မြန်မာနိုင်ငံတွင် ရေပုတ်သင်မျိုးစိတ် အသစ်တစ်မျိုး တွေ့ရှိထားပြီး အဆိုပါမျိုးစိတ် အပါအဝင် မဟာမဲခေါင်ဒေသအတွင်း သစ်ပင်နှင့်သတ္တဝါ ရှားပါးမျိုးစိတ် ၁၃၉ မျိုးကို ထပ်မံတွေ့ရှိထားကြောင်း WWF ၏ Magic Mekong အစီရင်ခံစာအရ သိရသည်။အဆိုပါ တွေ့ရှိမှုထဲတွင် လင်းနို့တစ်မျိုး၊ အဆိပ်ပြင်းမြွေတစ်မျိုးနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး အင်းဆက်တစ်မျိုး အပါအဝင် မျိုးစိတ်ပေါင်း ၁၃၉ မျိုးကို ၂၀၁၄ ခုနှစ်တွင် သိပ္ပံပညာရှင်များမှ မဟာမဲခေါင်ဒေသတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ တွေ့ရှိခဲ့သည့် မျိုးစိတ်အများအပြားသည် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။မြန်မာနိုင်ငံတွင် တွေ့ရှိသည့် ရေပုတ်သင်သည် မိကျောင်းသဏ္ဌာန်ရှိပြီး နိုင်ငံတကာဈေးကွက်များတွင် ရောင်းဝယ်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။“မဟာမဲခေါင်ဒေသမှာ အသစ်တွေ့ရှိမှုထဲက အပေါ်ယံလောက်ကိုပဲ ဖော်ပြပေးထားတာပါ၊ မျိုးစိတ်သစ်တွေကို တွေ့ရှိတာနဲ့အမျှ သူတို့ရဲ့ အရေအတွက်ပေါ် ဖိအားကလည်း ပြင်းထန်လှပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ ရှာတောင်မတွေ့ဘဲ မျိုးသုဉ်းသွားတဲ့ မျိုးစိတ်တွေ ဘယ်လောက်တောင် ရှိခဲ့မလဲလို့ စဉ်းစားမိပါတယ်” ဟု WWF - Greater Mekong ၏ မျိုးစိတ်သစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မန်နေဂျာ Dr.Tom Gray က ပြောကြားသည်။မဟာမဲခေါင်ဒေသတွင် တွေ့ရှိခဲ့သည့် မျိုးစိတ် ၁၃၉ မျိုးတွင် အပင်မျိုးစိတ် ၉၀၊ တွားသွားသတ္တဝါ ၂၃ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၁၆ မျိုး၊ ငါး ၉ မျိုးနှင့် နို့တိုက်သတ္တဝါ တစ်မျိုးတို့ကို တွေ့ရှိခဲ့ကြောင်း Magic Mekong အစီရင်ခံစာတွင် ရေးသားထားသည်။တွေ့ရှိခဲ့သည့် မျိုးစိတ် ၁၃၉ မျိုးတွင် အာဖရိကတွင် တွေ့ရသည့် မျိုးနွယ်တူ သန္တာကျောက်တစ်မျိုး၊ ထိုင်းတော်ဝင်မင်းသမီးများ၏ အမည်ကို မှည့်ခေါ်ထားသော ပိုးဖလံမျိုးစိတ် လေးမျိုး၊ အဆူးပါပြီး အရောင်ပြောင်းလဲတတ်သော ဖားတစ်မျိုးနှင့် တရားမဝင်ရောင်းဝယ်မှုများ ပြုလုပ်နေသည့် သစ်ခွမျိုးစိတ် နှစ်မျိုးတို့လည်း ပါဝင်ကြောင်း သိရသည်။“မဟာမဲခေါင်ဒေသရဲ့ တမူထူးခြားတဲ့ ဂေဟစနစ်က သဘာဝရဲ့ လက်ဆောင်အစစ်တွေပါ။ ဒီဒေသဟာ အဖိုးမဖြတ်နိုင်တဲ့ မျိုးစိတ်တွေ ကျင်လည်ကျက်စားပြီး၊ ဒေသတွင်း လူသန်းပေါင်းများစွာအတွက်လည်း အသက်သွေးကြောလို အကျိုးကျေးဇူးတွေ ပေးနေပါတယ်” ဟု WWF -Greater Mekong ၏ သဘာဝထိန်းသိမ်းရေး ညွှန်ကြားရေးမှူး Teak Seng က ပြောကြားသည်။မဟာမဲခေါင်ဒေသအတွင်း ယခုတွေ့ရှိသော မျိုးစိတ်သစ် ၁၃၉ မျိုးပါ ထပ်မံပေါင်းထည့်လိုက်ပါက ၁၉၉၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မျိုးစိတ်သစ်ပေါင်း ၂၂၁၆ မျိုးအထိ ရှာဖွေတွေ့ရှိထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ရေပုတ်သင်မျိုးစိတ်အသစ် တွေ့ရှိထားပြီး အဆိုပါမျိုးစိတ် အပါအဝင် မဟာမဲခေါင်ဒေသအတွင်း သစ်ပင်နှင့်သတ္တဝါ ရှားပါးမျိုးစိတ် ၁၃၉ မျိုးတွေ့ရှိ









