွားတာ။ တစ်ယောက်ယောက်ကို ထိခိုက်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူး။ ရှစ်လေးလုံးအရေးတော်ပုံရဲ့ တန်ဖိုးရလဒ်ပဲလေ။ ၁၉၉၀ ကိုယ်စားလှယ်တွေရဲ့ အနစ်နာခံမှုကို တန်ဖိုးထားတဲ့အနေနဲ့ ဒီအခမ်းအနားကို လုပ်တာ။ အဲဒီတော့ NLD ဘက်ကသာ သဝဏ်လွှာပို့မယ် ဆိုရင်တော့ ကျွန်တော်တို့ ကြိုဆိုတာပေါ့။ NLD က ခေါင်းဆောင်ပိုင်းတွေတက်ရင်လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ။ သူတို့ မတက်တာတော့ သူတို့ရဲ့ကဏ္ဍပေါ့။ သူတို့ရဲ့ ဆုံးဖြတ်မှုပဲပေါ့။ ဝေဖန်ပြောဆိုစရာ မရှိပါဘူး” ဟု ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိအချိန်တွင် ပါတီဝင်မဟုတ်ဘဲ ပါတီပြင်ပသို့ ရောက်ရှိနေသူ အများစုဖြစ်နေကြောင်း သိရသည်။ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးစလုံးအား ပါတီမရွေးဘဲ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ကိုယ်စားလှယ်များကိုလည်း အိမ်တိုင်ရာရောက် ဂုဏ်ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့အတူ အဆိုပါအခမ်းအနား၌ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်မှသာ စစ်မှန်သောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများ၏ အခွင့်အရေးအား အတိအလင်းပြဋ္ဌာန်းထားသော်လည်း ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများ၏ တရားသော တောင်းဆိုမှုများအပေါ် အကြမ်းဖက်နှိမ်နင်းသော လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း စသည်တို့ ပါဝင်သည်။

Most Read

Most Recent