Photo Essay

Photo Essay
Published 26 May 2015

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အနောက်ရိုးမ၏ အရှေ့ဖျားဆုံး တောင်စွယ်များအကြား မန်းရေလှောင်တမံအောက်ဘက် ရေဝပ်ဧရိယာအစပ်သို့ ရောက်ဖြစ်ခဲ့သည်။ အရှိုချင်းလူမျိုးများ အများဆုံးနေထိုင်ရာ ကျောင်းကုန်းကျေးရွာသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ တောတောင်ရေမြေ သဘာဝများ လှပလွန်းသည့် ထိုဒေသတွင် အရှိုချင်းလူမျိုးများ ဘိုးဘွားအစဉ်အဆက်က နေထိုင်လာခဲ့ကြသည်။ ထိုနေရာတွင် ၁၉၉၈ ခုနှစ်က မန်းရေလှောင်တမံ တည်ဆောက်ခဲ့၍ အဆိုပါကျေးရွာနှင့် မင်းလွင်၊ ဘုရားကုန်း၊ အိုးမြေခုန်၊ ဝင်္ကပါကျေးရွာတို့မှ ဘုန်းကြီးကျောင်းအစ စာသင်ကျောင်းအလယ် လူနေ အိမ်များအားလုံး ပြောင်းရွှေ့ခဲ့ကြရသည်။ 
ထိုသို့ပြောင်းရွှေ့စဉ်က ပစ္စည်းများသယ်ရန် ကားနှင့် လယ်မြေတစ်ဧကလျှင် ကျပ် ၅၀၀၀ နှုန်းသာ ပေးခဲ့ကြသည်။ ပြောင်းရွှေ့ရသည့် ကျေးရွာများအတွက် ငဖဲ-ပဒါန်းကားလမ်း၏ ယာဘက် ငဖဲမြို့အရှေ့ဘက်အနီးတွင် သက်ဆိုင်ရာက နေရာသတ်မှတ်ပေးခဲ့သည်။ ထိုနေရာတွင် စိုက်ပျိုးမြေမရှိမှု၊ သောက်သုံးရေ အဆင်မပြေမှုတို့ကြောင့် တောင်သူအများစုက ၎င်းတို့၏ မူလရွာဟောင်းများနှင့် အနီးတစ်ဝိုက်ရှိ တောင်ကုန်းများပေါ်တွင် တဲစုများပမာ နေထိုင်ခဲ့ကြသည်။ ဘိုးစဉ်ဘောင်ဆက် စပါးစိုက်ပျိုး၍ အသားကျခဲ့သည့် လယ်မြေများအားလုံး ရေဝပ်ဧရိယာ အတွင်းကျရောက်ခဲ့မှုကြောင့် ထိုကျေးရွာများမှ တောင်သူများမှာ စိုက်ပျိုးရေး၊ ကလေးငယ်များ၏ ပညာရေးနှင့် စီးပွားရေးတို့ အဘက်ဘက်မှ ချွတ်ချုံကျခဲ့ရသည်။
၁၉၉၈ ခုနှစ်မှ ယနေ့အထိ ၎င်းတို့၏ နေ့စဉ်ဘဝများကို ဖားရှာ၊ ငါးရှာခြင်း၊ ရနိုင်သမျှစိုက်ပျိုးမြေလေးများတွင် စပါးနှင့် သီးနှံများစိုက်ပျိုးခြင်း၊ သစ်တောအပေါ် မှီခိုခြင်းများဖြင့် ဖြတ်သန်းကြရသည်။ ကြည့်လေရာမြင်ကွင်းတစ်ဆုံး တောတောင်ရေမြေ သဘာဝများက လှပလွန်းသော်လည်း ထိုအလှအပများကြားမှ နေ့စဉ်ဘဝများကို ကျပ်တည်းစွာ ဖြတ်သန်းနေရသူများ၏ ဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။      

မန်းတမံရေဝပ်ဧရိယာမှ ပြောင်းရွှေ့ခဲ့ရသော ကျောင်းကုန်းကျေးရွာဟောင်းနေရာအနီးရှိ တောင်ကုန်းပေါ်မှ နေအိမ်အချို့   

 
ကျောင်းကုန်းကျေးရွာမှ အရှိုချင်းတောင်သူများ ၎င်းတို့နေထိုင်ရာတဲများမှ ငဖဲသို့သွားသည့် ကားလမ်းဆီသို့ ခြံထွက်သီးနှံများ သယ်ဆောင်သွားစဉ်
 

 
ယခု မန်းရေလှောင်တမံ ရေဝပ်ဧရိယာဖြစ်သွားသော ယခင်ကျောင်းကုန်းကျေးရွာ စိုက်ပျိုးမြေနေရာများ
 

 
ယခင် ကျောင်းကုန်းကျေးရွာဟောင်းနေရာနှင့် သာသနာ့နယ်မြေနေရာအား တွေ့ရစဉ်
 

Most Read

Most Recent