မောင်ငယ်ရင်သွေး၊ နာဘိသေးလော့ရှေးသရောအခါ၊ ပြည်ဗာရာဝယ်ကုဋေကြွယ်သား၊ သူဌေးအားလျှင်သားတစ်ယောက်ဖြစ်၊ ချစ်၍တစေအိမ်မှာနေ၍၊ စာပေမကျမိဘစုတေ့၊ ခန္ဓာရွေ့သော်အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာမသိပါငြား၊ သူဌေးသားသည်သိုထားမတတ်၊ အရပ်ရပ်၌နှံအပ်ဥစ္စာ၊ ရှိသည့်ငှာကိုများစွာကျွန်ပေါင်း၊ မကောင်းခိုးသူယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍ထောင်းထောင်းကြေလျက်၊ ခွက်လက်ဆွဲကာတောင်းစားပါလည်း၊ နင်သာလူမိုက်၊ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကျ၊ရွာမှထွက်လေ၊ တောမှာသေသည်ကောင်သေလင်းတကျ၏တည်း ဆားတုံဆရာတော်
မင်းသားဟန်ပေါက် သူဌေးသားကုဋေရှစ်ဆယ်အထိ ချမ်းသာတဲ့ သူဌေးသားက နောက်ဆုံး သူတောင်းစားဘဝနဲ့ တောင်းစားရင်း လူသာမန်လို မသေရဘဲ လမ်းဘေးမှာ သင်္ဂြိုဟ်သူမရှိဘဲ လင်းတငှက်တို့ရဲ့ ထိုးဆိတ်စားသောက်ခံရကာ သေဆုံးခဲ့ကြောင်း ဆားတုံဆရာတော်ရဲ့ ကဗျာက ညွှန်းဆိုဖွဲ့ပြခဲ့တယ်။ဘာဖြစ်လို့ ဒီဘဝဆိုးမျိုးနဲ့ အသေဆိုးခဲ့ရသလဲ။ ငယ်ငယ်က သိရသလောက် ဆရာမရှင်းပြသလောက်က စာမတတ်လို့ စာမသင်ခဲ့လို့လို့ သာမန်နားလည်ခဲ့တယ်။ ဆရာမက ပြောတယ်။ လူတစ်ယောက် စာမတတ်ရင် လမ်းဘေးမှာသေရမယ်။ ခွေးစား၊ ကျီးထိုး၊ လင်းတစာဖြစ်မယ်။ ဒီလိုပဲ သိခဲ့တယ်။ လက်တွေ့မှာတော့ စာမတတ်၊ စာမဖတ်ပေမယ့် သူဌေးဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ဒီနိုင်ငံမှာ ရှိတယ်။ခုဒီကဗျာကို ပထမတန်းရောက်တဲ့ မြေးလေး အားရပါးရ အော်ဆိုနေတာ ကြားလိုက်ရတယ်။ စာလုံးအဓိပ္ပာယ် သေသေချာချာ မသိပေမယ့် ကဗျာက ကာရန်လှနေတာကြောင့် ဆိုလို့ကောင်းနေဟန် တူပါရဲ့။ လျှာတွေ့နေဟန် တူပါရဲ့။ မျက်စိလေးမှိတ်မှတ်ပြီး ဆိုနေတာ ချစ်စရာလေး။မြေးလေးရဲ့အဆိုနောက် နားထောင်မိတဲ့အခါ ကုဋေရှစ်ဆယ်သူဌေးသားရဲ့ ရုပ်ပုံလွှာကို မြင်ယောင်မိလာတယ်။ ခေါင်းပေါင်းနဲ့ မင်းသားဟန် ရင်ဖုံးအင်္ကျီဝတ်လို့၊ ကြိုးကြီးချိတ်ပိုးသားကို တောင်ရှည်ဝတ်လို့။ နားတောင်းတောင် ပါလိုက်သေး။ ခြေထောက်မှာလည်း ကတ္တီပါပုံတော်(ထုမြင့်မြင့်)ဖိနပ်ဝတ်လို့။ အတော်ကြည့်ကောင်းတဲ့ မင်းသားပဲ။မင်းသားဆိုရင် ရုပ်ရှင်ထဲကပဲဖြစ်ဖြစ်၊ ဇာတ်ထဲကပဲဖြစ်ဖြစ်၊ အငြိမ့်ထဲကပဲဖြစ်ဖြစ် သူ့ကို ပထမနေရာ ပေးပြီးသား။ ဒါမှမဟုတ် နန်းတွင်းထဲမှာဆိုလည်း ဘုရင့်သားတော်ဟာ ထီးနန်းအမွေခံယူမယ့် အိမ်ရှေ့မင်းသား ဖြစ်တာကြောင့် နန်းတွင်းသူ နန်းတွင်းသား၊ ပြည်သူပြည်သားတွေက ရိုသေပြီးသား။ ကြည်ညိုပြီးသား၊ ထိပ်တန်းနေရာ ပေးပြီးသားပဲ။ထမင်းပွဲတော် တည်မယ်ဆို စားပွဲရှေ့ရောက်စားဖို့ အဆင်သင့်။ ရေချိုးမယ်ဆို ချိုးရေတော်အသင့်၊ ဝတ်လဲတော်အသင့်၊ ကစားမယ်ဆိုရင် မင်းသားနဲ့ယှဉ်တွဲပြီး အရှုံးပေးကစားပေးမယ့် ကစားဖော်အသင့်၊ ဆန်ဘယ်ကရလဲ သိစရာမလို။ ဟင်းစားဘယ်ကရလဲ တွေးစရာမလို။ မင်းဧကရာဇ်တို့ရဲ့ အလိုလိုက် အကြိုက်ပေးခံရတဲ့၊ ဖူးဖူးမှုတ်ခံရတဲ့ လူတစ်ယောက်ယောက်ဆိုတာ မင်းသားပဲ။ကမ္ဘာပေါ်မှာ မင်းဧကရာဇ်ပေါင်း ထောင်သောင်းမက ပေါ်ခဲ့သလို မင်းသားပေါင်းများစွာလည်း တိုင်းပြည်အသီးသီးမှာ ပေါ်ပေါက်ခဲ့ပြီ။ အချို့မင်းသားများက မင်းဧကရာဇ်အရိုက်အရာ ခံယူနိုင်ကြသလို အချို့မင်းသားများက အောက်ခြေလွတ်၊ ဘဝပျက်၊ တံတွေးခွက် ပက်လက်မျောရတဲ့ မင်းသားလို့လည်း ရာဇဝင်အသီးသီးမှာ စာတင်ခဲ့တယ်။ခုဖော်ပြပါ ကဗျာထဲမှာပါတဲ့ မင်းသားဟန်ပေါက် သူဌေးသားက တံတွေးခွက် ပက်လက်မျောရုံသာ မကဘူး လူလိုမသေရ။ လူလိုမနေရ။ သူတောင်းစားဘဝနဲ့ နေခဲ့ရပြီး လမ်းပေါ်မှာ သရဏဂုံတင်ပေးမယ့်သူ မရှိဘဲ သေခဲ့ရတယ်။ မြေမြှုပ်သင်္ဂြိုဟ်ပေးသူ မရှိလို့ တိရစ္ဆာန်တစ်ကောင်လို လင်းတအစားခံရပြီး သေရတယ်။ ဇာတ်သိမ်းမလှတဲ့ မင်းသားတစ်ပါးရဲ့ ပုံပြင်တစ်ပုဒ်လိုပဲ ဆိုရလေမလား။“စာပေမကျ၊ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား”စာမတတ်ခဲ့ဘူး။ ဒါမှမဟုတ် စာပေကို စနစ်တကျ ကျကျနန မသင်ယူခဲ့ဘူး။ မိဘနှစ်ပါး ကွယ်လွန်တဲ့အခါ၊ ရုတ်ခြည်း ဘာမှမလုပ်တတ်တဲ့ သူဌေးသား ဖြစ်နေတယ်။ အရပ်လေးမျက်နှာတောင် မသိဘူး။ ကိုယ့်အိမ်ရဲ့ အရှေ့ဘယ်မှာ၊ အနောက်ဘယ်မှာဆိုတာ မသိရင် ဘယ်လိုများ နေထိုင်လေမလဲ။ မြောက်ဘက်က ကျွန်းဗီရိုကြီးထဲမှာ လက်ဝတ်ရတနာ၊ စိန်ရွှေပတ္တမြား ရှိတာကိုလည်း သိဟန်မတူဘူး။ ထို့အတူ အိမ်ရဲ့တောင်ဘက်က မဟော်ဂနီ သေတ္တာကြီးထဲမှာ မြေကြီးထဲမြှုပ်ထားတဲ့ သယံဇာတမြေပုံကို မင်းသား မရှာတတ်ဘူး။ ရှာတွေ့လည်း ဖတ်တတ်မှာ မဟုတ်ဘူး။ ဒီလိုနဲ့...“အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည့်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍”ဒီလိုနုံချာလှတဲ့ ပညာမဲ့သူဌေးသားရဲ့ အားနည်းချက်ကို သိကြတဲ့ ကျေးကျွန်တွေက သူဌေးသားကို အယုံသွင်း၊ သူဌေးသားကို ဖျက်ဆီး၊ သူဌေးသားကို မက်လုံးတွေပေးပြီး ရှိသမျှ အိမ်တွင်းပစ္စည်းတွေကို ခိုးယူကာ ထွက်ပြေးကြလေရဲ့။ မူလက မိတ်ဆွေသူငယ်ချင်း၊ ကျွန်ရင်းအပေါင်းအဖော်တွေက သူဌေးသားရဲ့ အားနည်းချက်၊ ညံ့ချက်တွေကို ကောင်းကောင်း အသုံးချကြပါလေရော။ သေရည်နဲ့ ယစ်မူးနေပြီး လူမှန်းသူမှန်း မသိချိန်မှာ မဟော်ဂနီ သေတ္တာထဲက သယံဇာတမြေပုံတွေ၊ ကျွန်းဗီရိုထဲက စိန်ရွှေရတနာတွေ တစ်စတစ်စ ခိုးယူကုန်ကြတယ်။ နောက်ဆုံး သူဌေးသားအိပ်နေတဲ့ သလွန်ညောင်စောင်းပေါ်က ဆွဲချပြီး လမ်းဘေးတစ်နေရာမှာ ပစ်ထားလိုက်တယ်။ ပြီးမှ သလွန်ညောင်စောင်း၊ အိမ်ခြံဝင်းကို လက်ညှိုးထိုး ရောင်းချလိုက်ကြတယ်။ လူလည်တွေ၊ သခင်(တိုင်းပြည်)ကို သစ္စာမဲ့သူတွေ၊ မိမိကိုယ်ကျိုးကိုသာ ကြည့်တတ်သူတွေဟာ မိမိကျေးဇူး ရှိခဲ့တာတွေကို လက်ညှိုးထိုးရောင်းချဖို့ ဝန်မလေးကြဘူး။အမူးပြေလာချိန်မှာ ဘေးဘီဝဲယာမှာ သူဌေးသားကို ခစားနေတဲ့ ကျေးကျွန် တစ်ယောက်တလေမှ မရှိတော့ဘူး။ သူဌေးသားဘယ်ကို ရောက်နေတာလဲ။ အရှေ့အရပ်မှာလား။ အနောက်အရပ်မှာလား။ တောင်လား၊ မြောက်လား။ နဂိုကတည်းက မသိခဲ့တဲ့ သူဌေးသား။ ခုဆို ပိုဆိုးတာပေါ့။ ဒီလိုနဲ့ သူ့အိမ်သူပြန်နိုင်ဖို့ဆိုတာ ဝေးသေးပေါ့။“ထောင်းထောင်းကြေလျက်၊ ခွက်လက်ဆွဲကာ၊ တောင်းစားပါလည်း”ဒီတော့ တွေ့တဲ့ခွက် ကောက်ယူကာ တောင်းစားရုံပေါ့။ သူတောင်းစားဆိုတာလည်း သူ့ဥပဓိရုပ်နဲ့သူ ရှိတယ်။ သူဌေးသားက ရုတ်ခြည်း သူတောင်းစားဖြစ်သွားဖို့ဆိုတာ စင်စစ်လွယ်ကူတာမှ မဟုတ်တာ။ သူဌေးသားက ခွက်ဆွဲတောင်းရမ်းတာနဲ့ လူတွေက သူ့ကို သူတောင်းစား မဟုတ်ဘူးဆိုတာ သိနေတယ်။ ကံမကောင်း အကြောင်းမလှလို့ ဘဝကုသိုလ်ကြောင့် သူတောင်းစားဖြစ်တာ မဟုတ်ဘဲ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းနုံ့နည်းလို့ မင်းသားကနေ သူတောင်းစားဖြစ်လာတာ။ ဘယ်သူကမှ မသနားဘူး။ ဘယ်သူကမှ မေတ္တာမရှိဘူး။“နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကျ၊ ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတ ကျ၏တည်း”ဆိုတော့ ကိုယ့်မိုက်ပြစ်နဲ့ကိုယ်ခံရဖို့ ဖြစ်လာတယ်။ သာမန်သူတောင်းစားကို လူတွေက သဒ္ဓါပေမယ့် အသုံးမကျ ညံ့ဖျင်းလွန်းတဲ့ သူဌေးသားဘဝပြောင်း သူတောင်းစားကို ဘယ်သူကမှ မသဒ္ဓါကြဘူး။ တောင်းရမ်းလို့ရလာမည့် အစားအစာအစား တုတ်တွေ၊ ဝါးရင်းတုတ်တွေ၊ အရိုက်အပုတ်တွေသာ ရလိုက်တယ်။ ရွာထဲမှ နှင်ထုတ်တယ်။ စားစရာမရှိ၊ နေစရာမရှိဘဲ နောက်ဆုံး လူသူအရောက်အပေါက်နည်းတဲ့ တောထဲကို သူဌေးသားတစ်ဖြစ်လဲ သူတောင်းစားခမျာ ယောင်ချာချာ ဝင်ရောက်ခိုလှုံရတယ်။ စားစရာလည်းမရှိ။ နေစရာလည်းမရှိတဲ့ သူတောင်းစား ဘယ်မှာကြာကြာ သက်ဆိုးရှည်မှာလဲ။ ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင် နေထိုင်ကြီးပြင်းလာတဲ့ မင်းသား။ ခုတော့ အမိုးအကာမရှိ လေဟာပြင်မှာ မှက်၊ ခြင်၊ ယင် တလောင်းလောင်း။ စားစရာ အစားအစာ မရှိ။ သောက်စရာ ရေမရှိ။ ရေနဲ့အစာ ရှာစားနိုင်တဲ့ အသိပညာကလည်း မရှိ။ ခန္ဓာကိုယ်ကို ဝန်ဆောင်ထားပြီးရင် ခန္ဓာကိုယ်ကို စောင့်ရှောက်မယ့် အသိပညာ အတတ်ပညာ မရှိရင် ခန္ဓာကိုယ်ဟာ မကြာမီ ပျက်သုဉ်းရစမြဲပဲ။ခုတော့ သူဌေးသားခမျာ နေရာမှာတင် ခန္ဓာစဲ၍ မြေသို့လဲရပြီ။ ဘယ်သူက သူဌေးသား သေဆုံးပြီရယ်လို့ အသိအမှတ်ပြုကြမှာလဲ။ ပန်းခွေပို့ကြမှာလဲ။ ဝမ်းနည်းစကား ပြောကြမှာလဲ။ လူမသိသူမသိ ဇီဝိန်ချုပ်သွားတဲ့ ဒီခန္ဓာကိုယ်ကို ဘယ်သူကမှ “ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ” ရယ်လို့ သရဏဂုံ တင်မပေးကြဘူး။နောက်ဆုံး သင်္ခါရသဘောတရားအရ တည်မြဲခြင်းကင်းမဲ့တဲ့ ခန္ဓာကိုယ်ဟာ ပုပ်ပွပြီး လင်းတငှက်တို့ရဲ့ စားသောက်ပွဲကျင်းပရာ အခမ်းအနား တစ်ခုအဖြစ် သူဌေးသားဘဝဟာ နိဂုံးချုပ်သွားတယ်။
တစ်ခါက ရွှေထီးဆောင်းခဲ့တယ်မြန်မာဟာ (၂)ရာစုကတည်းက ပုဂံပြည်ရယ်လို့ သမိုင်းဝင်ပေါ်ထွန်း ဖြစ်တည်ခဲ့တဲ့ နိုင်ငံဖြစ်တယ်။ သမိုင်းအစဉ်အလာ ကြီးမားတယ်။ ဘုန်းမီးနေလ ထွန်းတောက်ခဲ့တယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားခဲ့တယ်။ နောက်ကြောင်းပြန်ကြည့်ရင် ရွှေထီးတဝင်းဝင်း။ ပုံပြင်ထဲက သူဌေးသားလို မိဘနှစ်ပါး မြှောက်စားခံရစဉ် ကျေးကျွန်တို့ရဲ့ ဦးညွှတ်မှုခံရစဉ် ကာလကလိုပဲ။ အာသံ၊ မဏိပူရ၊ ယိုးဒယားတို့ ဖိမ့်ဖိမ့်တုန် ကြောက်ခဲ့ရတဲ့ မြန်မာ။ ရွှေထီးဆောင်း၊ ရွှေရောင်ဝင်းခဲ့တဲ့ ရွှေမင်းသားဘဝက ခုထိရှင်သန် နေပါသေးရဲ့လား။ ပုဂံစေတီပုထိုးတွေ မြေခခဲ့ရသလို သူဌေးသားဘ၀ တောအရပ် နှင်ထုတ်ခံခဲ့ရသလို လက်ရှိမြန်မာနိုင်ငံ ရွှေရောင်ဝင့်နိုင်သေးလား။ ရွှေမြန်မာလို့ မိမိကိုယ်ကိုယ် တင်စားခေါ်ဝေါ်နေခဲ့တဲ့ မြန်မာတွေဟာ နိုင်ငံတကာမှာ အိမ်ဖော်တွေဖြစ်၊ ငွေဝယ်ကျွန်တွေဖြစ်၊ လိင်ကျွန်တွေ ဖြစ်နေတာကို ဖုံးလို့ဖိလို့မရ ပေါ်လာနေတာ နေ့စဉ်ထုတ် သတင်းစာတွေမှာ ဖတ်နေရပြီ။ပြည်တွင်းမှာက အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်ညာမသိတဲ့ ပညာမဲ့သူတို့ရဲ့ သယံဇာတ အလွန်အကျွံ ထုတ်ယူသုံးစွဲမှု၊ သစ်တောတွေ မတရားခုတ်ယူမှု၊ မြေအောက်က Gas (ဓာတ်ငွေ့)တွေ ပြည်ပကို ပေါပေါလောလော ရောင်းချမှုတွေဟာ “မကောင်းခိုးသူ၊ ယူ၍ ပြေးရှောင်” ဆိုတဲ့ ဆားတုံဆရာတော်ရဲ့ စာသားနဲ့ နှိုင်းယှဉ်စဉ်းစား ကြည့်သင့်တယ်။
စာတတ်ရုံနဲ့ မပြီးသေးခုခေတ်က ယခင်ခေတ်ကလို စာပေတတ်ရုံနဲ့ လူရာဝင်တာ မဟုတ်ဘူး။ အိုင်တီနည်းပညာ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ စတဲ့နည်းပညာ အစုံအစုံ ဝန်းရံနေတဲ့ ခေတ်ကြီးမှာ စာပေတတ်ရုံ၊ စာပေဖတ်ရုံနဲ့ ခေတ်ကိုအမီလိုက်နိုင်ဖို့ မလွယ်ကူလှဘူး။ လက်ရှိမြန်မာပြည်သူတွေဟာ ရှိတဲ့သယံဇာတကို ထုတ်နုတ်ရောင်းချတတ်ရုံ၊ အသင့်ပေါက်နေတဲ့သစ်တွေ ခုတ်လှဲရောင်းချတတ်ရုံ၊ မြေအောက်ဓာတ်ငွေ့တွေကို တိုင်းတစ်ပါးနည်းပညာအားကိုးနဲ့ ထုတ်ယူရောင်းနေရုံနဲ့ တိုင်းပြည်ကိုဖွံ့ဖြိုးအောင် လုပ်မပေးနိုင်ဘူး။ ဒါ့အပြင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ဆိုတာ ရင်လေးစရာ။ သယံဇာတ(ကုန်ကြမ်း)ကို နိုင်ငံတာကာအဆင့်မီ ကုန်ချောအဖြစ် ထုတ်နိုင်ပါမှ တောင်းစားရတဲ့ဘဝက လွတ်မြောက်မှာ။ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို လူ့စွမ်းအား၊ နည်းပညာနဲ့ မပေါင်းစပ်ဘဲ အတုံးလိုက်အတစ်လိုက် ထုတ်သုံးနေပါက နောက်ဆုံး ခွက်ပဲကျန်တဲ့ သူဌေးသားလိုဖြစ်မှာ စိုးရိမ်မိတယ်။ဒီနိုင်ငံမှာ တောင်ရှည်ပုဆိုးဝတ် မင်းသားများထက် ခါးတောင်းကျိုက်ထားတဲ့ ပြည်သူများ၊ တူကိုင်ထားတဲ့ ပြည်သူများ၊ တံစဉ်ကိုင်ထားတဲ့ ပြည်သူများ ပိုမိုများပြားဖို့ လိုတယ်။ ထိုပြည်သူများကသာ နည်းပညာနဲ့ ပေါင်းစပ်ပြီး ကုဋေကြွယ်တိုင်းပြည်အဖြစ် တည်ဆောက်နိုင်မှာ ဖြစ်ကြောင်းပါ။
ကုဋေကြွယ် သူဌေးသား
Most Read
Most Recent
1 hour ago










