ဘာခေတ်လဲ

ဘာခေတ်လဲ
Published 6 May 2015
ရဲထွတ်နီ

ကျွန်တော်တို့သည် ယနေ့ခေတ်ထဲတွင် ရုန်းကန်ဖြတ်သန်းနေကြရသည်။ ‘ခေတ်’ ဆိုသော ဝေါဟာရကို မြန်မာအဘိဓာန်တွင် နယ်ပယ်အပိုင်းအခြားဟု အဓိပ္ပာယ်တစ်ခု ဖွင့်ဆိုသလို တစ်စုံတစ်ခုသော အဖြစ်အပျက် အခြေအနေအရ သတ်မှတ်သည့် ကာလအပိုင်းအခြား (ဥပမာ-ဂျပန်ခေတ်) နှင့် ‘ကာလ၊ အခါ’ ဟု အဓိပ္ပာယ်ဖွင့်ဆိုချက်များလည်း ရှိပါသည်။ ကြိယာအချို့ နာမ်အချို့တို့နှင့်တွဲကာ ခေတ်နောက်ကျ၊ ခေတ်နှောင်း၊ ခေတ်ကောင်း၊ ခေတ်ပျက်၊ ခေတ်ဆိုး စသည်ဖြင့် ဝေါဟာရများလည်း သူ့အဓိပ္ပာယ်နှင့်သူ ရှိကြသည်။ ကျွန်တော်တို့ ရုန်းကန်ဖြတ်သန်းနေကြရသော ယနေ့ခေတ်ကို ဘာခေတ်ဟု အမည်တပ်ကြမည်နည်း။ ကျွန်တော်တို့၏ ဆရာ့ဆရာများတော့ ခေတ်သမိုင်းဟူသည် လူတို့၏သမိုင်းပဲဟု မျက်စိဖွင့်ထားပေးခဲ့ကြပါသည်။လူထုစာရေးဆရာကြီး၊ လူထုသတင်းစာဆရာကြီး လူထုဦးလှ (၁၉၁၀-၁၉၈၂) ၏ ‘ကျွန်တော်ဗြူရိုကရက်’ စာအုပ် (၁၉၇၀၊ ပထ မအကြိမ်ထုတ်) ကို ခပ်ငယ်ငယ် ထိုကာလဝန်းကျင်ကတည်းက ဖတ်ခဲ့ဖူးပါသည်။ တစ်လောတုန်းက လူထုကြီးပွားရေး စာအုပ်တိုက်၏ ၂၀၀၇ ဧပြီလ၊ ဒုတိယအကြိမ်ထုတ် စာအုပ်ကို ဝယ်ဖြစ်ကာ ထပ်မံဖတ်ရှုရတော့ ထိုကာလတစ်လျှောက် ခေတ်နှင့်လူသားတို့၏ ပုံရိပ်များကို ဖတ်ရှုမှတ်သားရပြန်ပါသည်။‘ကျွန်တော်ဗြူရိုကရက်’ သည် လူထုဦးလှ၏ အစ်ကိုများ၏ ဆရာလည်းဖြစ်ခဲ့သူ ဝိုင်အမ်ဘီအေ အမျိုးသားကျောင်းဆရာ၊ မြို့အုပ်ကလေး၊ မြို့အုပ်ကြီး၊ အခွန်ဝန်၊ နယ်ပိုင်ဝန်ထောက် စသည်ဖြင့် ရာထူးတာဝန်များ ထမ်းရွက်ခဲ့သည့် အငြိမ်းစားခရိုင်ဝန်တစ်ဦး (ဦးစံတင်-အသက် ၇၄ နှစ်၊ ၂၇-၉-၆၉ ကွယ်လွန်) ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဟု ဆိုဖို့ကောင်းကြောင်း လူထုဦးလှကပင် ဆိုထားပါသည်။ဝိုင်အမ်ဘီအေအသင်း (ဗုဒ္ဓဘာသာကလျာဏယုဝအသင်း) ပေါ်ပေါက်လာပြီး သူတို့၏ ညောင်လေးပင်မြို့တွင်လည်း အသင်းဖွဲ့သည့် ခေတ်မှစကာ နေရှင်နယ်ကျောင်းဆရာကြီး ဖြစ်ပြီးနောက် လျှောက်ထားခဲ့သည့်အတွက် ဦးစံတင်သည် အင်္ဂလိပ်ကို ရှိခိုးဘုရားထူးရသည့်ခေတ်တွင် ဒုတိယမြို့အုပ် ဖြစ်ခဲ့သည်။ ထို့နောက် အဆင့်ဆင့် တာဝန်တွေ ထမ်းရွက်ခဲ့ရသည်။ မြင်းခြံမြို့ပိုင်အဖြစ်မှ ပျော်ဘွယ်မြို့ပိုင်အဖြစ် ပြောင်းရပြီး၊ ပျော်ဘွယ်မှာ ကစားဝိုင်းလုပ်ကာ ‘ယူနီဗာစီတီ သိပ္ပံရန်ပုံငွေ’ (တက္ကသိုလ်ကြီးဆောက်ဖို့) ရှာခဲ့ပုံကြောင့် သတင်းစာတွေကရေး၊ ပြည်သူ့အာဘော်အမျိုးမျိုး ဖော်ထုတ်ခဲ့ကြပုံ၊ သရောကြီးခိုင်းတဲ့နှစ်အကြောင်း၊ ဗျူရိုကရက်နဲ့ အထက်အောက်၊ ဂျပန်ဝင်စ၊ ငြိမ်းချမ်းရေးထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌရဲ့ ဒုက္ခအထွေထွေ စသည့်အကြောင်းများ ဂျပန်ခေတ် မြန်မာအစိုးရတက်စ၊ ပဲခူးအရေးပိုင် ရွေးကောက်ပွဲနဲ့ အရာရှိဆိုပြီး သူတာဝန်ထမ်းခဲ့သည့် ခေတ်ကာလတစ်လျှောက် ဗျူရိုကရက် အရာရှိကြီးတစ်ဦး၏ မှတ်သားစရာဖြစ်ရပ်များ ဖတ်ရှုရပါသည်။ထိုအကြောင်းခြင်းရာများကို ဆရာကြီး လူထုဦးလှက ဗျူရိုကရေစီ ယန္တရားအောက်မှ စက်ရုပ်လိုဖြစ်သည့် အရာရှိဟု ဆိုပါသည်။ သို့သော်လည်း မလွှဲရှောင်သာ၍ ကျောင်းဆရာအဖြစ်မှထွက်ကာ မြို့အုပ်၊ ဝန်ထောက်၊ အရေးပိုင်အလုပ်များ လုပ်နေသည့်ကြားမှ စာပြသည့်အလုပ်ကိုမလုပ်ဘဲ မနေနိုင်ပုံ၊ အငြိမ်းစားယူပြီးသည့် နောက်တွင်ပင် စာပြသေးကာ ကျောင်းဆရာအလုပ်သည် အလွန်မွန်မြတ်ကြောင်း သူ့အယူအဆများနှင့် ပညာဝန်ထမ်း အလုပ်လုပ်ကြဖို့ တိုက်တွန်းထားသည်ဖြစ်၍ ယနေ့ပညာဝန်ထမ်းများဖြစ်က တတ်ဆန်းသဘော မပိုက်ကြဖို့ မှတ်သားဖွယ်ပင် ဖြစ်နေပါသည်။ ‘လူအကြောင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဝံသာနုစိတ်ဓာတ်ခံ ရှိနေတဲ့ အရာရှိတစ်ယောက်ရဲ့ နှစ်ပေါင်း ၃၀ ခရီးကတော့ သာပြီးစိတ်ဝင်စားစရာ ကောင်းတယ်။ အဲဒီနှစ်ပေါင်း ၃၀ ကလည်း ခေတ်မီတဲ့ ရုပ်ရှင်ကားပေါ်မှာ အပြောင်းအလဲမြန်သလို အမျိုးမျိုးပြောင်းခဲ့တာမို့ တကယ့်သမိုင်းကဏ္ဍပဲလို့ ဆိုရမှာပဲ’ ဟု ဆရာလူထုဦးလှက မှတ်ချက်ပြုခဲ့ပါသည်။အင်္ဂလိပ်တို့စစ်ရှုံးပြီး ဆုတ်ကြသည့်အခါ ဦးစံတင်သည် ညောင်လေးပင်အရှေ့တောင်ဘက် သုံးမိုင်အကွာလောက်ရှိ ကြာအင်းရွာတွင် မိသားစုနှင့် သွားနေခဲ့သည်။ ရွာသို့ရောက်ပြီး ခုနစ်ရက်လောက်အကြာတွင် ကျောင်းဆရာ လုပ်ဖော်ကိုင်ဖက် ဆရာဦးဘကြင်က အရေးကြီးကြောင်း လာခေါ်သဖြင့် သွေးဝမ်းများ သွားနေသည့်ကြားမှ ညောင်လေးပင်သို့ ပြန်လိုက်ခဲ့ရသည်။ ညောင်လေးပင်တွင် ဗိုလ်စကြာ၊ သခင်တင်တို့နှင့် တွေ့ရသည်။ မြို့တွင် ‘ငြိမ်းချမ်းရေးအဖွဲ့’ ဥက္ကဋ္ဌအဖြစ် သူ့ကို ဆောင်ရွက်ဖို့ ပြောကြသည်။ နောက်တစ်နေ့နံနက်တွင် ဂျပန်စစ်ဗိုလ်ကလည်း သူ့ကိုလာတွေ့ပြီး ပြောပြန်သည်။ နိုင်ငံရေးသမားလည်းဖြစ်၊ ပါလီမန် အတွင်းဝန်ဟောင်းနှင့် အမတ်ဟောင်းတစ်ဦး ရှိနေသဖြင့် ထိုသူက ပို၍သင့်တော်ကြောင်း သူက အကြံပေးသော်လည်း မရဘဲ လက်ခံဆောင်ရွက်ခဲ့ရသည်။ဗရုတ်ဗရက်ကာလတွင် ငြိမ်ဝပ်ပိပြားအောင် သူမည်သို့လုပ်ရပါ့။ အုပ်ချုပ်ရန်မှာလည်း စည်းကမ်းဥပဒေများဖြင့် ဟုတ်မည်မထင်။ သူကိုယ်တိုင်သည် ဗျူရိုကရက် အုပ်ချုပ်ရေးကိုသာ နားလည်သူ။ ဤသို့ဖြင့် တာဝန်ပေးလာသည့် ထိုညက အမျိုးမျိုးတွေးတောပြီး သူအိပ်မပျော်။ နောက်တော့ သူလိုကိုယ်လို မျိုးချစ်စိတ်ရှိသူပီပီ အုပ်ချုပ်တတ်သလို အုပ်ချုပ်ရန် ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့ခဲ့လိုက်တော့သည်။ ဝိုင်အမ်ဘီအေ အထက်တန်းကျောင်းတွင် ရုံးဖွင့်လိုက်ပြီး မြို့ရှိဌာနတိုင်းမှ အရာရှိများ၊ အမှုထမ်းများကို စေတနာ့ဝန်ထမ်းကြရန် မေတ္တာရပ်ခံပြီး အလုပ်များ စတင်လည်ပတ်အောင် ဆောင်ရွက်ခဲ့သည်။ ပဲခူးမြို့မှာရှိနေသည့် ဌာနာအုပ်က ပုလိပ်အဖွဲ့ ဖွဲ့ခဲ့သည်။ သစ်တောအရာရှိက သူ့ဌာနအလုပ်ကို အရင်အတိုင်း ဆက်လက်လုပ်ကိုင်သည်။ သမဝါယမအသင်းများ မဖွင့်နိုင်သေးတော့ အခြားဌာန၏ အလုပ်များမှာ ကူခဲ့ကြသည်။ မြို့ပိုင်က ငွေမရှိသေးပေမယ့် ငွေတိုက်ကို စဖွင့်ခဲ့သည်။ မြို့ပိုင်ကိုလည်း ပုလိပ်အဖွဲ့က တင်လာသောအမှုများကို မြန်မြန်စစ်ဆေးစေခဲ့သည်။ မြေတိုင်းအင်စပက်တော်နှင့် မြေတိုင်းစာရေးတို့က အလုပ်စကြပြီး ဖြစ်သင့်သလို မြေခွန်စည်းကြပ်ဖို့ တာဝန်ပေးခဲ့သည်။ငြိမ်းချမ်းရေးကော်မတီဖွဲ့ရာတွင် အစိုးရအရာရှိများကို သူ့နေရာနှင့်သူ ထည့်သွင်းလိုက်တော့ အောင်မြင်ခဲ့သည်။ တရုတ်လူမျိုးနှင့် ချစ်တီးကုလားတို့ စွန့်ပစ်ပြေးကြသည့် ဂိုဒေါင်များမှ စပါးတချို့ကိုကြိတ်ကာ အမှုထမ်းများ အားလုံးကို ဆန်တစ်တင်းစနှစ်တင်းစ အချိုးကျ ခွဲဝေပေးလိုက်သည်။ ပေးစရာငွေမရှိ၊ ထို့ကြောင့် ဆန်ပေးသည်ကို စေတနာ့ဝန်ထမ်းများကလည်း ကျေနပ်ကြသည်။ ညောင်လေးပင်၊ ဒိုက်ဦး၊ ကျောက်တံခါးမြို့နယ်တို့မှ အင်းများကို ရှေးနည်းလုပ်ထုံးအတိုင်း လေလံပစ်တော့ တစ်ပြားမျှမရှိသော ငွေတိုက်ထဲသို့ ငွေဝင်လာသည်။ စာရေးစာချီး ပုလိပ်ကလေးများကို လစာပေးနိုင်လာသည်။ ငွေနည်းသေးတော့ အရာရှိလူကြီးများ အနစ်နာခံသည့် သဘောဖြင့် ချန်ထားခဲ့သည်။ မြေတိုင်းစာရေးများက လယ်ခွန်နည်းနည်း ရှာပေးခဲ့သည်။ မြူနီစီပယ် စက္ကရီတေရီက မြေခွန်ကိုသာ ကောက်သည်။ ရေလည်းမပေးနိုင်၊ မီးလည်းမပေးနိုင်သေးသဖြင့် ထည့်ကောက်ခဲ့လျှင် မတရားကျမှာစိုး၍ မြေခွန်သာကောက်ခဲ့ခြင်းဖြစ်သည်။ ရုံးအဖွဲ့ဝင်များက ရုံးမှာသုံးရန် စက္ကူ၊ မင်အိုး၊ ကလောင်တံ၊ ခဲတံ၊ ပင်အပ်ကအစ ကိုယ့်အိမ်မှာရှိတာ ယူခဲ့ကြပြီး သုံးကြကြောင်း ဆိုပါသည်။ဤတွင် အဓိကပြန်ပြောချင်သည့် ဖြစ်စဉ်တစ်ခု တင်ပြပါမည်။ ညောင်လေးပင်နယ်တွင် ကျောက်တံခါးဂရန်ဆိုပြီး မြေဧကတစ်သောင်းကျော်ရှိ လယ်မြေအကြောင်းဖြစ်သည်။ ထိုမြေမှာ ကျောက်တံခါးမြို့တောင်ဘက် ၅ မိုင်လောက်ဝေးသည့် သူဌေးကုန်းရွာကြီးအထိနှင့် အနောက်ဘက်ဖဒိုရွာအထိ ကျယ်ဝန်းသည်။ မြေသြဇာအလွန်ကောင်းသည်ဟု ဆိုပါသည်။ ထိုဂရန်လယ်မြေမှာ မြန်မာပြည်ကို သိမ်းရာတွင် အမှုထမ်းကောင်းသည့် စစ်ဗိုလ်ကြီး တစ်ယောက်ကို သူတို့အစိုးရက ခိုင်ခိုင်မာမာဖြင့် အပိုင်ဂရန်ပေးခဲ့သော မြေ။ ထိုဗိုလ်ကြီးက အိန္ဒိယမှလယ်ကူများခေါ်ကာ လယ်လုပ်ခဲ့သည်၊ ရွာတွေတည်ပေးခဲ့သည်။ အကြီးဆုံးမှာ သူဌေးကုန်းရွာ။ သူကတော့ ကျောက်တံခါးမြို့တောင်ဘက်တွင် တိုက်သုံးလေးလုံး၊ သီးစားခများနှင့် စည်းစိမ်ရှိရှိ နေထိုင်ခဲ့သည်။ စစ်ကြီးဖြစ်လာသောအခါ ထိုအင်္ဂလိပ်စစ်ဗိုလ်သည်လည်း ပြေးလေသည်။ ဧကသောင်းကျော်သောလယ်။ သူပိုင်ရွာများနှင့် လယ်ကူလီကုလားတွေ ကျန်ခဲ့သည်။ ထိုဟိန္ဒူဘာသာဝင်တို့မှာ မြန်မာတို့နှင့် ခင်မင်ကြသည်။ သူတို့က ကျွဲနွားမွေးကြသဖြင့် တစ်ဖက်တွင် နို့ရောင်း၊ ထောပတ်ရောင်း၊ သင်္ကြန်အခါတွင်းများဆိုလျှင် သူတို့လည်း ရောပျော်ကြပြီး လာသမျှလူတို့ကို နွားနို့ကြံရည်များ တိုက်ကျွေးဧည့်ခံကြသည်။ သူတို့က မပြေးဘဲ ဂရန်ကြီးထဲက ရွာတွေမှာပင် နေနေကြသည်။ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံတင်က သူတို့ကို လူဆိုးတို့လာပြီး အနိုင်ကျင့်မည်ကို ပူပန်မိသည်။ လယ်တွေကို မြန်မာများ အတင်းဝင်ယူကြမည့် ကိစ္စမျိုးလည်း မပေါ်စေချင်ဖြစ်ခဲ့သည်။ ဤသို့ဖြင့် နေရှင်နယ်ကျောင်းဆရာ ဦးဘကြင်ကိုပင် ထိုကျောက်တံခါးဂရန်မြေကို တာဝန်ယူစေခဲ့သည်။ ဆရာဦးဘကြင်က ခန့်စာလွှဲများယူဆောင်ကာ ဂရန်ထဲနေထိုင်ကြသည့် ကုလားအကြီးအကဲများကို တွေ့ဆုံခဲ့သည်။ သူသည် ဂရန်မြေကို အုပ်ချုပ်သူအဖြစ် လာကြောင်းဆိုကာ အင်္ဂလိပ်စစ်ဗိုလ်ကြီး အဆက်အနွှယ်များ အုပ်ချုပ်စဉ်ကလို ပိုနေမြဲကျားနေမြဲ အုပ်ချုပ်သွားမည့်အကြောင်း ရှင်းပြလိုက်သည်။ သူတို့တွေ နားထောင်ကြသည်။ ဆရာဦးဘကြင်က ထိုစစ်ဗိုလ်ဆွေမျိုးဆက်များ နေသွားခဲ့ရာ အိမ်မှာရုံးဖွင့်ဆောင်ရွက်ခဲ့သည်။ လယ်ထောက်ခ စပါးတွေ လာသွင်းတော့ ဂိုဒေါင်ထဲသွင်းသည်။ အခွန်ငွေရတော့ အသုံးလိုတာသုံး၊ ပိုငွေကို ငွေတိုက်သို့ သွင်းခဲ့သည်။ ထိုဆရာ ဦးဘကြင်သည် သူ့ဝတ္တရားကို သစ္စာရှိရှိ ဆောင်ရွက်ခဲ့ကြောင်း ဦးစံတင်က မှတ်တမ်းပြုခဲ့ပါသည်။‘ကျွန်တော်ဗြူရိုကရက်’ တွင် ခရိုင်ဝန်ဦးစံတင်သည် သီပေါမင်းယတြာစေတီကို ပြင်သည့်ကိစ္စ ကမ္မဋ္ဌာန်းဆရာဆိုပြီး လူလိမ်သီလကြောင်တစ်ယောက် အကြောင်းကိစ္စ၊ ချစ်တီးတို့ထံ ရပ်ရွာသားများ အပေါင်ခံပစ္စည်းများ ကိစ္စအထိပင် အမျိုးမျိုးအထွေထွေ ကြုံတွေ့ခဲ့သည်။ ဆရာလူထုဦးလှကမူ ၁၉၂၂ ခုနှစ်မှ ၁၉၅၂ ခုနှစ်တစ်ဝိုက်အထိ တိုင်းပြည်တွင် ကြုံရသော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးပြဿနာများကို တွေ့နိုင်သည်ဖြစ်၍ ကျောင်းသုံးသမိုင်းစာအုပ်လိုတော့ မဟုတ်။ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖတ်သွားပါလျှင် မှတ်စရာများ တွေ့နိုင်ပါလိမ့်မည်ဟု ဆိုပါသည်။‘လုပ်ရင် လုပ်သလို၊ မလုပ်ရင် မလုပ်သလို၊ ကြိုးစားရင် ကြိုးစားသလို၊ မကြိုးစားရင် မကြိုးစားသလို လူတိုင်းလူတိုင်းသည် သမိုင်းထဲက လူတစ်ယောက်ပဲပေါ့’ ဟုဆိုပါသည်။  ဆရာ့ဤစကားကတော့ ဖတ်မိပြီးနောက် နားထဲတွင် ပဲ့တင်ထပ်နေတော့သည်။ထိုစာအုပ်ပါခေတ်သည် လွတ်လပ်ရေးဆုံးရှုံးနေသည့်ခေတ်၊ သူ့ကျွန်ခေတ်၊ အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်တို့ လွတ်လပ်ရေးပြန်လည် ကြိုးပမ်းနေသည့်ခေတ်။ ထိုခေတ်အတွင်း ဗျူရိုကရက် အရာရှိဖြစ်ရသည့် ပုဂ္ဂိုလ်တစ်ဦးက သူ၏ (အတ္ထုပ္ပတ္တိမှတ်တမ်းသဖွယ်) တာဝန်ထမ်းဆောင် တွေ့ကြုံခဲ့ပုံများတွင် တိုင်းသူပြည်သားတို့၏ ဘဝပုံရိပ်များလည်း ထင်ဟပ်လျက်ရှိသည်။ အမျိုးသားကျောင်းဆရာလည်း ဖြစ်ခဲ့ဖူးသော အမျိုးသားကျောင်းဆရာနှင့် တွဲဖက်ကာ မြို့အကျိုး၊ ရပ်ရွာအကျိုး၊ လူအများအကျိုး ဆောင်ရွက်ရာတွင် ပရမ်းပတာလည်းမရှိ၊ ကိုယ်ကျိုးနှင့် တစ်စုတစ်ဖွဲ့ အကျိုးစီးပွားအတွက် လယ်သိမ်းယာသိမ်း မြေသိမ်းလုပ်လျက် ဆွေစဉ်မျိုးဆက်ကောင်းစားဖို့ တစ်နပ်စားလည်း ကြံဆောင်လုပ်ကိုင်ခြင်း မရှိခဲ့သည်ကို တွေ့နိုင်ကြပါသည်။ခေတ်နှင့်လူသားသည် ခေတ်ထဲတွင် လူသားတို့က ကြိုးပမ်းဖြတ်သန်းကြရသည်ပင်။ ကျွန်တော်တို့တွေလည်း လူထုဦးလှ ဆိုခဲ့သလို သမိုင်းထဲကလူ ဖြစ်ကြသည်။ ဆရာပြောခဲ့သလိုပင် ယနေ့အချိန်အခါမှာ မြို့ရွာတိုင်း နိုင်ငံအတွက် လုပ်ချင်ရင်လုပ်ချင်သလို မလုပ်ချင်ရင်လည်း မလုပ်ချင်သလို ရှိနေကြတာကိုလည်း ကြားသိတွေ့မြင်နေရတော့ သမိုင်းတွင် ဤယနေ့ခေတ်ကို ဘာခေတ်ဟု အမည်တပ်လျှင် ကောင်းပါမည်နည်းဟု စဉ်းစားကြည့်စေချင်ပါသည်။ ဖတ်ဖူးသူ များပြားပါမည်။ မဖတ်ဖူးသေးပါလျှင် လူထုစာရေးဆရာ လူထုသတင်းစာဆရာကြီး လူထုဦးလှ၏ ‘ကျွန်တော် ဗျူရိုကရက်’ ကို ဖတ်မိလျှင် နှစ်သက်ကြမည်ထင်၍ ညွှန်းပါသည်။စာကိုး-ကျွန်တော်ဗျူရိုကရက် (လူထုဦးလှ)- လူကျော် ၁၀၀ (ဒုတိယအုပ်) (မောင်ဇေယျာ)-ပိတောက်ပွင့်သစ်မဂ္ဂဇင်း(၂၀၀၈-ဒီဇင်ဘာ)

Most Read

Most Recent