အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ရေးမြို့နယ် ဒေသခံ ၆၀၀၀ ကျော် ကန့်ကွက်ဆန္ဒထုတ်ဖော်

အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ရေးမြို့နယ် ဒေသခံ ၆၀၀၀ ကျော် ကန့်ကွက်ဆန္ဒထုတ်ဖော်
Published 6 May 2015
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာ ဖာလိန်ဒေသတွင် တည်ဆောင်ရန်စီစဉ်နေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ဒေသခံများက ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ဟော ပြောပွဲကို ဧပြီ ၅ ရက် နံနက် ၇ နာရီက အဆိုပါကျေးရွာရှိ ကျေးရွာဘောလုံးကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ဆန့်ကျင်ကန့် ကွက် ဆန္ဒထုတ်ဖော်ဟောပြောပွဲသို့ ရေးမြို့နယ်အတွင်းမှ ဒေသခံ ၆၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နံနက် ၉ နာရီတွင် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော် ဟောပြောပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
 
“အရင်ဆုံး ဒီစီမံကိန်းပြုလုပ်မယ့် Toyo-Thai ကုမ္ပဏီအနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ ပေါင်းလုပ်မယ့် မြန်မာကုမ္ပဏီက စီမံကိန်းမစခင်ကတည်းက ဒီဒေသမှာ မြေတွေ လိုက်ဝယ်တယ်။ ဘယ်လောက်အထိလည်းဆိုရင် သူတို့မြေ လိုက်ဝယ်တာ ဒီဒေသက အုပ်ချုပ်ရေးမှူးတွေ၊ ကော်သုံးကော်တွေတောင် မသိကြဘူး။ ဒါ ပွင့်လင်းမြင်သာမှု မရှိတာပါ။ နောက်တစ်ခုက ဒီစီမံကိန်းကြောင့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ အစဉ်အဆက် လုပ်ကိုင်လာခဲ့တဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ ကွယ်ပျောက်သွားနိုင်ပါတယ်။ နောက်ပြီး ရေသယံဇာတတွေလည်း  ပျက်စီး ကွယ်ပျောက်နိုင်တဲ့အတွက်ကြောင့် ဒီစီမံကိန်းကို ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”  ဟု ဆန္ဒထုတ်ဖော်ဟောပြောပွဲ ဦးဆောင်သူ အံဒင်ဒေသခံ ဦးအောင်လင်း က  The  Daily  Eleven သတင်းစာသို့  ပြောကြားသည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်ဟောပြောပွဲတွင် ဖာလိန်ဒေသမှ  ဆရာတော်ကြီးများက  သြ ဝါဒမိန့်ကြားပြီးနောက် ဆန္ဒထုတ်ဖော် ဟောပြောပွဲဦးဆောင်သူ ဦးအောင်လင်း၊ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) မှ နိုင်စိုးပိုင်၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖော်ဆောင်ရေး အရပ်ဘက် မဟာမိတ်အဖွဲ့ ဗဟိုဦးဆောင်ကော်မတီဝင် မင်းအောင်ထူးနှင့် မွန်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့မှ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်ပြီး သဘောထားများ၊ လေ့လာသုံးသပ်ချက်များကို ဟောပြောခဲ့ကြသည်။
 

 
“ဘယ်နိုင်ငံ၊ ဘယ်ဒေသတွေမှာမဆို စီမံကိန်းကြီးတွေ လုပ်ဆောင်တော့မယ်ဆိုရင် ဒေသခံတွေရဲ့ သဘောတူညီမှုဆန္ဒမပါဘဲ လုပ်ဆောင်လို့ မရဘူးဆိုတာ နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာပါ အသိအမှတ်ပြုထားပြီးသား ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ကန့်ကွက်မှုတွေကြားကနေ ဒီစီမံကိန်းက တစ်ဆင့်ပြီး တစ်ဆင့် တက်လာနေတဲ့အတွက် ဒီအစိုးရဟာ ရိုးသားမှုများရှိရဲ့လားဆိုတာ သံသယဖြစ်စရာ ကောင်းနေပါတယ်” ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ရေး အရပ်ဘက်မဟာမိတ်အဖွဲ့ ဗဟိုဦးဆောင်ကော်မတီဝင် မင်းအောင်ထူး က ပြောကြားသည်။
 
“ကျွန်တော်ကြားသိသလောက်တော့ ဒေသခံတွေအနေနဲ့ ဒီလိုဆန္ဒပြပွဲတွေ လုပ်ဆောင်ဖို့ ဆန္ဒမရှိကြဘူး။ ရိုးရိုးသားသားပဲ ဒေသခံတွေရဲ့ဆန္ဒမပါရင် ဒီစီမံကိန်း မဖြစ်နိုင်ဘူးလို့ပဲ  ယူဆကြပါတယ်။  ဒါပေမဲ့  ပြည်ထောင်စုအစိုးရက MoU လက်မှတ်ရေးထိုး ပြီးတဲ့အခါမှာတော့ ဒီဒေသက ဆရာတော် သံဃာတော်တွေနဲ့ ဒေသခံတွေကသက်ဆိုင်ရာ ပြည်နယ်အစိုးရကို သွားရောက်တွေ့ဆုံပြီးတော့ စီမံကိန်းနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ပြည်နယ်အစိုးရအနေနဲ့ကလည်း ဒေသခံတွေရဲ့ဆန္ဒမပါဘဲနဲ့ စီမံကိန်းမဖြစ်ပါဘူးလို့ တောက်လျှောက်ပြောခဲ့တယ်။ ဒါပေမဲ့ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကနေပဲ ပြည်ထောင်စုအစိုးရက ဒီအံဒင်ကျောက်မီးသွေး စက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး MoU လက်မှတ်ရေးထိုးခဲ့တဲ့အတွက် ဒေသခံတွေရဲ့စိတ်က ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ အေးအေး ဆေးဆေးဖြေရှင်းလို့ရပါလျက်နဲ့ ဒီအခြေအနေအထိ ရောက်လာတာဟာ လူထုကို စော်ကားသလို ဖြစ်နေပါတယ်” ဟု မွန်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
 
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Toyo- Thai ကုမ္ပဏီတို့ အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ် မတ် ၂၃ ရက်တွင် MoU လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ဧပြီ ၉ ရက်တွင် MoA လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းကုမ္ပဏီ Website တွင် ဖော်ပြထားသည်။
 

Most Read

Most Recent