အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်ဖွဲ့စည်းထားသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နှစ်ကျော်ကြာညှိနှိုင်းပြီးနောက် ၂၀၁၅ခုနှစ် မတ် ၃၁ ရက်က အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရန် NCCT အဖွဲ့ဝင် အဖွဲ့အစည်းအချို့မှ ပန်ဆန်းထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရန် တင်ပြဆွေးနွေးသည့် NCCT အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် အစိုးရက အပစ်ရပ်စဲရေးဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုမထားသော်လည်း NCCT အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်ဖွဲ့ (AA) တို့ဖြစ်ကြောင်း သိရသည်။SSPP/SSA မှ အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်းက အပစ်ရပ်စာချုပ်မူကြမ်းအား ပြင်ဆင်ဖြည့်စွက်ရန် တင်ပြဆွေးနွေးရသည့်အကြောင်းနှင့်ပတ်သက်ပြီး "တချို့ဟာတွေကျတော့ နည်းနည်းတိကျမှုမရှိဘူး။ တိကျမှုမရှိဘူးဆိုတာက တချို့ကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲမှာပဲ ရွှေ့ပြောင်းပစ်လိုက်တယ်။ အဲဒါကို ကျွန်တော်တို့က နည်းနည်းစိုးရိမ်တယ်" ဟုပြောကြားသည်။ယင်းသို့ အပစ်ရပ်စာချုပ်မူကြမ်းပြင်ဆင်ဖြည့်စွက်ရန် တင်ပြဆွေးနွေးမှုများနှင့်ပတ်သက်၍ ယခု ပန်ဆန်းထိပ်သီးခေါင်းဆောင်များအစည်းအဝေးအပြီးတွင် ခေါ်ယူမည့် NCCT ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု NCCT ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။အပစ်ရပ်စာချုပ်မူကြမ်း ပြင်ဆင်ရန်တင်ပြလာသည့် အဖွဲ့အစည်းအမည်များအားမေးမြန်းရာ ပဒိုစောကွယ်ထူးဝင်းက "KNPP လည်းပါမယ်။ New Mon State လည်းပါမယ်။ လေးဖွဲ့ငါးဖွဲ့လောက်ရှိတယ်။ တချို့ဖြည့်စွက်စရာရှိတာတွေ NCCT ထိပ်သီးခေါင်းဆောင်မှာတော့ ဒါကိုဆုံးဖြတ်သွားမှာ။ NCCT အနေနဲ့ကတော့ ကျွန်တော်တို့တော့ သဘောတူထားတာ။ ဒါပေမဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက ရှိသေးတာကိုး။ ထိပ်သီးခေါင်းဆောင်တွေရဲ့သုံးသပ်မှု ဆုံးဖြတ်မှုအပေါ်မှာ အတည်ပြုနိုင်အောင်တော့ ကျွန်တော်တို့ကြိုးစားသွားမှာပေါ့။ ဘယ်လိုကျော်ဖြတ်ပြီး အတည်ပြုနိုင်အောင်လုပ်မလဲဆိုတာ" ဟုပြောကြားသည်။ပန်ဆန်းထိပ်သီးခေါင်းဆောင်များအစည်းအဝေးအပြီးတွင် NCCT ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးခေါ်ယူနိုင်ရန် NCCT အဖွဲ့ဝင်များအကြား ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သကဲ့သို့ UPWC အလုပ်အဖွဲ့နှင့်လည်း တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ NCCT ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ယခုမေလအတွင်း ပြုလုပ်ရန်ရှိသည်ဟု ၎င်းကဆိုသည်။"ဒီကအစီအစဉ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ ဟိုဘက်ကလည်း အားလပ်တဲ့အချိန် ကျွန်တော်တို့ဘက်ကလည်း အားလပ်တဲ့အချိန်ဆိုတော့ ဆွေးနွေးမှာပါ။ ထိပ်သီးအစည်းအဝေးမတိုင်ခင်ပေါ့။ အလွတ်သဘောဆိုတော့ UPWC က ခေါင်းဆောင်တွေလည်းပါမယ်။ နောက်ပြီးတော့ သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ သူတို့အလုပ်အဖွဲ့လည်းပါမှာပေါ့" ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
UPWC နှင့် NCCT တို့အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရန် NCCT အဖွဲ့ဝင် အဖွဲ့အစည်းအချို့ ပန်ဆန်းထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တင်ပြဆွေးနွေး