ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများစုက ‘ဝ’ အမျိုးသားပြည်နယ်အဆင့် တောင်းဆိုမှုအပေါ် နားလည်၊ ထောက်ခံခြင်း အပါအဝင် အချက် (၁၂) ချက်ပါ သဘောတူညီချက်ကို ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးက မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။မေ ၁ မှ ၆ ရက်အထိ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်လာကြသော အဖွဲ့အစည်းခေါင်းဆောင် အသီးသီးတို့က မျက်မှောက်ပြည်တွင်းနိုင်ငံရေး အခြေအနေ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အတွက် မိမိတို့အဖွဲ့အစည်း၏ သဘောထားများကို အပြန်အလှန် ဆွေးနွေးတင်ပြ အမြင်ဖလှယ်ကြပြီးနောက် အချက် ၁၂ ချက်ကို သဘောတူညီခဲ့ကြခြင်းဖြစ်သည်။အုပ်စိုးသူအစိုးရ အဆက်ဆက်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် တိုင်းရင်းသားလူမျိုးစုများ အရေးအပေါ် အခြေခံသည့် နိုင်ငံရေးပြဿနာကြောင့် ဖြစ်ကြောင်း၊ ထိုပြည်တွင်းစစ်ကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပြီး နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားရေးကို ဦးစားပေးလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ခြိမ်းခြောက်ဖိအားပေး ဖြေရှင်းသည့်နည်းလမ်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဦးစွာလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ထိုသဘောတူစာချုပ် ချုပ်ဆိုရာတွင် လက်ရှိအပစ်အခတ် မရပ်စဲနိုင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ တန်းတူရည်တူ ပါဝင်သင့်ကြောင်း ခံယူသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ယခုပြုလုပ်ခဲ့သည့် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသာ စစ်ပွဲများ ရပ်တန့်ရေးကို အလေးအနက်ထားကြောင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကို ပျက်ပြားစေသည့် လက်ရှိ ကချင်၊ တအာန်း၊ ကိုးကန့်နှင့် ရခိုင်ဒေသများ၌ မြန်မာ့တပ်မတော်က ပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်အတွက် လေးနက်စွာ တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။တိုင်းရင်းသားလူမျိုးများဒေသ အထူးသဖြင့် စစ်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပြည်သူလူထုများအပေါ် ညှဉ်းပမ်းနှိပ်စက်နေခြင်းကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး နောင်တွင် လူ့အခွင့်အရေးချိုးဖောက်သည့် ကိစ္စရပ်များ ထပ်မံမဖြစ်ပွားအေင် ထိန်းချုပ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်သွားရန် တောင်းဆိုကြောင်း၊ ဗမာမဟုတ်သော တိုင်းရင်းသားအသီးသီး နေထိုင်ကြသော နယ်မြေများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိတ်အပိုင်းများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှ ခွဲထွက်မည်မဟုတ်ဘဲ အတူတကွ စုပေါင်းနေထိုင်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများရပ်စဲရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စောင့်ကြည့်ကြိုစား အားထုတ်ဆောင်ရွက်မှုကို ကြိုဆိုပြီး ထဲထဲဝင်ဝင် ကြီးကြပ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။တစ်နိုင်ငံလုံး နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုမှ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ မိသားစုဝင်များ ဖြစ်ကြပြီး တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးခြင်း၊ အပြန်အလှန်လေးစားခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းနှင့် အပြန်အလှန် ရိုင်းပင်းကူညီမှုများရှိရန် လိုအပ်ကာ ဗမာတိုင်းရင်းသား လူမျိုးများသည် ဗမာမဟုတ်သော အခြားတိုင်းရင်းသားလူမျိုးများနှင့် ကင်းကွာ၍မရသကဲ့သို့ ဗမာမဟုတ်သော အခြားတိုင်းရင်းသား လူမျိုးများသည်လည်း ဗမာတိုင်းရင်းသား လူမျိုးများနှင့် ကင်းကွာ၍မရသဖြင့် တိုင်းရင်းသားအားလုံးသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် စိတ်ဓာတ်ကို တည်ဆောက်ရန်လိုအပ်ကြောင်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်း၍ တိုင်းရင်းသားအခွင့်အရေးများ တရားဝင်ရရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သဘောတူညီချက် ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ထိပ်သီးအစည်းအဝေးမှ ရရှိခဲ့သော သဘောတူညီချက်များကို ဆက်လက်အကောင်အထည် ဖော်နိုင်ရန်အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)က ဦးဆောင်ကမကထပြု၍ အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် သင့်တော်သည့် အချိန်အခါ၌ ဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးက ထုတ်ပြန်ကြေညာသည်။အဆိုပါ ထိပ်သီးအစည်းအဝေးသို့ KIO၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ KNU၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ မွန်ပြည်သစ်ပါတီ၊ ရက္ခိုင့်တပ်မတော်၊ ရှမ်းပြည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တို့ အပါအဝင် အဖွဲ့ ၁၂ ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့သည်။ ပန်ဆန်းမြို့တွင် ပြုလုပ်သည့် အစည်းအဝေးကို UWSP က ကြီးမှူး၍ KIO နှင့် NDAA တို့မှ အထောက်အကူပြု စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
‘ဝ’ အမျိုးသားပြည်နယ်အဆင့် တောင်းဆိုမှုအပေါ် နားလည်၊ ထောက်ခံခြင်း အပါအဝင် အချက် (၁၂) ချက်ပါ သဘောတူညီချက်ကို ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး ထုတ်ပြန်















