အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် လူထုဟောပြောပွဲပြုလုပ်ရန် စီစဉ်ပြီးမှ ဆိုင်းငံ့ခဲ့သည့် မွန်ပြည်နယ်သို့ ပြန်လည်သွားရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် လူထုဟောပြောပွဲပြုလုပ်ရန် စီစဉ်ပြီးမှ ဆိုင်းငံ့ခဲ့သည့် မွန်ပြည်နယ်သို့ ပြန်လည်သွားရောက်မည်
Published 10 May 2015
ကျော်ဇင်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် လူထုဟောပြောပွဲ ပြုလုပ်ရန် စီစဉ်ပြီးမှ ဆိုင်းငံ့ခဲ့သည့် မွန်ပြည်နယ်သို့ မေ ၁၆ ရက်တွင် ပြန်လည်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
မူလက အဆိုပါခရီးစဉ်အား မတ် ၂၇  ရက်မှ ၂၉ ရက်အထိ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်သို့ သွားရောက်၍ လူထုဟောပြောပွဲများပြုလုပ်ရန် စီစဉ်ပြီးချိန်၌ အခြားခရီးစဉ်များ သွားရောက်ထားမှုကြောင့် ပင်ပန်းမှုဖြစ်ပေါ်နေခြင်းနှင့် လွှတ်တော်တက်ရောက်ရန်လည်း ရှိသည်ဟုဆိုကာ ခရီးစဉ်အား ဆိုင်းငံ့ခဲ့သည်။
 
“အကြွေးဆပ်တဲ့သဘောသွားမှာပါ။ ရန်ကုန်ကနေ သွားမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။ ထိုသို့သွားရောက်မည့် ခရီးစဉ်မှာ မေ ၁၆ ရက်တွင် သထုံမြို့၌ လူထုဟောပြောပွဲ ဦးစွာပြုလုပ်မည်ဖြစ်ပြီး ဆက်လက်၍ မော်လမြိုင်မြို့သို့ သွားရောက်ကာ လူထုဟောပြောပွဲပြုလုပ်မည်ဖြစ်ကာ ညပိုင်းတွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောကြားသည်။
 
ထို့နောက် မေ ၁၇ ရက်တွင် သံဖြူ ဇရပ်မြို့သို့သွားရောက်မည်ဖြစ်ပြီး သံဖြူဇရပ် စစ်သင်္ချိုင်းတွင် လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကာ မော်လမြိုင်မြို့သို့ အပြန်လမ်းတွင် မုဒုံမြို့၌ပြည်သူလူထုနှင့် ခေတ္တတွေ့ ဆုံဟောပြောမည်ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူဆောင်ရွက်ရန် စီစဉ်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှလည်း  မေ ၉ ရက်တွင် အဖွဲ့ချုပ်လုံခြုံရေးအဖွဲ့များအား ဖိတ်ခေါ်ထားပြီး လုံခြုံရေးဆိုင်ရာကိစ္စများအား ပူးပေါင်းဆောင်ရွက်မည့် အနေအထားရှိကြောင်း ဒေါက်တာခင်ဆောင်က ပြောကြားသည်။
 
“ကျွန်တော့်အနေနဲ့ကတော့ အများကြီးကြိုဆိုတာပေါ့။ လာလည်း လာစေချင်တယ်လေ။ အရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ဒေါ်ခင်ဌေးကြွယ်က မော်လမြိုင်ကနေ အနိုင်ရသွားတယ်မလား။ အဲဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ ဒေါ်ဌေးအနိုင်ရလို့ရှိရင် မွန်ပြည်နယ် ထပ်လာဦးမယ်လို့ ပြောထားတယ်။ အဲဒါကြောင့်မို့လို့ အခုထပ်လာတာပေါ့။   ပထမအခေါက် မလာဖြစ်တုန်းကလျှောက်ထားတာ ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်။ အဲဒီတုန်းက ကွင်းတွေလည်း ချထားပေးပြီးပြီ။ အကုန်လုံးလည်း စီစဉ်ထားပြီးပြီ။ သက်ဆိုင်ရာနဲ့ ညှိထားပြီးပြီ မလာဖြစ်လို့ ကျွန်တော်တို့ ရက်ရွှေ့ဆိုင်းတယ်လို့ အာဏာပိုင်အဖွဲ့အစည်းကို ပြောလိုက်တယ်။ စာပြန်တင်လိုက်တယ်။ အခုတစ်ခါလည်း ဒီခေါင်းစဉ်နဲ့ပေါ့”ဟု ဒေါက်တာခင်ဆောင်က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မော်လမြိုင်မြို့သို့ လေးကြိမ်လာရောက်ဖူးပြီး  ၂၀၁၂ ခုနှစ် မတ်လတွင် နောက်ဆုံးသွားရောက်ထားခြင်းဖြစ်သည်။   

Most Read

Most Recent