လူ့ဘဝမှာ လူရယ်လို့ဖြစ်လာကြရင် ဘယ်သူမဆို ဘယ်အရာကိုပဲလုပ်လုပ် အစကောင်းဖို့ လိုကြပါလိမ့်မယ်။ စကတည်းက ယဉ်သကိုဆိုသလို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပညာရေးနယ်ပယ် အသီးသီးမှာ အစတွေ မကောင်းကြရင်ဖြင့် အဆုံးကတော့ ကောင်းဖို့ဆိုတာ မသေချာလှပါဘူး။ ယနေ့ စာရေးသူတို့နိုင်ငံရဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ပြည်သူအများစုရဲ့ လူမှုဘ၀ အဖြာဖြာကို လေ့လာဆန်းစစ်ကြည့်ရင် အစမကောင်းခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် များသောအားဖြင့် ပြည်သူအများစုရဲ့ ဘဝတွေဟာ ဆင်းရဲကျပ်တည်းမှုတွေ၊ လူမှုရေး စီးပွားရေး မပြေလည်မှုတွေနဲ့ ကြုံတွေ့နေရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စာရေးသူတို့ လူမျိုးအများစုဟာလည်း ရရစားစား သွားသွားလာလာ ဆိုသလိုပဲ နေ့စဉ်ဝင်ငွေကို ခြိုးခြံချွေတာမှု အလွန်အားနည်းကြပါတယ်။ နောင်ခါလာ နောင်ဈေးဆိုသလို နေ့ဖို့ညစာမချန် ချွေတာစုဆောင်းဖို့ဝေးစွ ရှိသမျှ၊ ဝင်သမျှ သုံးဖြုန်းစားသောက်ဖြစ်ကြတဲ့ သူတွေက ခပ်များများပါ။ နေ့စဉ်ဝင်ငွေနဲ့ ထွက်ငွေမမျှဘဲ အသုံးအဖြုန်းကြီးကြတဲ့ လုပ်ရပ်တွေကြောင့် ကြာလာတာနဲ့အမျှ မိသားစုစီးပွားရေးနဲ့ သားသမီးတွေရဲ့ ပညာရေးတွေကိုပါ ထိခိုက်လာပြီး လူမှုရေးတွေပါ ထိခိုက်လာပါတယ်။ ဒါဟာ ခြိုးခြံချွေတာမှု၊ စည်းကမ်းမရှိမှုတွေအပြင် အရာရာကို အလေးအနက်မထားဘဲ အစမကောင်းခဲ့ကြတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။မိသားစုတစ်ခုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံဖြစ်စေ စီးပွားရေးတွေ ပြေလည်ဖို့ကောင်းဖို့ အဓိကလိုအပ်ပါတယ်။ စီးပွားရေးကောင်းမှသာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ အဘက်ဘက်က အဆင်ပြေချောမွေ့နိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးတွေ မကောင်းသမျှ နိုင်ငံတစ်နိုင်ငံဖြစ်စေ အဖွဲ့အစည်းတစ်ရပ်ဖြစ်စေ၊ မိသားစုတစ်စုဖြစ်စေ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ အဘက်ဘက်က နိမ့်ပါးနေမှာဖြစ်ပါတယ်။ ပြည်သူအများစုဟာ ယနေ့ဘာကြောင့် ပညာရေး၊ ကျန်းမာရေး လူမှုရေးကဏ္ဍ အသီးသီးမှာ နိမ့်ပါးနေရသလဲဆိုတဲ့ အကြောင်းရင်းကို အဖြေရှာဖို့ လိုကြပါလိမ့်မယ်။ ဒီနေ့ ဒီအချိန်အခါ နယ်ပယ်အသီးသီးမှာ လုပ်ရကိုင်ရ၊ ရှာဖွေစားသောက်ကြရမှုတွေ ခက်ခဲကျပ်တည်းအောင် ဖန်တီးထားတာတွေဟာလည်း အရှိတရားများပဲ ဖြစ်ပါတယ်။ ပြည်သူအများစု စီးပွားရေးတွေ အစဉ်မပြေမှ၊ ပညာရေးတွေ နိမ့်ပါးနေမှ၊ လူမှုရေးတွေ ကစဉ့်ကလျားဖြစ်နေမှ သူတို့တွေ (အာဏာပိုင်တွေ) လိုသလို ဆက်လက်ခြယ်လှယ်နိုင်ကြမှာ ဖြစ်ပါတယ်။စာရေးသူတို့နိုင်ငံမှာ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်ဖို့ အင်မတန်မှ ခက်ခဲလှပါတယ်။ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ကိုယ်ကျိုးအတ္တတွေကြောင့် လူမှုရေး စီးပွားရေးတွေမှာ နာလန်မထူနိုင်ကြတဲ့၊ တစ်နေ့လုပ်မှ တစ်နေ့စားရပြီး ဆင်းရဲကျပ်တည်းစွာ ရပ်တည်နေကြရတဲ့ ပြည်သူအများစုကို ဘဝအစတွေကောင်းအောင် ဘဝအနှောင်းပိုင်းတွေ သေချာအောင် လမ်းခင်းပြရတာဟာလည်း သေခါနီး လူတစ်ယောက်ကို တရားပြတာနဲ့ တူနေပါတယ်။ယနေ့နယ်ပယ် အသီးသီးကို လှမ်းမျှော်ကြည့်လိုက်ရင် လူမျိုးခြားတွေ လွှမ်းမိုးပြီး ပညာရေးနယ်ပယ်ပဲကြည့်ကြည့်၊ စီးပွားရေးနယ်ပယ်ကြည့်ကြည့် ယနေ့နိုင်ငံမှာ ထိပ်တန်းက ရပ်တည်နေကြတဲ့ လူမှုအသိုင်းအဝိုင်းကိုပဲကြည့်ကြည့်၊ စာရေးသူတို့လူမျိုးတွေ ဘေးရောက်နေတာဟာ အရှိတရားများပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် အခြေအနေအရ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍတွေမှာ ပေးနိုင်၊ ကျွေးနိုင်၊ ကမ်းနိုင်မှ ရှေ့ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပေးနိုင်၊ ကမ်းနိုင်၊ ကျွေးနိုင်ဖို့ ဆိုတာကလည်း စီးပွားရေးအခြေခံကောင်းပြီး အာဏာပိုင်တွေနဲ့ နီးစပ်ဖို့လည်း လိုပါတယ်။ လက်ရှိနိုင်ငံမှာ ရှေ့တန်းရောက်နေတဲ့သူ အများစုကို သုံးသပ်ကြည့်ရင် ဆင်းဆင်းရဲရဲနဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝကနေ ရုန်းကန်ကြိုးစားပြီး မျိုးရိုးအစဉ်အဆက် ချမ်းသာနေကြတဲ့သူတွေ မဟုတ်ဘဲ ပေးနိုင်၊ ကမ်းနိုင်၊ ကျွေးနိုင်တဲ့သူတွေ၊ အာဏာပိုင်နဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ၊ အာဏာပိုင် ဆွေမျိုးအသိုင်းအဝိုင်းတွေ အများစု ဖြစ်နေကြခြင်းဟာလည်း ပြည်သူတွေ ဆင်းရဲကျပ်တည်းရတဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။လူမျိုးခြားနဲ့ အာဏာပိုင်တွေ၊ အာဏာပိုင်တွေနဲ့ နှီးနွှယ်သူတွေ သူတို့အသိုင်းအဝိုင်းလောက်သာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ နယ်ပယ်အသီးသီးကို ဖောက်ထွက်ဖို့ဆိုတာ ကမ်းမမြင်တဲ့ ပင်လယ်ပြင်ကို လက်ပစ်ကူးနေတဲ့ သူတွေနဲ့ တူနေရင်တူနေမှာ။ ဒါပေမဲ့ မဟာဇနက္ကထုံး နှလုံးမူပြီး စိုးရိမ်ကြောက်ရွံမှုကင်းစွာနဲ့ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုရှိကြရင် အောင်မြင်မှုဆိုတဲ့ မေခလာနတ်သမီးကယ်ခန်း မလွဲဧကန် ရောက်ရှိကြမှာပါ။ အရင်ဆုံး ကျွန်တော်တို့ပြည်သူတွေ နှစ်ပေါင်းများစွာ အဖျက်ဆီးခံထားရတဲ့ စိတ်ဓာတ်တွေ၊ ကောင်းအောင်ပြင်ဖို့ လိုကြပါလိမ့်မယ်။ တွေဝေနေတဲ့ စိတ်ဓာတ်တွေ၊ ငေးမောနေတဲ့ စိတ်ဓာတ်တွေ၊ ကြောက်ရွံနေတဲ့ စိတ်ဓာတ်တွေ၊ မထူးဇာတ်ခင်းနေတဲ့ စိတ်ဓာတ်တွေ၊ ခြိုးခြံချွေတာမှုနည်းပြီး ရရစားစား စိတ်ဓာတ်တွေ၊ သခင်စိတ်မမွေးချင်တဲ့ စိတ်ဓာတ်တွေ၊ အချင်းချင်း မနာလိုဖြစ်တဲ့ စိတ်ဓာတ်တွေ၊ သခင်အားရ ကျွန်ပါး၀ စိတ်ဓာတ်တွေ၊ ရောင့်ရဲတင်းတိမ်နေတဲ့ စိတ်ဓာတ်တွေ၊ ကိုယ့်လူမျိုးအချင်းချင်း ရိုင်းပင်းကူညီမှုနည်းတဲ့ စိတ်ဓာတ်တွေ၊ အထူးသဖြင့် ကျွန်စိတ်မပျောက်သေးတဲ့ စိတ်ဓာတ်တွေကို အမြန်ဆုံးပြုပြင် ပြောင်းလဲသွားနိုင်မှသာ ရှေ့တန်းရောက်ဖို့ အစပျိုးနိုင်မှာဖြစ်သလို မိမိတို့ မျိုးဆက်သစ်တွေဟာလည်း နယ်ပယ်အသီးသီးမှာ နောက်ကောက်မကျမှာ ဖြစ်ပါတယ်။၁၉၆၂ ခုနှစ်ကစပြီး အစမကောင်းခဲ့ကြတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကြောင့် ယနေ့ပြည်သူ အများစုဟာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍ အသီးသီးနဲ့ နိုင်ငံရေးနယ်ပယ်မှာပါ အနှောင်းမသေချာတဲ့ ဘဝတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရခြင်း ဖြစ်ပါတယ်။ စာရေးသူနဲ့တကွ စတုတ္ထမဏ္ဍိုင်ကနေပြီး ပြည်သူအများစု ခံစားနေရတဲ့ လက်ရှိအနေအထား တစ်ရပ်ကို အကြိမ်ကြိမ်အခါခါ ရေးသားနေရခြင်းတွေဟာလည်း အာဏာပိုင်တွေ စဉ်းစား၊ ဆင်ခြင် ဝေဖန်သုံးသပ်နိုင်ဖို့ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ယနေ့အချိန်အထိ လက်တစ်ကမ်းအကွာက လူတစ်စုရဲ့ အကြံပေးပြောကြားချက်တွေလောက်သာ အမှန်ထင်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာကြောင့် တိုင်းပြည်ဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အလှမ်းဝေးပြီး ဘက်ပေါင်းစုံက ဖွံ့ဖြိုးမှုတွေ နောက်ကျကျန်ရစ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အစမကောင်းခဲ့တဲ့ ပညာရေးနဲ့ အစမကောင်းခဲ့တဲ့ စီးပွားရေးကဏ္ဍတွေအပြင် အစမကောင်းခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်တွေကြောင့် တိုင်းပြည်နဲ့လူမျိုးဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်စရာဖြစ်စေခဲ့ပြီး ပြည်သူအများစု ဆင်းရဲတွင်းနက်နေရခြင်းတွေဟာ အရှိတရားများပဲ ဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ ဒီနေ့ဒီအချိန်အခါမှာ ပြည်သူတွေ၊ နယ်ပယ်အသီးသီးနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများပါမကျန် အစကောင်းမဲ့ အခြေအနေကောင်းတွေကို ဖန်တီးနိုင်မယ့် အချိန်အခါကောင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မိမိတို့ဘဝတွေ အစမကောင်းခဲ့ရင်တောင်မှ မိမိတို့ မျိုးဆက်သစ်တွေ အစကောင်းနိုင်အောင် ဖန်တီးပေးသွားကြဖို့ လိုပါလိမ့်မယ်။ ထို့အတူ စိတ်ဓာတ်တွေကောင်းမှ လုပ်ရပ်တွေကောင်းမှာ ဖြစ်တဲ့အတွက် မိမိတို့ရဲ့ မျိုးဆက်သစ်တွေကို ခွန်အားသစ်တွေ၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုတဲ့ စိတ်ဓာတ်တွေ၊ သူများအားမကိုးဘဲ မိမိကိုယ်မိမိ အားကိုးလိုတဲ့ စိတ်ဓာတ်တွေ၊ ကိုယ့်လူမျိုးအချင်းချင်း ဖိနှိပ်ချုပ်ချယ်လိုမှုကင်းတဲ့ စိတ်ဓာတ်တွေ၊ စိုးရိမ်ပူပန်မှုကင်းပြီး ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲတဲ့ စိတ်ဓာတ်တွေကို အမွေပေးသွားကြဖို့ အထူးပဲ လိုအပ်လှပါတယ်။ မကြာမီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးဟာ တိုင်းပြည်နဲ့ လူမျိုးတွေအတွက် အစကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း ရရှိလာမယ့် အခွင့်အလမ်းတစ်ခုကို အမိအရဆုပ်ကိုင်ပြီး ပြည်သူတွေအတွက် အနှောင်းသေချာမယ့် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် မိမိတို့ဘ၀ မိမိတို့ ဖန်တီးတည်ဆောက်လိုသူတိုင်း ‘ဒီတော့ ကျွန်တော်တို့က သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ အဲဒီလိုလုပ်နိုင်တဲ့ အခါကျမှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် တန်းတူညီတူ ဖြစ်သွားမယ်’ ဆိုတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မြို့တော်ခန်းမမှာ မှာကြားခဲ့တဲ့ အဆိုအမိန့်ကို အလေးအနက်ထား နှလုံးမူကာ ဆောင်ရွက်သွားကြဖို့ လိုအပ်နေပြီးဖြစ်ပါကြောင်း တိုက်တွန်းဆော်သြ ရေးသားလိုက်ရပါတယ်။
အစကောင်းမှ အနှောင်းသေချာမည်
Most Read
Most Recent
42 min ago










