ကောင်းမွန်သောအစိုးရတစ်ရပ် ပေါ်ပေါက်စေရန် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရမည်ဖြစ်ပြီး နောက်ကြောင်းပြန်လှည့်မည် မဟုတ်ဟု သမ္မတဦးသိန်းစိန် ပြောကြား

ကောင်းမွန်သောအစိုးရတစ်ရပ် ပေါ်ပေါက်စေရန် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရမည်ဖြစ်ပြီး နောက်ကြောင်းပြန်လှည့်မည် မဟုတ်ဟု သမ္မတဦးသိန်းစိန် ပြောကြား
Published 24 May 2015
စိုးမင်းထိုက်

ကောင်းမွန်သော အစိုးရတစ်ရပ် ပေါ်ပေါက်စေရန်အတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ ရှိရမည်ဖြစ်ပြီး နောက်ကြောင်းပြန်လှည့်မည်မဟုတ်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေ ၂၃ ရက်က နေပြည်တော်ရှိ အမ်အိုင်စီစီ (၂) တွင် ပြုလုပ်သည့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူဘောင်ပြုစုရေးဆွဲရေးဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
 
ကောင်းမွန်သောအစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ အစိုးရယန္တရားကို လည်ပတ်ပေးနေသည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း စွမ်းဆောင်ရည်မြင့်မားအောင် မြှင့်တင်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က“ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ကူးပြောင်းရေးဟာ ကျယ်ပြန့်ပြီး နက်နဲတဲ့အတွက်ကြောင့် အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်မှာရှိတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နောက်ကြောင်းပြန်လှည့်မှာလည်း မဟုတ်ပါကြောင်း ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။ 
 
အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများ အားလုံးပူးပေါင်းတိုင်ပင်ပြီး အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူဘောင်တွင် ထည့်သွင်းရေးဆွဲသင့်သည့် အချက်အလက်များရရှိအောင် တိုင်ပင်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအခြေအနေကို ညွှန်ပြနိုင်သည့် မူဘောင်ပြုစုရေးဆွဲရေးအတွက် အကြံပြု ဆွေးနွေးချက်များ ရရှိရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
ထို့ပြင် ဒီမိုကရေစီစနစ်သည် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်နှင့် တွဲဖက်မှ အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်ရန် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
 
“ဒီလိုဆောင်ရွက်ရာမှာ အရည်အသွေး အခြေပြု ချီးမြှင့်မြှောက်စားတဲ့စနစ်နဲ့ စွမ်းဆောင်ရည် စီမံခန့်ခွဲမှုတို့ကို ကျင့်သုံးရမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားခြင်းဟာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကိုလည်း အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ဗဟိုဦးစီးစနစ် လျှော့ချရာတွင် တိုင်းဒေသကြီးနဲ့ ပြည်နယ်များကို ဘတ်ဂျက်မှာ ပိုမိုခွဲဝေပေးခြင်း၊ စွမ်းဆောင်ရည်တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ လုပ်ပိုင်ခွင့်ပိုမိုခွဲဝေပေးရေး၊ ဝန်ကြီးဌာနများ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းခြင်းကို ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်”ဟု သမ္မတက ပြောကြားသည်။
 
ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအပိုင်းအနေဖြင့် သဘာဝသယံဇာတအရင်းအမြစ် အီးအိုင်တီအိုင်၊ ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ဝင်ဖြစ်ရေးကို ဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သတင်းထုတ်ပြန်ရေးများ ဆောင်ရွက်နေကြောင်း၊ အစိုးရ၏ လက်ရှိသက်တမ်းကာလအတွင်းမှာ နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ရေရှည်ခိုင်မာသည့် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်နိုင်ရေး ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။
 
ဆက်လက်၍ “အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ပြည်သူများ ရဲ့ဆန္ဒ၊ လိုအပ်ချက်တွေနဲ့ မျှော်လင့်ချက်တွေဟာ အလွန်များပါတယ်။ ဒီလိုအပ်ချက်တွေအားလုံးကို ပြည့်မီအောင် လုပ်ဖို့ဆိုတာက အစိုးရသက်တမ်းတစ်ခုတည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာကိုလည်း သိရှိပါတယ်။ ရေရှည် အစဉ်အဆက်အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒီနေ့ ကောင်းမွန်တဲ့အစိုးရကို နယ်ပယ်အလိုက် ဆောင်ရွက်နေပါတယ်။ ဒါတွေကို စုစည်းဆောင်ရွက်နိုင်ဖို့က မဟာဗျူဟာမူဘောင်တစ်ခု လိုအပ်လာပါတယ်။ ဒီမူဘောင်ကိုလည်း အစိုးရတစ်ခုတည်းအနေနဲ့ ဆောင်ရွက်နေတယ်လို့မမြင်ဘဲ နိုင်ငံသားအားလုံးရဲ့ ပါဝင်အားထုတ်မှုဟု မြင်စေလိုပါတယ်”ဟု သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။
 
အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူဘောင် ပြုစုရေးဆွဲရေးဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ယူအင်န်ဒီပီမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ နိုင်ငံတော်သမ္မတအကြံပေးများလည်း တက်ရောက်ခဲ့ကြောင်း၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှု၊ ဗဟိုဦးစီးစနစ် လျှော့ချခြင်း၊ နိုင်ငံ့ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 

Most Read

Most Recent