ရိဒ်ခေါရ်ဒါသို့ သွားရာလမ်း

ရိဒ်ခေါရ်ဒါသို့ သွားရာလမ်း
Published 26 May 2015
ကိုဆူး (ချင်းတောင်ခြေ)

 
ရိဒ်ေခါရ်ဒါမြို့နယ်ခွဲဆိုတာ ချင်းပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်ပြီးတော့ မြန်မာ-အိန္ဒိယ နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ဒီမြို့လေးကို နယ်စပ်ကုန်သွယ်ရေးကြောင့် လူသိများတာထက် မြို့ရဲ့အထက်ဘက်မှာရှိတဲ့ အသည်းနှလုံးပုံ ရိဒ်ရေကန်ကြောင့် လူသိပိုများတာပါ။ ရိဒ်ခေါရ်ဒါကို သွားမယ်ဆိုရင်တော့ စစ်ကိုင်းတိုင်း ကလေးမြို့ကနေပြီးတော့ ချင်းပြည်နယ် တီးတိန်မြို့ကတစ်ဆင့် သွားလို့ရသလို ချင်းပြည်နယ် ဖလမ်းမြို့ကလည်း သွားလို့ရပါတယ်။ကျွန်တော်ကတော့ ကလေးမြို့ကနေ တီးတိန်မြို့ကိုဖြတ်ပြီး ရိဒ်ခေါရ်ဒါကို သွားခဲ့ပါတယ်။ လမ်းအကြောင်း ပြောရမယ်ဆိုရင် ကလေးမြို့ကနေ သိုင်းငင်းအထိ လမ်းကောင်းတယ်။ တစ်ခုပဲ ပြောစရာရှိတယ်။ သိုင်းငင်းကျေးရွာ အနီး ၂၇ မိုင်မှာတော့ တောင်ပြိုနေတာ ရှိတယ်။ မိုးရာသီဆိုရင်လည်း အဲဒီနေရာတစ်ခုပဲ လမ်းပိတ်တတ်တယ်။ နောက်တစ်ခုက သိုင်းငင်းကလွန်လာတော့ ကနေဒီတောင်ခြေကတစ်ဆင့် တီးတိန်အထိ လမ်းက သိပ်အကောင်းကြီး မဟုတ်ဘူး။ ဒီဘက်ကလမ်းတွေကို ဘာကြောင့် မပြင်တာလဲ ဆိုတာကို စဉ်းစားရကျပ်နေတယ်။တီးတိန်မြို့က ထွက်လာတော့ ညနေ ၅ နာရီ ရှိပါပြီ။ တီးတိန်ကနေ ရိဒ်ခေါရ်ဒါမြို့နယ်ကို ၃၂ မိုင် ၃ ဖာလုံသာ ဝေးပါတယ်။ မြေပြန့်ကလူတွေ စဉ်းစားမယ်ဆိုရင်တော့ ဒီခရီးက မိနစ် ၃၀၊ ၄၅ မိနစ်လောက်ပဲ ကြာမယ်လို့ ခန့်မှန်းကြမှာလေ။ ဒါပေမဲ့ ဒီဘက်နယ်က ကားသမားတွေအတွက်တော့ ဒီလမ်းဒီခရီးကို တစ်လကိုးသီတင်း သွားခဲ့ဖူးတာတွေ ရှိခဲ့တာပေါ့။အခုလည်း သူတို့က ဆိုင်ကယ်မောင်းချိန် ခန့်မှန်းပေးလိုက်တာ ၄၊ ၅ နာရီလောက်တော့ မောင်းရမယ်တဲ့။ ကျွန်တော်ကတော့ လမ်းအခြေအနေအရ ဒီထက်မပိုပါစေနဲ့လို့ ဆုတောင်းရင်း ဆိုင်ကယ်နှစ်စီး လူသုံးယောက် ခရီးထွက်ခဲ့ပါတယ်။ တီးတိန်ကနေ လန်ဇန်ရွာအထိတော့ တောက်လျှောက်အဆင်းခရီး ဆိုပေမယ့် လမ်းကတော်တော် ကောင်းပါတယ်။
လန်ဇန်ကို ကျော်လာတော့ လမ်းက တော်တော်ဆိုးလာပါပြီ။ ချိုင့်တွေ ကျင်းတွေ ရှောင်ဖို့ ခက်ခဲလာပြီး အကွေ့အဆင်းတွေကလည်း မတ်စောက်လာပါတယ်။ ဒီအဆင်းက မံဆောင်းတံတားအထိ ဆင်းရမှာပါ။ မံဆောင်းတံတား ဆိုတာက မဏိပူရ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားတစ်စင်းပါ။ အကွေ့အဆင်း တစ်ခုမှာပဲ ကျွန်တော့်နောက်က ဆင်းလာတဲ့ အဖော်က လက်ကိုင်ခေါက်ပြီး ဆိုင်ကယ်လဲပါတော့တယ်။ ဆိုင်ကယ်လဲပြီး လူကဆက်လဲပြီးတော့ ကုန်းဆင်းကြီးဆိုတော့ တစ်ပတ်ပါ လိမ့်ထွက်သွားပါသေးတယ်။ အင်းလေ... သူက ချင်းတောင်မှာ ဆိုင်ကယ်စီးတဲ့ အတွေ့အကြုံမှ မရှိတာပဲ။ အဆင်းကြီး ဖြစ်နေတော့ကျွန်တော်လည်း ဆိုင်ကယ်ရပ်ဖို့အတွက် အတော်ခက်ခဲပါတယ်။ အတက်ကားတစ်စီးလာတော့ ကျွန်တော်က လမ်းပြန့်သည်အထိဆင်းပြီး ဆိုင်ကယ်ကို ဒေါက်ထောက်ရပါတယ်။ အဲဒီအချိန်မှာတော့ သူတို့လည်း သူတို့ဘာသာသူတို့ ဆိုင်ကယ်ကို ထောင်ပြီးသွားပါတယ်။ နှစ်ယောက်စီးတာဖြစ်ပြီး နောက်ကတစ်ယောက်က ဘာမှမဖြစ်ပါဘူး။ ရှေ့က လိမ့်ထွက်သွားတဲ့ သူကတော့ ဒူးပြဲသွားတာ တော်တော်နက်တယ်။ ဒီလောက်ပဲ ဖြစ်တာဆိုတော့ တော်သေးတာပေါ့လို့ စိတ်ဖြေရပါတယ်။အဲဒီအချိန်မှာ ဆိုင်ကယ်နှစ်စီး အရှိန်နဲ့တက်လာပြီး အတက်ကြီးမှာပဲ ရှေ့ကဆိုင်ကယ်က ချိန်းကြိုးပြတ်သွားပါတယ်။ နောက်ကဆိုင်ကယ်က တိုက်မိမလိုဖြစ်ပြီး နှစ်စီးစလုံး ရပ်သွားတယ်။ မတိုက်မိတာ ကံကောင်းတာပေါ့။ ရှေ့က ချိန်းကြိုးပြတ်တဲ့ ဆိုင်ကယ်ကို အပေါ်ကို တွန်းတင်ပေးပြီး ကျွန်တော်တို့လည်း ဆက်ထွက်ခဲ့ပါတယ်။အဖော်ဆိုင်ကယ်က လူပြောင်းစီးပါတယ်။ သိပ်မကြာခင်မှာဘဲ ကျွန်တော်တို့ မံဆောင်းတံတားကို ရောက်ပါတယ်။ တံတားမှာ ဆိုင်ကယ်တွေကို ရေနဲ့ပက်တယ်။ အဆင်းခရီးဆိုရင် ဘရိတ်ရှူးတွေက ပူနေပါတယ်။ အင်ဂျင်က အလုပ်မှ မလုပ်ရတာကိုး။ အတက်ခရီးဆိုရင်တော့ အင်ဂျင်က တော်တော်ပူပါတယ်။ဆိုင်ကယ်ကို အနားပေးပြီးတော့ အတက်ခရီးကို ဆက်ခဲ့ပါတယ်။ မံဆောင်းတံတားခရီးက အတက် ခုနစ်မိုင်၊ အဆင်း ခုနစ်မိုင်တဲ့။ မံဆောင်းတံတားကို စတက်လိုက်တာနဲ့ လမ်းတွေက ဆိုးလှသလို အကွေ့အကောက်နဲ့ အတက်အဆင်းတွေက ကြီးမားလှပါတယ်။ ကျွန်တော့်ရဲ့နောက်က ပေါင် ၂၀၀ လောက်ရှိတဲ့သူကို တင်ထားရတော့ သူက ကိုယ့်အားနာသလို ကိုယ်ကလည်း ဆိုင်ကယ်ကို တော်တော်ထိန်းသိမ်း စီးရပါတယ်။ ဟိုးအရင်တစ်ခေါက်က မံဆောင်းအတက်ခရီးကို မတက်နိုင်လို့ ပြန်ဆင်းခဲ့ရတဲ့ ဂျစ်ကားနဲ့ လူတစ်စုကို သတိရမိပါသေးတယ်။လမ်းတွေက ရွေးစရာ မရှိ။ ကျောက်ခဲပြုတ် ကြီးကြီးတွေပေါ်မှာ ဆိုင်ကယ်မလဲအောင် ဂရုစိုက်ရသလို လမ်းရဲ့ အကောင်းဆုံးဆိုတဲ့ နေရာကိုလည်း လျင်လျင်မြန်မြန် ဆုံးဖြတ်ရွေးချယ်ရင်း ဆိုင်ကယ်လီဗာကိုလည်း လျှော့မရ၊ ဆိုင်ကယ်ဂီယာကလည်း နံပါတ် ၁ နဲ့ ၂ ကို တစ်လှည့်စီ ချိန်းမောင်းရင်းပေါ့။ကျောက်ပြုတ်တောရဲ့အကွေ့တစ်ကွေ့ကို ကျော်လိုက်တော့ ကားတွေ၊ ဆိုင်ကယ်တွေ ရေဖြည့်တဲ့နေရာကို ရောက်ပါတယ်။ အဲဒီနေရာမှာ ဆိုင်းဘုတ်လေးတစ်ခုက စိတ်ဝင်စားစရာ။“ကား = ၅၀၀ ကျပ်၊ ဆိုင်ကယ် =၂၀၀ ကျပ်၊ မပေးချင်လျှင် ရေမဆေးပါနဲ့” တဲ့။သူ့ခမျာလည်း ဒီလိုတောင်ပေါ်ကို ရေရအောင် တော်တော်သွယ်ထားရတယ် ထင်ပါတယ်။ အဲဒီနေရာရောက်တော့ ပူကျက်ပြီး ညှော်နံ့တထောင်းထောင်းထနေတဲ့ ဆိုင်ကယ်ကို ရေပက်ပြီး အအေးခံရပါတယ်။ ဒီလိုသာ ရေပက်စရာ မရှိဘူးဆိုရင်လည်း ရှေ့ဆက်ဖို့ မလွယ်လောက်ဘူးလေ။ ဆိုင်ကယ်အေးတော့မှ ကျွန်တော်တို့လည်း လမ်းကြမ်းကြမ်းပေါ်မှာ ခရီးဆက်ခဲ့ရတာပေါ့။တချို့ ဆိုင်ကယ်စီးတဲ့လမ်းတွေက ချောက်ကမ်းပါးနဲ့ နံဘေး ဆိုင်ကယ်တစ်ဘီးစာလောက် ရှိတဲ့နေရာလေ။ တစ်ယောက်တည်းဆိုရင် ကျွန်တော်စီးရဲပေမယ့် နောက်ကဝိတ်ပါတော့ ကျွန်တော် အဲဒီလမ်းကို မစီးရဲ။ နောက်ကထိုင်လိုက်တဲ့သူကို နှစ်ခါလောက် လမ်းလျှောက်ခိုင်းရပါတယ်။ နေဝင်သွားပေမယ့် အလင်းရောင်လေးကျန်တဲ့ အချိန်မှာ လွိုက်တွီးကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ အဲဒီရွာမှာ ကျွန်တော်တို့ ခဏနားရပါတယ်။  ချင်းတောင်ပေါ်ရှိ ဒေသခံများ တစ်ရွာနှင့်တစ်ရွာ သွားလာရာတွင် ခြေကျင်ဖြင့်သာ သွားလာနေသည်ကို တွေ့ရစဉ်
ရှေ့ဆက်ရမယ့်ခရီးက ညနက်တော့မယ်ဆိုတော့ လက်နှိပ်ဓာတ်မီးကို အလွယ်တကူဖြစ်အောင်၊ သောက်စရာရေပါအောင်၊ စားစရာမုန့်ပါအောင် ဝယ်ကြရပါတယ်။ လွိုက်တီးကျေးရွာက ဒီဘက်လမ်းမှာတော့ တော်တော်ကြီးတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အမျိုးသားစာပေဆုရ စာရေးဆရာကြီးတစ်ဦး ဒီရွာမှာ ကျောင်းအုပ်အဖြစ် နေထိုင်ဖူးတယ်လို့ သိရပါတယ်။ ဒီရွာမှာ နေချင်ပေမယ့် ကျွန်တော်တို့ကို အချိန်က ခွင့်မပြုတော့ပါဘူး။လွိုက်တွီးကျေးရွာက အထွက်မှာတော့ လမ်းက ကောင်းနေပါတယ်။ ဒါပေမဲ့ အချိန်သိပ်မကြာပါဘူး ဗွက်တွေ ရွှံ့တွေ ကျောက်ကြမ်းလမ်းတွေ ပြန်တွေ့ရတာပါပဲ။ ချင်းပြည်နယ်ကို နယ်စပ်ကုန်သွယ်ရေးကနေ ဝင်ငွေတွေ ရှာဖွေပေးတဲ့ ဒီလမ်းကို အစိုးရက ဘာကြောင့်ကောင်းအောင် မပြင်တာလဲဆိုတာ စဉ်းစားစရာ တစ်ခုပေါ့။ ညအမှောင်က တဖြည်းဖြည်း ကြီးစိုးလာတော့ ဆိုင်ကယ်ကို ပိုပြီး ဂရုစိုက်စီးရပါတယ်။ လမ်းမှာရှိတဲ့ မိတ္ထီလာ၊ လင်တန်၊ ငှက်ပျောတောဆိုတဲ့ နေရာတွေကို ခန့်မှန်းလောက်သာ ကျန်ခဲ့ပါတယ်။ အပြန်ခရီးမှာတော့ အိမ်သုံးအိမ်လောက်သာ ကျန်တော့တဲ့ လင်တန်ရွာကို ဝင်ခဲ့ပါသေးတယ်။ ဒီမှာရှိတဲ့ လူတွေက ပြောင်းရွှေ့ကုန်တာလို့ သိရပြီး ငှက်ပျောတောနဲ့ မိတ္ထီလာဆိုရင် အိမ်မရှိတော့ပါဘူး။ ကားတွေ အဓိက ရပ်နားမှသာ သူတို့စီးပွားရေးက ကောင်းမွန်တာဖြစ်ပြီး တောင်ယာစိုက်ပျိုးရုံနဲ့တော့ စားဝတ်နေရေးတောင် သိပ်အဆင်မပြေဘူးလို့ သိရပါတယ်။ လမ်းမကောင်းလို့ ချောက်ထဲကျသွားမှာ ဆိုင်ကယ်လဲမှာကလွဲရင် တခြား သူခိုး၊ ဓားပြ အန္တရာယ် လုံးဝမရှိတဲ့ ချင်းတောင်ပါ။ ဘယ်နေရာမှာအိပ်အိပ် အေးတာကလွဲရင် ပါလာတဲ့ပစ္စည်း ပျောက်မှာတို့ လူအန္တရာယ်ပြုမှာတို့ လုံးဝမစိုးရိမ်ရတဲ့ ချင်းတောင်လမ်းတွေပေါ့။ကျွန်တော်တို့လည်း ငှက်ပျောတောက ဗွက်တန်းကြီးကို ဘယ်လိုဖြတ်ခဲ့မှန်းမသိ ဖြတ်ခဲ့ပြီး လမ်းမှာ ကားတစ်စီးတွေ့လို့ မေးကြည့်တော့ “ခင်ဗျားတို့ ဖြတ်လာတဲ့ ဗွက်တန်းကြီးက ငှက်ပျောတောပါ” တဲ့။ အပြန်ခရီးကျမှသေသေချာချာ ကြည့်လိုက်တော့ လမ်းကခပ်ကျင်းကျင်း ဗွက်ကြီးနဲ့ မြေကအငှားတွေ။ အဲဒီနေရာမှာ ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဗွက်ထဲ လဲသွားပါသေးတယ်။ ကံကောင်းလို့ ချောက်ထဲ လူကျမသွားတာပါ။ ကိုယ့်မျက်စိရှေ့မှာ တွေ့လိုက်ရုံသာမက အဲဒီဗွက်တွေထဲမှာ ကျွန်တော်ရဲ့ ခရီးဖော်က ဆိုင်ကယ်လဲခဲ့ပါသေးတယ်။ အရှိန်မများဘဲလဲလို့သာ ဘာမှမဖြစ်တာပါ။ ကလေးမြို့နဲ့ ရိဒ်ခေါရ်ဒါကို ပြေးဆွဲတဲ့ ဟိုင်မွန်ဂျစ်ကားတွေ ပြေးဆွဲကြတာ များပါတယ်။ ကုန်တင် လူတင်ပေါ့၊ တချို့ကလည်း ကုန်ပဲတင်ကြတယ်။အဲဒီခရီးကို သွားကြတဲ့ ဟိုင်မွန်ဂျစ်ကားသမားတွေတိုင်း အဲဒီလမ်းက တစ်နေရာရာမှာ ကားမလဲဖူး၊ ကားမမှောက်ဖူး၊ ကား ချောက်ထဲ မကျဖူးတဲ့သူ မရှိပါဘူး။ တကယ်လို့ အဲလို တစ်ခုခုဖြစ်ပြီးသွားတယ်ဆိုရင် တာဝန်ကျေသွားပြီလို့ ပြောလေ့ရှိကြပါတယ်။ အခု ကျွန်တော်တို့က ဆိုင်ကယ်နှစ်ခါတောင် လဲခဲ့တော့ တာဝန်ကျေခဲ့တာပေါ့လေ။ဟိုင်မွာလ်ရွာဟောင်းကိုရောက်တော့ တော်တော် လမ်းခရီးဘယ်လောက်လိုသလဲ မေးကြည့်ရပါတယ်။ မိုင်အရေအတွက်အားဖြင့် ရိဒ်ခေါရ်ဒါမြို့ကို ငါးမိုင်သာ ဝေးတော့ပါတယ်။ ဒါပေမဲ့ အတက်အဆင်းရယ် ခရီးကြမ်းတာရယ်ကြောင့် ကျွန်တော်တို့ သွားရမယ့် ခရီးက ရှည်လျားလွန်းတယ်လို့ ခံစားမိပါတယ်။ သွာဖူးရောက်ဖူးတဲ့ ခရီးဖော်ကို လမ်းမှားမယ်လို့တောင် ပြောမိပါတယ်။ သူက ရှေ့က ဆက်မောင်းရင်း တံတားလေးတစ်ခုကို ချိုးကွေ့တက်လိုက်ရင်း ရိဒ်ခေါရ်ဒါမြို့မှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို ဆိုင်ကယ်မီးနဲ့ ထိုးပြမှာသာ စိတ်သက်သာရာ ရသွားပါတယ်။ဆိုင်းဘုတ်ကနေ မြို့ထဲမောင်းရတာကို ကြာလွန်းတယ်လို့ စိတ်ထဲထင်မိပါတယ်။ လမ်းကကြမ်း၊ လူကပန်းဆိုတော့ ပိုဆိုးတာပေါ့ ။ မီးရောင်အချို့ကို မြင်ရတော့ အားတက်မိပါတယ်။ တကယ်တော့ အဲဒီမီးဝင်းဝင်းတွေက ရိဒ်ခေါရ်ဒါရဲ့ တစ်ဖက်ကမ်းက အိန္ဒိယနိုင်ငံထဲက ဇိုခွါးထာရွာ ဖြစ်မယ်ဆိုတာ ကြိုတွက်ထားပါတယ်။ မြို့ထဲရောက်တော့ ည ၉ နာရီကျော်နေပါပြီ။မြို့ထဲမှာတွေ့တဲ့ လူတစ်ယောက်စ နှစ်ယောက်စကိုမေးမြန်းရင်း တည်းခိုဖို့ ရှာဖွေခဲ့ရပါတယ်။ အိန္ဒိယဘက်ကမ်းက မီးရောင်တဝင်းဝင်းကို မျှော်ကြည့်ရင် ရိဒ်ခေါရ်ဒါမြို့ရဲ့ လမ်းမီးမှိန်မှိန်အောက်ကနေ တည်းခိုခန်းဆီကို ထွက်ခွာခဲ့ပါတော့တယ်။

Most Read

Most Recent