ဘဝအစ
ဆရာကြီး မြသန်းတင့်သည် ပခုက္ကူခရိုင်၊ မြိုင်မြို့ဇာတိ ဖြစ်လေ၏။ ၁၉၂၉ ခုနှစ် မေ ၂၃ ရက် ကြာသပတေးနေ့တွင် မွေးဖွားခဲ့လေ၏။ မိဘနှစ်ပါးမှာ ဖခင် ဦးပေါ်တင့်၊ မိခင် ဒေါ်လှိုင်တို့ဖြစ်ကြပြီးလျှင် မွေးချင်း ခုနစ်ယောက်တွင် ဆရာကြီးက အကြီးဆုံးသားဖြစ်လေ၏။
ပညာရေးအစ
ဆရာကြီးမြသန်းတင့်သည် မြိုင်မြို့ တိုင်းရင်းမြန်မာအထက်တန်းကျောင်းတွင် စတုတ္ထတန်းမှ အောင်မြင်ခဲ့ပြီးလျှင် ပခုက္ကူမြို့ မြန်မာ-အင်္ဂလိပ် ဗုဒ္ဓဘာသာအထက်တန်းကျောင်းသို့ ပြောင်းသည့်အခါ ပထမတန်းမှ ပြန်၍ပညာသင်ရာ ၁၉၄၁ ခုနှစ်တွင် ပဉ္စမတန်းသို့ ရောက်ခဲ့လေ၏။
စာပေ
ဆရာကြီးမြသန်းတင့်သည် “ကျောင်းလက်ရေးမဂ္ဂဇင်း” ကို ဦးစီးထုတ်ဝေခဲ့ရာ ထိုစဉ်အခါက ဆရာကြီး၏အသက်မှာ (၁၃) နှစ် မျှသာရှိသေး၏။
နိုင်ငံရေး
ဆရာကြီးမြသန်းတင့်သည် စာပေအပြင် နိုင်ငံရေးကိုပါ လွန်စွာမှ စိတ်ဝင်စားသူဖြစ်၍ ၁၉၃၄ ခုနှစ်တွင် အာရှလူငယ်များအဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့လေ၏။
၁၉၄၄ ခုနှစ်တွင် ဂျပန်တော်လှန်ရေး မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်ပြီးလျှင် ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပါဝင်ခဲ့လေ၏။ မန္တလေးနှင့် မြင်းခြံခရိုင်၏ လျှို့ဝှက်မြေအောက်လုပ်ငန်းများတွင်လည်း တက်တက်ကြွကြွပါဝင်ခဲ့သေး၏။
၁၉၄၅ ခုနှစ်မှာ ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းရှိ ဗိုလ်သန်းဦး (တော်လှန်ရေးတွင်ကျဆုံး)၊ သခင်မော်တင် (ပြည်တွင်းစစ်တွင်ကျဆုံး)နှင့် မြိုင်မြို့ဘုန်းတော်ကြီး ဦးစရိယ (မြိုင်ဖဆပလအမတ်ဟောင်း ဦးသက်ရှည်) တို့၏ ဦးဆောင်မှုအောက်တွင် ဆရာကြီး မြသန်းတင့်က ပါဝင်ခဲ့ လှုပ်ရှားခဲ့ဖူးလေ၏။
ဆရာကြီးမြသန်းတင့်သည် ၁၉၄၅-၄၆- ၄၇ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြင်းခြံခရိုင်မှာပင် တာဝန်ကျလေ၏။ မန္တလေးခရိုင် အထက်ဗမာပြည်၊ ဖဆပလအဖွဲ့ချုပ်၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီတို့တွင် အချိန်ပြည့် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးလေ၏။
မြင်းခြံခရိုင်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်၍ ခရိုင်ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီးလျှင် မြင်းခြံခရိုင်အတွင်းရှိ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း မြို့နယ်များရှိ တောင်သူလယ်သမားများနှင့် ကျောင်းသားလူငယ်များကို အဓိကထား စည်းရုံးခဲ့ရလေ၏။
ရုံးမင်းတစ်ထိုင်ပြစ်ဒဏ်
ဆရာကြီးမြသန်းတင့်သည် ကျောက်ပန်းတောင်းအက်တူးသခင်အုန်းဖေ(ပြည်တွင်းစစ်တွင်ကျဆုံး)နှင့်အတူ လယ်သမားများ သီးစားခမပေးရေးတိုက်ပွဲတွင် လက်ငုတ် လယ်ယာလယ်ပြန်ထွန်ရေးတိုက်ပွဲတွင် မြေရှင်ကြီးများ၏ လယ်များကို အတင်းဝင်ထွန်ရေး တိုက်ပွဲကို ဦးဆောင်ခဲ့ရလေ၏။
သီးစားခမပေးရေးတိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ မတရားသိမ်းယူထားသော လယ်သမားများ၏ ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် ရုံးမင်းတစ်ထိုင် ပြစ်ဒဏ်ကျခံခဲ့ရဖူးလေ၏။
တိုးတက်သောကျောင်းသား
ပခုက္ကူခရိုင်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို ၁၉၄၈ ခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့သော်လည်း ဆရာကြီးမြသန်းတင့်သည် မာ့က်ဝါဒ လေ့လာရေးအဖွဲ့၊ တိုးတက်သောကျောင်းသားများအဖွဲ့အစည်းများတွင်လည်း ပါဝင်ခဲ့သေး၏။
ပထမဦးဆုံး စာမူ
၁၉၄၉ ခုနှစ် တာရာမဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၂၁) တွင် ဆရာကြီး မြသန်းတင့်၏ “ဒုက္ခသည်” အမည်ရှိ ပထမဦးဆုံးရေးသည့် ဝတ္ထုတိုသည် ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရလေ၏။
စာပေသည် ပြည်သူ့အတွက်
ဆရာကြီးမြသန်းတင့်သည် ၁၉၅၀ ပြည့်နှစ်က ကိုသန်းတင်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်း၊ အောင်လင်းတို့နှင့်အတူ “စာပေသည် ပြည်သူ့အတွက်” ဟူသော ကြွေးကြော်သံနှင့်အတူ “စာပေသစ်မဂ္ဂဇင်း” ကို ဦးဆောင်ထုတ်ဝေကာ စာပေမှတ်တိုင်တစ်ခု ထူထောင်ခဲ့ဖူးလေ၏။
ပထမဦးဆုံး ဘာသာပြန်
ဆရာကြီးမြသန်းတင့်သည် ၁၉၅၁ ခုနှစ်တွင် ဘာသာပြန်အဖြစ် ပထမဦးဆုံး “ဂေါ်ကီ၏ မာလ်ဗာနှင့်အခြားဝတ္ထုတိုများ” ကို ပြန်ဆိုရေးသားပြီး ကျော်လင်းစာပေတိုက်မှ တန်ဖိုးနှစ်ကျပ်ဖြင့် ဖြန့်ချိခဲ့လေ၏။
အယ်ဒီတာ
ဆရာကြီးမြသန်းတင့်သည် စာရေးဆရာအသင်းမှ ထုတ်ဝေသော “စာပေမဂ္ဂဇင်း” တွင် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ “ပြည်တော်သစ်ဂျာနယ်”တွင်လည်း အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ “တိုးတက်ရေးသတင်းစာ” တွင်လည်း နိုင်ငံခြားရေး အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူးလေ၏။
ပင်ကိုရေး
ဆရာကြီးမြသန်းတင့်သည် ၁၉၅၃ ခု နှစ်မှာ “မေတ္တာအသင်္ချေ” အမည်ရှိ လုံးချင်းဝတ္ထုပင်ကိုရေးကို ပထမဦးဆုံးရေးသားခဲ့လေ၏။
ငြိမ်းချမ်းရေး
ဆရာကြီးမြသန်းတင့်သည် ၁၉၅၂ ခုနှစ် က ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့လေ၏။
၁၉၅၅ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးတစ်ဦးဖြင့် ဆောင်ရွက်ခဲ့ဖူး၏။
၁၉၆၀ ပြည့်နှစ်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးကောင်စီအစည်းအဝေးသို့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့၏။
ထိုညီလာခံမှအပြန် ဆိုဗီယက်ယူနီယံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးကော်မတီ၏ ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခဦးအောင်လှတို့နှင့်အတူ သွားရောက်ခဲ့ဖူး၏။
ပြည်တွင်းငြိမ်းချမ်းရေးတွင်လည်း ဆရာကြီးမြသန်းတင့်သည် အဖွဲ့ဝင်နှင့် ပြည်သူ့ ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့၏။
နိုင်ငံရေးအကျဉ်းသား
ဆရာကြီးမြသန်းတင့်သည် နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ကြိမ်ထောင်ကျဖူးလေ၏။ ၁၉၅၈ ခုနှစ်က ရှမ်းပြည်နယ်သို့ တစ်ကြိမ် တစ်ခါမျှ မရောက်ဖူးပဲ မြေပုံကိုကြည့်ပြီး လေ့လာကာ ပဒေသရာဇ်ဆန့်ကျင်ရေးဝတ္ထု ဖြစ်သော “လိုက်ခဲ့တော့ မြနန္ဒာ” ဝတ္ထုရှည်ကို မြဝတီမဂ္ဂဇင်းအယ်ဒီတာချုပ် ဇဝနလက်ထက်က ရေးသားခဲ့ရာ အထိန်းသိမ်းခံဘဝနှင့် ကိုကိုးကျွန်းသို့ရောက်ကာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့လေ၏။
၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ပျက်လေသောအခါ အထိန်းအသိမ်းခံနိုင်ငံရေးအကျဉ်းသားဖြစ်ကာ ဒုတိယအကြိမ်မြောက် ကိုကိုးကျွန်းသို့ရောက်ခဲ့ပြီး ၁၉၇၂ ခုနှစ် အထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသားဘဝမှ လွတ်မြောက်ခဲ့ရပြန်၏။
စာပေဆု
ဆရာကြီးမြသန်းတင့်သည် တော်လ်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေးဘာသာပြန် ဝတ္ထု(၁၂)တွဲကို ၁၉၇၂ ခုနှစ်အတွက် အမျိုးသားဘာသာပြန်ဆုကို လည်းကောင်း၊ ၁၉၇၈ ခုနှစ်အတွက် အမေရိကန်စာရေးဆရာမ မာဂရက်မစ်ချယ်၏ ကောက်ငိုတို့၏ “ခန်းဆောင်နီအိပ်မက်” သာဘာပြန်ဝတ္ထုနှင့် (၉ တွဲ) အမျိုးသားစာပေဘာသာပြန် (ရသ)ဆုကို လည်းကောင်း၊ ၁၉၉၂ ခုနှစ်က ပြင်သစ် စာရေးဆရာဒိုးမိနိလာပီယဲ၏ “သုခမြို့တော်” ဘာသာပြန်ဝတ္ထုဖြင့် အမျိုးသားစာပေဘာသာပြန်ဆုကို ရရှိခဲ့ဖူးလေ၏။
နိဂုံး
ဆရာကြီးမြသန်းတင့်သည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ည ၉ နာရီ ၁၅ မိ နစ်တွင် ကွယ်လွန်လေ၏။ ဇနီးဒေါ်ခင်မမ နှင့် သားသမီး လေးဦး ကျန်ရစ်ခဲ့လေ၏။
၈၆ နှစ်
ဆရာကြီး မြသန်းတင့်သည် ၁၉၂၉ ခု နှစ် မေ ၂၃ ရက်တွင် မွေးဖွားခဲ့ရာ ၂၀၁၅ ခု နှစ် မေ ၂၃ ရက်ဆိုလျှင် (၈၆) နှစ်ရှိပြီဖြစ်၍ ထို့ကြောင့် ဆရာကြီး၏ (၈၆)နှစ် အမှတ်တရ ရေးသားဖော်ပြလိုက်ရပါသည်။
စာရေးဆရာကြီး မြသန်းတင့် (၈၆) နှစ်ပြည့် အမှတ်တရ
Most Read
Most Recent
47 min ago










