ညိုမည်းသော အသားအရေပေါ်တွင် အဖြူ ရောင် အမာရွတ်တို့က ဟိုတစ်ကွက်၊ ဒီတစ်ကွက် ရှိနေသည်ကို တွေ့ရသည်။ တကယ်တော့ ထိုအမာရွတ်များသည် ငါးလိပ်ကျောက်မီးနှင့် ရိုက်နှက်ခံခဲ့ရပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်တွင် ကျန်ရစ်ခဲ့သော ဒဏ်ရာများပင်ဖြစ်သည်။ ယင်းဒဏ်ရာဒဏ်ချက်များက သူ့ဘဝအတွက် ဘယ်သောအခါမှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်သည့် အမာရွတ်တို့အဖြစ် ကိုယ်ပေါ် ထင်ကျန်ရစ်နေမှာက အသေအချာပဲ ဖြစ်သည်။ငယ်စဉ်ကတည်းကပင် မိဘများ ဆုံးပါးသွားခဲ့ပြီး မိသားစုဆိုတာလည်း မရှိခဲ့ဘဲ တစ်ယောက်တည်း နေထိုင်ရင်း ဘဝကို ရုန်းကန်ခဲ့ရသူကတော့ ကိုအောင် (အမည်လွှဲ) ပါ။ လွန်ခဲ့သည့်သုံးနှစ်က ကော့သောင်းမှာရှိသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေထိုင်ရင်း အလုပ်သမား စုဆောင်းသည့် ပွဲစားအချို့နဲ့ ချိတ်ဆက်မိခဲ့သည်။ နောက်ပိုင်းတွင်တော့ ပွဲစားတစ်ဦး၏ ချိတ်ဆက်အကူအညီပေးမှုဖြင့် ဟိုဘက်ကမ်း(ထိုင်း) သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဖြစ်လာခဲ့သည်။ကော့သောင်းမှာရှိနေစဉ် ပွဲစားက သူ့ကို ထိုင်းဘက်ကို သင်္ကြန်တွင်း အလည်လိုက်ခဲ့ဖို့ ခေါ်သည်။ “အလုပ်လိုက်ကြည့်ပေ့ါ။ အဆင်ပြေတော့လည်း အလုပ်လုပ်ပေါ့” ဆိုတော့လည်း သူမငြင်းမိ။ ဒီမှာက အလုပ်အကိုင်က ရှားသည်။ အလုပ်ကောင်းတစ်ခု ရဖို့က မလွယ်။ ဟိုဘက်ကမ်းမှာ ဆိုရင်တော့ ဒီထက်ပိုအဆင်ပြေနိုင်သည်ဟု စဉ်းစားမိကာ သူလိုက်ဖြစ်သွားသည်။အလုပ်သမားများကို လူမှုဝန်ထမ်း ဦးစီးဌာနတွင် ကျန်းမာရေးစစ်ဆေးပေးနေစဉ် (ဓာတ်ပုံ - မင်းခန့်ဖြိုး)
နယ်စပ်ဖြတ်သန်းခွင့်ဖြင့် ပွဲစားခေါ်ရာ ဟိုဘက်ကမ်း(ထိုင်း)ကို ရောက်လာခဲ့သည်။ ဟိုရောက်တော့ သိပ်မကြာ။ သူ့ဆီကပိုက်ဆံ အချို့ပွဲစားကိုပေးပြီး မကြာခင်မှာဘဲ သူတို့အားလုံး အချုပ်ခန်းထဲ အထည့်ခံလိုက်ရသည်။ အချုပ်ခန်းထဲ အထည့်ခံလိုက်ရမှသာ လူကုန်ကူးခံရပြီ ဆိုတာကို သူသိခဲ့သည်။တဖြည်းဖြည်းနဲ့ နယ်စပ်ဖြတ်သန်းခွင့် ခုနစ်ရက်လည်း ကျော်လွန်သွားပြီး ဘာအထောက်အထား ရှိ၊ မရှိ၍ အိမ်ပြန်လို့ မရတော့မယ့် အတူတူ ဖြစ်ချင်ရာဖြစ် ပွဲစားရှာပေးသည့် အလုပ်ကို လုပ်ဖို့ပဲ သူဆုံးဖြတ်ချက် ချလိုက်သည်။ ဒီလိုနဲ့ တောထဲတောင်ထဲတွင်လည်း ဆင်းရဲဒုက္ခများစွာဖြင့် ပုန်းလျှိုးကွယ်လျှိုး သူတို့ နေထိုင်ဖြတ်သန်းခဲ့ရသည်။ ပွဲစားက လူစုဆောင်းကာ သူအပါအဝင် အားလုံးကို ကားနဲ့ တစ်ဖုံ၊ လှေနဲ့တစ်ဖုံ အသီးသီး ပို့ဆောင်ခဲ့ပြီး လမ်းခရီးတွင် ထွက်ပြေးသူအချို့လည်း အသတ်ခံခဲ့ရသည်။လှေနဲ့ ၁၀ ရက်ကျော် ခရီးသွားပြီးသည့် နောက်မှာတော့ သူတို့အားလုံး အင်ဒိုနီးရှားကျွန်းကို ရောက်ခဲ့ပြီ ဖြစ်သည်။ တစ်ရက်လျှင် အင်ဒိုငွေ တစ်သောင်းပေးမည်ဟုဆိုကာ ကမ်းပင်မမြင်နိုင်သော ပင်လယ်ထဲတွင် သူစတင်၍ အလုပ်လုပ်ကိုင်ခဲ့ရသည်။ မည်သူနဲ့မှလည်း အဆက်အသွယ် မလုပ်နိုင်ခဲ့။ အရာအားလုံးနဲ့ သူတို့ အဆက်အသွယ် ပြတ်တောက်နေခဲ့သည်။ငါးဖမ်းလှေက တစ်ခါထွက်လျှင် ပင်လယ်ထဲတွင် အချိန်လေးလ ငါးလနီးပါး ကြာတတ်သည်။ သူကတော့ ပင်လယ်ထဲမှ ဖမ်းမိလာသည့် ငါးများကို အမျိုးအစားခွဲရသည့် အလုပ်ကို လုပ်ကိုင်ရသည်။ ငါးတွေကို အမျိုးအစားခွဲရသည့် အလုပ်ကလည်း မလွယ်ကူသလို အလုပ်ချိန်ကလည်း ပုံမှန်မရှိ။ ဒီကနေ့ မနက် ၈ နာရီကစပြီး အလုပ်လုပ်ရင်တောင်မှ နောက်နေ့ မနက် ၈ နာရီထိုးရင် ပြီးချင်မှ ပြီးတတ်သည့် အလုပ်မျိုး။ကမ်းပင်မမြင်ရသော ပင်လယ်ပြင်တွင် အအေးဒဏ်ကြောင့် သူခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သလို ဖြစ်နေပါစေ ... အလုပ်လုပ်ကိုင်နေရတုန်း။ မလုပ်ချင်ဟူ၍ ငြင်းပယ်ခွင့် မရှိ။ အလုပ်ပိတ်ရက် ဆိုတာလည်း မရှိ။ တစ်နေ့ အလုပ်ချိန် နာရီ ၂၀ ကျော်နီးပါး၊ တစ်ခါတလေ တစ်ရက်လုံးလုံး အလုပ်လုပ်ကိုင်ရသည့် နေ့တွေလည်း ရှိသည်။ သူ့အနေနဲ့ “နိုင်ငံတကာက အလုပ်သမားတစ်ဦးရဲ့ တနေ့အလုပ်ချိန် ရှစ်နာရီပဲ သတ်မှတ်ထားသည်” လို့လည်း စောဒကတက်ခွင့် မရှိ။
ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာကလည်း မရှိ။ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုသည်က ဘဝတူအချင်းချင်း ပြန်လည်စောင့်ရှောက်ရခြင်းပင်။ ဘာဆိုဘာမှမရှိသော နေရာတွင် သူတို့ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရသည်။ အနေ၊ အစားကလည်း ဆင်းရဲသည်။ တစ်ခါတလေ အိမ်သာထဲတွင် အိပ်ရသည့် ရက်များလည်း ရှိသည်။ ထိုင်းကပ္ပတိန်များ၏ အုပ်ချုပ်မှုအောက်မှာ နေထိုင်ရပြီး သူတို့မှာ လက်ပါးစေတွေကလည်း အများအပြား ရှိနေသေးသည်။ “၎င်းတို့သည် စစ်တပ်ထက်ပင်ဆိုးသည်။ တစ်ခါတလေ ထမင်းစားနေလျှင်ပင် ပန်းကန်ကိုဆွဲယူပြီး လွှင့်ပစ်ချင်ပစ်တတ်သည်။ တစ်ခါတစ်ရံတော့ ငါးလိပ်ကျောက်မြီးတွေနဲ့ အရိုက်ခံခဲ့ရသည်။ သူတို့ကို အလုပ်သမားတွေက ရှင်ဘုရင်တွေထက်ပင် ကြောက်ရသေးသည်” ဟု ကိုအောင် (အမည်လွဲ)က ဆိုသည်။အချို့အလုပ်သမားတွေတော့ လှောင်အိမ်ထဲတွင် ပိတ်ထားခံရသည်။ အကြောင်းရင်းကတော့ ပြစ်မှုကျူးလွန်ခြင်းကြောင့်ဟု ဆိုသည်။ သူသိသလောက်တော့ မြန်မာတွေက အပြစ်မလုပ်ကြ။ သူတို့တွေ ပုလိပ်ဆီသို့ သွားရောက်အဖမ်းခံသော်လည်း ပုလိပ်တွေက မဖမ်းပေ။ အင်ဒိုနီးရှား ပုလိပ်တွေအတွက် သူတို့လို အလုပ်သမားတွေက ဘာတန်ဖိုးမှ မရှိ။ အလုပ်ပိုရုံသာ အဖတ်တင်သည်။ သူကတော့ လှောင်အိမ်ထဲတွင် အပိတ်မခံရပေ။ ဘင်ဂျီနာကျွန်းပေါ်မှာပင် နေထိုင်ရသည်။ ကျွန်းကလည်း ကမ်းနှင့်အရမ်းကို ဝေးသည်။ ထွက်ပြေး၍လည်း မရပေ။နောက်ဆုံးတွင် လွတ်မြောက်ရာ လမ်းစတစ်ခုကို သူရှာဖွေတွေ့ရှိခဲ့သည်။ ငါးဖမ်းစက်လှေနဲ့ မလိုက်ဖြစ်တော့ဘဲ ကျွန်းပေါ်မှာပင် နေခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ကျွန်းပေါ်တွင် နေခဲ့ပါက မည်သူကမျှ သူတို့ကို ထမင်းမကျွေး။ မိမိဘာသာဖြစ်သလို ရှာစားရသည်။ တစ်ခါတစ်ရံ ငှက်ပျောအူတွေကိုပါ ပြုတ်စားရသည့် အခြေအနေကလည်း ကြုံရသေးသည်။ ကျွန်းပေါ်တွင် သေဆုံးသွားသော အလုပ်သမားတွေကို မြှုပ်နှံနိုင်ရန် သချိုင်းတစ်ခုလည်း လုပ်ပေးထားသည်။တစ်ရက်တွင်တော့ သူတို့နေထိုင်ရာ ကျွန်းပေါ်ကို အင်ဒိုနီးရှားအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ရောက်ရှိလာခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM)နဲ့တွေ့ကာ သူတို့လွတ်မြောက်ခဲ့ရသည်။ အစိုးရ ပြန်လာမခေါ်သေး၍ ကျွန်းပေါ်တွင် သူခြောက်လနီးပါး စောင့်ဆိုင်းခဲ့ရသေးသည်။ မည်သို့ပင်ဖြစ်စေ သူမြန်မာပြည်ကို မကြာခင် ပြန်ရောက်တော့မည်။သူက “ငါးဖမ်းစက်လှေနဲ့ မလိုက်တော့ဘဲ ကျွန်းပေါ်မှာ ကျန်နေခဲ့တာဟာ ကျွန်တော့်အတွက် အိမ်ပြန်နိုင်မယ့် လမ်းစပါပဲ” ဟု ဆိုသည်။မေ ၉ ရက်တွင်တော့ IOM က သူတို့ကို မြန်မာပြည်သို့ ပထမဦးဆုံး ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ သုံးနှစ်ကျော်လောက် ငါးဖမ်းစက်လှေပေါ်တွင် လုပ်အားခမရဘဲ သူအလုပ်လုပ်ကိုင်ခဲ့ရတာတော့ အဓိပ္ပာယ်မရှိ။ အလုပ်ရှင်က လုပ်သက်ခုနစ်နှစ်ပြည့်မှသာ လုပ်အားခရှင်းပေးမည်ဆိုတော့ သူလုပ်အားခ တစ်ပြားမှ မရခဲ့။ အလုပ်ရှင်ထံမှ သိန်းတစ်ရာကျော် လုပ်အားခရရှိရန် ကျန်ရှိနေခဲ့သည်။သူသည် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ခုသို့ ရွှေ့ပြောင်းရင်း ပွဲစားများကို အလွယ်တကူ ယုံကြည်ခဲ့မိခြင်းကြောင့် လူကုန်ကူးသူများ၏ သားကောင်ဘဝသို့ သက်ဆင်းခဲ့ရပြီး ကံကောင်းထောက်မစွာ ပြန်လည်လွတ်မြောက်ခဲ့သူတစ်ဦးပင် ဖြစ်သည်။
ဘင်ဂျီနာကျွန်းက အပြန် . . .
Most Read
Most Recent
7 min ago










