လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးကျပ်ဖြစ်စေ၊ သုံးသိန်းဖြစ်စေ ငွေပမာဏတစ်ခုပေးကမ်းခြင်းသည် လာဘ်ထိုးမှုဖြစ်ပြီး လာဘ်ထိုးမှုမဟုတ်ဟု ရှောင်လွှဲ၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးကျပ်ဖြစ်စေ၊ သုံးသိန်းဖြစ်စေ ငွေပမာဏတစ်ခုပေးကမ်းခြင်းသည် လာဘ်ထိုးမှုဖြစ်ပြီး လာဘ်ထိုးမှုမဟုတ်ဟု ရှောင်လွှဲ၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Published 8 May 2015
ကျော်ဇင်ဝင်း

လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးကျပ်ဖြစ်စေ၊ သုံးသိန်းဖြစ်စေ ငွေပမာဏတစ်ခုအား ပေးကမ်းခြင်းသည် လာဘ်ထိုးမှုဖြစ်ပြီး လာဘ်ထိုးမှုမဟုတ်ဟု ရှောင်လွှဲ၍မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။လွတ်လပ်တဲ့အာရှအသံ (RFA) သတင်းဌာန၏ အပတ်စဉ်ကဏ္ဍတစ်ခုဖြစ်သော "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်အတွက် မေ ၆ ရက်က ဆက်သွယ်မေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ရှိ CSIS ခေါ် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန မြန်မာပြည်၏ နိုင်ငံရေးနှင့် စီးပွားရေးဝန်းကျင်ခေါင်းစဉ်ဖြင့် မေ ၅ ရက်ကကျင်းပသည့် ဟောပြောပွဲတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် Serge Pun ခေါ် ဦးသိမ်းဝေက "ခင်ဗျားက ကိုယ့်ဘာကိုယ် လုပ်ငန်းအဆင်ပြေချင်သည့်အတွက် ဝန်ကြီးတစ်ယောက်ကို ငွေသွားပေးတာတဲ့။ ပြီးတော့မှ အဲဒီလူတွေက ကျွန်တော့်လာပြီးပြောကြတယ်တဲ့။ ကျွန်တော်လာဘ်ပေးရတယ်ဆိုပြီး အဲဒီလိုလာပြောရင် သူကတော့ သိပ်စိတ်ဆိုးတာပဲတဲ့။ ငွေမပေးရင် အလုပ်မဖြစ်ဘူးဆိုတာ သူတို့ဝန်ကြီးတစ်ယောက်ကို ကိုယ်က အားရဝမ်းသာ၊ လိုလိုလားလားသွားပေးပြီးမှ စောဒကမတက်နဲ့လို့ ပြန်ပြောလိုက်တယ်" ဟု လာဘ်ပေးမှုအား ကာကွယ်ပြောကြားကြောင်း၊ အဆိုပါအမြင်အပေါ် ဒေါ်အောင်ဆန်းစုကြည်ထင်မြင်ချက်အား RFA သတင်းဌာနက မေးမြန်းခဲ့ခြင်းဖြစ်သည်။"ဒါကတော့ တော်တော်ကို မလိုလားအပ်တဲ့အမြင်မျိုးပဲ။ လာဘ်ထိုးတာက ကိုယ်ကလိုလိုချင်ချင်နဲ့ ထိုးထိုး မထိုးထိုး လာဘ်ထိုးတာက လာဘ်ထိုးတာပဲ။ ဒါဟာ ဥပဒေအရလုပ်မယ်ဆိုလို့ရှိရင် ဒီလိုသမ္မတကြီးကိုယ်တိုင်က ပြောထားတယ်မလား။ သုံးသိန်းထက်ပိုပေးရင် စသည်ဖြင့်။ ဒါပေမဲ့ အစ်မတို့က အဲဒီလိုလာဘ်ထိုးတယ်ဆိုတာ လာဘ်ထိုးတာပဲ။ သုံးသိန်းဖြစ်ဖြစ်၊ သုံးကျပ်ဖြစ်ဖြစ် လာဘ်ထိုးတာက လာဘ်ထိုးတာပဲ။ အဲဒီဟာကတော့ ဘယ်လိုမှရှောင်လို့မရဘူး။ ဒါကိုယ်က လိုလိုချင်ချင်ပေးလို့ လာဘ်ထိုးတာမဟုတ်ဘူးလို့ ပြောလို့ရပါ့မလား" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့ပြင် အလုပ်သမားလုပ်ခလစာတိုးတောင်းမှုနှင့်ပတ်သက်၍ အလုပ်သမားများသည် ထုံးစံအတိုင်း ပိုလိုချင်ကြောင်း၊ အလုပ်အကိုင်များများ ပေါ်ပေါက်ရေးဖန်တီးရန်သာ အရေးကြီးကြောင်း၊ အလုပ်အကိုင်ရရှိရေးသည် လုပ်ခလစာပိုမိုရရှိရေးထက် အရမ်းအရေးကြီးသည်ဟု ဦးသိမ်းဝေကပြောကြားခဲ့ကြောင်းနှင့် အဆိုပါပြောကြားမှုသည် ဖြစ်နိုင်ခြင်းရှိ၊ မရှိကိုလည်းမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က "ဒါကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့အမြင်နဲ့ပြောတာပေါ့နော်။ အလုပ်အကိုင်ဖန်တီးရေးလိုအပ်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒီခေတ်ဒီအခါမှာ အလုပ်အကိုင်ဖန်တီးရေးကို အကြောင်းပြပြီးတော့ အလုပ်သမားတွေအတွက် မလုံလောက်တဲ့လစာငွေပေးတယ်။ မလုံလောက်တဲ့ အခွင့်အရေးတွေပေးတယ်ဆိုရင်တော့ လက်ခံနိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ လုံလုံလောက်လောက်ပေးထားရဲ့သားနဲ့။ သင့်တော်တဲ့လစာပေးထားရဲ့သားနဲ့ ပိုတောင်းတယ်ဆိုတာတော့ ဒါကတော့တစ်မျိုးပေါ့။ ဒါကတော့ ညှိယူကြပေါ့" ဟု ပြောကြားသည်။ဧပြီ ၉ ရက်က ဂျပန်အခြေစိုက် Mainichi Shimbun သတင်းစာနှင့် နေပြည်တော်၌ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် သမ္မတဦးသိန်းစိန်က လာဘ်ပေးရသောသူအနေဖြင့် မကျေနပ်ပါက တိုင်ကြားနိုင်ပြီး အဆိုပါကိစ္စကို အရေးယူနိုင်သည့်ဥပဒေများအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်လည်းရှိကြောင်း၊ ထိရောက်သောဥပဒေရေးဆိုင်ရာလုပ်ရပ်များဖြင့် အဂတိလိုက်စားမှုကို ထိရောက်စွာတားဆီးကာကွယ်နိုင်ကြောင်း ပြောကြားထားသည်။သို့ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအရ ခင်မင်ရင်းနှီးသူများကို လက်ဆောင်ပေးခြင်း၊ ကျေးဇူးတုံ့ပြန်မှုအနေဖြင့် မိမိဆန္ဒအရ လက်ဆောင်ပေးခြင်းများကို အဂတိလိုက်စားမှုအဖြစ် သတ်မှတ်ခြင်းမရှိကြောင်းနှင့် တစ်စုံတစ်ခုလုပ်ဆောင်ရန်အတွက် တံစိုးလက်ဆောင်တောင်းဆိုမှုကိုသာ အဂတိလိုက်စားမှုအဖြစ်သတ်မှတ်ကြောင်း သမ္မတက Mainichi Shimbun သတင်းစာအား ပြောကြားသည်။                                         

Most Read

Most Recent