လမ်းလွဲရောက်မှာစိုး

လမ်းလွဲရောက်မှာစိုး
Published 8 May 2015
တင်ယုနွယ်

ဖြစ်ရပ် ၁ရန်ကုန်မြို့ လယ်ရှိ မြို့နယ်တစ်မြို့နယ်ရဲ့  မူလတန်းကျောင်းရဲ့သူငယ်တန်း အခန်းမှာပါ။ လက်ရေးလှအနေနဲ့  စာအုပ်မှာ စာရေးပြီး ငြိမ်ငြိမ်နေဖို့မှာခဲ့ကာ ဆရာမအခန်းအပြင် ခဏထွက်သွားချိန်။ ဆရာမဖြစ်သူ အခန်းထဲ ပြန်ဝင်လာချိန်မှာ  စာသင်ခန်းရဲ့ ထောင့်တစ်နေရာမှာတော့ စုစုရုံးရုံး ကလေးတစ်အုပ်ကို တွေ့ရပါတယ်။ အုပ်စုလိုက် ဝိုင်းနေတဲ့ နေရာမှာ တွေ့ရတာကတော့ ဂါဝန်ကားကား လေးဝတ်ထားတဲ့ ကျောင်းသူလေးတစ်ဦးက ခုံပေါ်မှာ မတ်တတ်ရပ်ပြီး တိုင်လုံးကိုကိုင်ကာ ခေါင်းတခါခါ ကိုယ်လေးတယမ်းယမ်း ယိမ်းကနေတာကို သူငယ်ချင်းဖြစ်တဲ့ ကောင်လေးတွေရော၊ ကောင်မလေးတွေရော သူတို့ သူငယ်ချင်းကောင်မလေးကို ဝိုင်းကြည့်ပြီး လက်ခုပ်တီး အားပေးနေတဲ့ မြင်ကွင်းဖြစ်လို့နေပါ တယ်။ အဲဒီမြင်ကွင်းကြောင့် ဆရာမလည်း လူစုခွဲခိုင်းပြီး ဒီလိုလုပ်တဲ့မြင်ကွင်းက ကလေးတွေလုပ်တာ မသင့်တော်သလို နောက် ဒီလိုမလုပ်ဖို့ ပြောပြခဲ့ရတယ်လို့ ဆရာမလေး ပြောလို့သိခဲ့ရပါတယ်။ဖြစ်ရပ် ၂မိန်းကလေးနဲ့ ယောကျ်ားလေးရောထားတဲ့ မူလတန်းကျောင်းလေး တစ်ကျောင်းမှာ ဖြစ်ပါတယ်။ စတုတ္ထတန်းက  ကောင်လေးတစ်ဦးဟာ အတန်းထဲမှာ ချစ်စဖွယ်ကောင်းတဲ့ ကောင်မလေးကို သူ့မှာပါလာတဲ့ မုန့်လေးတွေကို ကျွေးပြီး စိုက်ကြည့်လို့နေပါတယ်။ ကောင်မလေးက “နင့်မုန့် ငါစားပြီးပြီလေ သွားတော့”လို့ ပြောပေမယ့် ကောင်လေးက ထွက်မသွားပါဘူး။ ခဏအကြာမှာတော့ ကောင်မလေးက ကောင်လေးကို ဖြန်းခနဲ ရိုက်လိုက်ပြီး ကောင်လေး၊ ကောင်မလေး သူငယ်ချင်းတွေ အပြန်အလှန် ရန်ဖြစ်ကြပါတယ်။ နောက်နေ့မှာတော့ ကောင်လေး မိခင်က သူ့သားကို ကောင်မလေးတစ်ဦးက ရိုက်လိုက်လို့ဆိုပြီး အတန်းပိုင်ဆရာမကို လာတွေ့ပါတယ်။ အဲဒီအခါကျမှ ကောင်မလေးပြောပြတာကိုသိရတာက “သူက သမီးကြိုက်တဲ့မုန့်တွေကို ယူလာပြီး ကျွေးပါတယ်။ သမီးက စားပြီးလို့ ပြန်တော့ပြောတာကို မပြန်ဘဲ စိုက်ကြည့်နေပြီး နောက်သမီးကို ဖက်နမ်းတယ်။ အဲဒါကြောင့် သမီးက သူ့ပါးကို ရိုက်လိုက်ရာကနေ သူငယ်ချင်းတွေနဲ့ပါ ရန်ဖြစ်ကုန်ကြတယ်” လို့ ပြောပါတယ်။ငယ်ရွယ်ကြတဲ့ ကလေးငယ်တွေဟာ သူတို့ကြည့်ဖူး၊ တွေ့ဖူးတဲ့ ဇာတ်လမ်းတွေ၊ ရှေ့မှာရှိနေ ၊ တွေ့နေရတဲ့ မြင်ကွင်း၊ အပြု အမူ၊ အပြောအဆိုတွေကိုကြည့်ပြီး ဘာရယ်မဟုတ် လိုက်လုပ်တတ်သလို  မှတ်သားထားလိုက်ကြပါတယ်။ အခုခေတ် ကလေးငယ်တွေ အတွက်တော့ နည်းပညာသုံးပစ္စည်းတွေကို တရင်းတနှီး ကိုင်တွယ်နေသလို ကျွမ်းကျွမ်းကျင်ကျင်လည်း အသုံးပြုတတ်နေတာကြောင့် ပြောဆိုပြုမူနေထိုင် လှုပ်ရှားမှုတွေဟာ အရွယ်ရောက်နေသူတစ်ဦးပမာ ဖြစ်လာကြပါတယ်။ အထူးသဖြင့် အသက် ၁၈နှစ် မပြည့်သေးတဲ့ ကလေးငယ်တွေပါ လက်ကိုင်ဖုန်းတစ်လုံး ပိုင်ဆိုင်ထားတဲ့ခေတ်မှာ ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာတွေသာမက ကလေးငယ်တွေကြည့်ရှုဖို့၊ ဖတ်ဖို့၊ သိဖို့ မသင့်လျော်တဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ လက်တစ်ကမ်းမှာ များစွာရှိနေပါတယ်။အသိမိတ်ဆွေတစ်ဦး ပြောပြလို့သိရတာက သမီးဖြစ်သူ အဋ္ဌမတန်းကျောင်းသူလေးရဲ့  မိုဘိုင်းဖုန်းကို အမှတ်မထင် ကြည့်မိလိုက်တာမှာ အရွယ်မရောက်သေးသူတွေကြည့်ဖို့ မသင့်လျော်တဲ့ ဗီဒီယိုဖိုင်တွေကို ဖုန်းထဲမှာ တွေ့ရတာကြောင့် စူးစမ်းလိုတဲ့စိတ်နဲ့ မပြုသင့် မပြုအပ်တာတွေကို လုပ်မိမှာ စိုးရိမ်ထိတ်လန့်သွားမိပြီး ဘာလုပ်ရမလဲမသိဖြစ်ရတယ်လို့ ရင်ဖွင့်ပြောပြပါတယ်။ တက္ကသိုလ်ဝင်တန်းအရွယ်တောင် မရောက်သေးတဲ့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေမှာတောင် မိုဘိုင်းဖုန်းတစ်လုံး ပိုင်ဆိုင်ထားကြပြီး စိတ်ကြိုက်လွတ်လပ်စွာ အသုံးပြုခွင့်ရနေခြင်းရဲ့နောက်ကွယ်မှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာခဲ့တာဖြစ်ပါတယ်။  မိုဘိုင်းဖုန်းတွေ မပေါများချိန် လွန်ခဲ့တဲ့ နှစ်တွေကတော့ ကလေးငယ်တွေဟာ တီဗွီဂိမ်းကစားတာကို စွဲလမ်းခဲ့ကြပြီး မိုဘိုင်းဖုန်း ပေါလာချိန် အခုလိုကာလမှာတော့ ဂိမ်းစွဲလမ်းတာအပြင် လူမှုကွန်ရက်စာမျက်နှာနဲ့ မိုဘိုင်းဖုန်းအသုံးပြုနေတာတွေနဲ့သာ အချိန်ကုန်လွန်လာကြပါတယ်။ ကိုယ်တွေ ငယ်ငယ်က ခုလိုနွေကျောင်းပိတ်ရက်တွေမှာဆိုရင်တော့ ဘိုဘို၊ ဒီလုံး၊ ပြာဂလောင်၊ ပြာဂချောင်၊ ကိုပူစီ၊ မနှင်းဖြူ၊ ဦးစိတ်တိုနှင့် မျောက်ညို တွတ်ပီ စတဲ့ ကာတွန်းစာအုပ်၊ ရွှေသွေး၊ မိုးသောက်ပန်း၊ မင်္ဂလာမောင်မယ်၊ ရိုးရာပုံပြင် စတဲ့ စာအုပ်တွေနဲ့ဖတ်ကာ နွေကျောင်းပိတ်ရက်ကို ကုန်ခဲ့ရတာကြောင့် ကာတွန်းစာအုပ်တွေ ဖတ်ပြီးရင် ကာတွန်းပါ ဇာတ်ကောင်တွေနဲ့ စာအုပ်တွေကို  စွဲလမ်းတတ်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့အတွက ်မိဘတွေကလည်း စာဖတ်တဲ့ အကျင့်ရရှိဖို့ ကာတွန်း၊ ရုပ်ပြ၊ ပုံပြင်တွေကို လက်တစ်ကမ်းအကွာမှာ ထားပြီး  ထိတွေ့ပေးတာကနေ ကျောင်းစာအပြင် အထွေထွေဗဟုသုတတွေအတွက် စာဖတ်ရမယ်ဆိုတဲ့ အလေ့အကျင့်နဲ့ အသိတွေ ဖြစ်ပေါ်အောင် ပျိုးထောင်ပေးမှုကြောင့်လည်း ဖြစ်ပါတယ်။ကာတွန်းစာအုပ်တွေမှာ ကာတွန်းဇာတ်ကောင်တွေ၊ ဇာတ်လမ်းတွေ၊ ကာတွန်းရေးသူတွေသာ ပြောင်းပေမယ့် လူတစ်ဦး နဲ့တစ်ဦးကြား ထားရှိရမယ့် စိတ်ထား၊ လူကြီး မိဘဆရာသမားတွေကို ပြောဆိုဆက်ဆံမှု၊ ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်နဲ့ စွမ်းရည်၊   ကံကံ၏အကျိုး စတာတွေကိုသာ အခြေခံပြီး ရေးသားကြတာကြောင့်  ကလေးငယ်တွေရဲ့ စိတ်ဓာတ်၊ နှလုံးသားတွေကို ကောင်းမွန်တဲ့ စိတ်ခွန်အားနဲ့ လှုံ့ဆော်နိုင်ပါတယ်။ နုငယ်လှတဲ့ ကလေးငယ်ရဲ့ စိတ်ထဲမှာ ဇာတ်ကောင်လူဆိုးနဲ့ လူကောင်းချရင် လူကောင်းကိုပဲ နိုင်စေချင်သလို သူများကို မကောင်းကြံတာ မကောင်းဘူးဆိုတဲ့အတွေး၊ သူများပစ္စည်းကို မသိဘဲ မယူရဘူးဆိုတာ၊ အားကြီးသူက  အားငယ်သူကို အနိုင်ကျင့်တာကို မလိုလားတာ၊ အားငယ်သူတွေဘက်က ရပ်တည်ပြီး အမှန်တရားကို ဖော်ထုတ်လိုတာ စတဲ့ စိတ်ဓာတ်တွေကိုလည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ကလေးဘဝက ဖတ်ခဲ့ရတဲ့ စာအုပ်တွေကြောင့် ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာလည်း ဘယ်လိုစာအုပ်မျိုးကို ရွေးချယ်ဖတ်ရမလဲဆိုတာကိုပါ သိလာပြီး မကောင်းတာလုပ်ရမှာကို ရှက်တတ်တဲ့စိတ်၊ မတရားတာကို မကြိုက်ဘဲ တရားမျှတတာကိုသာ ဖော်ထုတ်လိုလားတဲ့အသိတွေနဲ့  ပြဿနာကိုဖြေရှင်းဖို့အတွက် စဉ်းစားတွေးခေါ်တာတွေပါ ရရှိလာခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို မိုဘိုင်းဖုန်း၊ စတာတွေ ဝယ်ပေးထားပြီး စိတ်ကြိုက်ကိုင် အသုံးပြုခွင့်ပေးကြတာကြောင့် ကလေးငယ်အများစုမှာ သုတ၊ ရသ ဖြစ်စေတဲ့ ကာတွန်းတွေ၊ ရုပ်ပြ၊ ပုံပြင်စာအုပ်တွေအစား လူသတ်ဂိမ်း၊ ပြိုင်ကားမောင်း၊ အတိုက်အခိုက်တွေစတဲ့ ဂိမ်းမျိုးစုံ၊ အင်တာနက်ပေါ်က အမျိုးအစားစုံလင်တဲ့ ဗီဒီယိုဖိုင်တွေ၊ လူမှုကွန်ရက် စာမျက်နှာစတဲ့ အရာတွေက ဝင်ရောက်နေရာယူတာကို ခံကြရပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ အလယ်တန်းအရွယ် ကျောင်းသားလေးဆီမှာတောင်  ဆင်းကတ်အမျိုးမျိုးနဲ့ ဟန်းဖုန်းလေးလုံးရှိပြီး ဖေ့ဘွတ်အကောင့် နှစ်ခုရှိထားကာ အကောင့်ထဲမှာ မိန်းကလေး သူငယ်ချင်းအများစုဖြစ်ပြီး တစ်နေ့ကို ဖေ့ဘွတ် နှစ်နာရီ၊ သုံးနာရီ မသုံးရရင် မနေနိုင်ဘူးလို့ ဖွင့်ဟပြောပြတာကို ကြားခဲ့ရပါတယ်။ တချို့က ကလေးတွေပူဆာလို့၊ တချို့က အချင်းချင်းကြားပြိုင်ဆိုင်ဖို့၊ တချို့က ကလေးတွေ အပြင်မထွက်ဘဲ အိမ်မှာပဲရှိနေစေဖို့၊ တချို့က ဂိမ်းဆော့ခိုင်းပြီး ကလေးငြိမ်စေဖို့၊ တချို့က ကလေးတွေနဲ့ အချိန်မရွေး အဆက်အသွယ်လုပ်ဖို့ စတဲ့အကြောင်းမျိုးစုံနဲ့ မိဘတွေက ကလေးတွေကို မိုဘိုင်းဖုန်း၊ Tablet တွေကို ဝယ်ပေးတတ်ကြပါတယ်။
ဒီလိုအကြောင်းအရာတွေရဲ့ တစ်ဖက်မှာတော့ ကလေးငယ်တွေ မသိသင့်၊ မတွေ့သင့်တဲ့ အကြောင်းအရာ၊ မြင်ကွင်းတွေကို တွေ့နိုင်၊ မြင်နိုင်၊ သိနိုင်ဖို့ ဖန်တီးပေးသလို ဖြစ်သွားပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဝေဖန်ပိုင်းခြားနိုင်မှု နည်းနေသေးချိန်၊ ရင့်ကျက်မှု လိုအပ်သေးချိန်မှာ ကလေးငယ်တွေဟာ စူးစမ်းတဲ့စိတ်နဲ့ လုပ်ကိုင်ဆောင်ရွက်လိုက်ပါက မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေတော့မှ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ကလေးတွေဟာ မိုဘိုင်းဖုန်းသုံးစွဲဖို့ လုံလောက်တဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာဆိုးကျိုး၊ လူမှုရေးဆိုင်ရာ ထိခိုက်လာနိုင်တာတွေကို အကျိုးအကြောင်းနဲ့ ရှင်းပြပြောပြထားသင့်သလို အကဲခတ်စောင့်ကြည့်ဖို့၊ လမ်းလွဲမရောက်ဘဲ မှန်ကန်စွာ သုံးစွဲတတ်ဖို့အတွက် ထိန်းကျောင်းမှုတွေ ပြုလုပ်နိုင်စေဖို့ရာ…။

Most Read

Most Recent