အနုပညာသည်ပဲဖြစ်ဖြစ်၊ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားပဲဖြစ်ဖြစ် လူ့မနောကိုသိပြီး ပရိသတ်ရဲ့အကြောကို မိအောင်ကုပ်နိုင်ရင် အောင်မြင်တာပါပဲ။ လူဆိုတာ မွေးလာကတည်းက ပြဿနာနဲ့ဖက်ပြီး မွေးလာတယ်လို့ ဆိုရမတတ်ပါပဲ။ များသောအားဖြင့်တော့ အဲဒီပြဿနာတွေဟာ ဖြေရှင်းလို့မလွယ်တဲ့ ပြဿနာတွေပဲ များပါတယ်။ အဲဒီတော့ လူတွေဟာ ဘာလုပ်ဖို့ စဉ်းစားလာကြသလဲဆိုတော့ ပြဿနာပြေလည်အောင် ကျားကုတ်ကျားခဲ ကြိုးစားပြီး ဖြေရှင်းဖို့ထက် ဒိဋ္ဌဓမ္မလောကထဲကနေ စိတ်ကူးယဉ်ကမ္ဘာထဲကို ထွက်ပြေးဖို့သာ ကြိုးစားကြတော့တာပါပဲ။ ဒါကို အင်္ဂလိပ်လို Escapism လို့ ခေါ်ပါတယ်။ ဒီသဘောကို စာရေးဆရာကြီး Ian Fleming က ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူ့ရဲ့ James Bond ဝတ္ထုနဲ့ ရုပ်ရှင်တွေဟာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပါ။ ၁၉၅၂ ခုနှစ်မှာ အင်္ဂလန်ဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားနေရလို့ အစစအရာရာ ချွေတာနေရတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ “အေးဂျင့် ဒါဘယ်လ်အို ဆဲဗင်း” Agent 007 ကို ဆရာကြီးက သူ့ရဲ့ ပထမဆုံးဝတ္ထုဖြစ်တဲ့ Casino Royle မှာ မွေးဖွားပေးခဲ့တာပါပဲ။ 007 ရဲ့ အရပ်က ခြောက်ပေနှစ်လက်မ၊ မေးမှာလည်း အချိုင့်လေးနဲ့၊ မိန်းမချောလေးတွေရဲ့ စိတ်ဝင်စားတာကိုလည်း အမြဲခံရသူ ဖြစ်တယ်။ လူသတ်လိုင်စင်လည်း ရထားပြီး ဘယ်ဝတ္ထုထဲမှာမှ သူမသေဘူး။ ကဲ သူ့ကိုလူတွေ အားမကျဘဲ မကြိုက်ဘဲ နေနိုင်ပါတော့မလား။ လက်တွေ့ဘဝမှာ မဖြစ်နိုင် မရနိုင်တာတွေ အကုန်လုံး သူ့ဆီမှာ ရှိနေပြီပဲဟာကိုး။ ၁၉၅၂ ခုနှစ်မှာ လူတွေ ဆင်းရဲနေကြဆဲ ဖြစ်တယ်။ ဒါ့ကြောင့် ထွက်ပေါက်လေးမှ ရပါစေတော့ဆိုပြီး ဖတ်ကြတဲ့အတွက် ဂျိမ်းစ်ဘွန်းဝတ္ထုတွေကို လူတွေကြိုက်ကြတယ်လို့ ထင်ရပေမယ့် အခုအချိန်ထိလည်း ဂျိမ်းစ်ဘွန်းဝတ္ထုတွေ ဇာတ်ကားတွေကို လူတွေကြိုက်နေကြတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ပင်ပန်းခက်ခဲလှတဲ့ လက်တွေ့ဘဝထဲက ခဏတစ်ဖြုတ်တော့ ထွက်သွားခွင့် ရနေတာကိုး။ ဒါကြောင့်လည်း ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို သိပ်အန္တရာယ်မများလှတဲ့ Escapism လို့ တချို့လူတွေက ခေါ်ကြတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဇာတ်ကားတွေဟာ ကြည့်ရတာ နှစ်သက်ကြည်နူးစရာ ကောင်းနေပေမယ့် သဘာဝယုတ္တိမရှိမှန်း လူတိုင်းသိနေကြတဲ့အတွက် ဖြစ်ပါတယ်။အခုနောက်ပိုင်း ဒီဘက်ခေတ်မှာ ပေါ်လာတဲ့ Escapism တစ်မျိုးကတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေလိုပဲ လက်တွေ့ဘဝထဲက ခဏထွက်သွားခွင့်ရအောင် လုပ်ပေးနိုင်တဲ့ ဗီဒီယိုဂိမ်းတွေပဲ ဖြစ်တယ်။ ဂိမ်းတွေ ခေတ်စားလာတာနဲ့အမျှ ဂိမ်းတီထွင်သူတွေဟာ သူ့ထက်ငါသာအောင် ကြိုးစားလာကြရတော့တာပါပဲ။ ဗီဒီယိုဂိမ်း တီထွင်သူတွေဟာ သမိုင်းကို လေ့လာရတယ်။ စစ်ရေးစီးပွားရေး လောင်းကစားနဲ့ အားကစား စတဲ့ဘာသာရပ်တွေကိုလည်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာပြီး သဘာဝကျတဲ့ ဂိမ်းတွေကို တီထွင်နိုင်မှ အဲဒီလောကမှာ ရပ်တည်နိုင်တယ်။ အဲဒီလို လူတွေအများကြီးထဲက လူ့မနောကို အများတကာထက် နှာတစ်ဖျားကျောပြီး ဂိမ်းတွေအကြောင်း နောကျေနေသူတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်ဝန်းကျင်လောက်ကစပြီး စာပေနဲ့ ရုပ်ရှင်လောကမှာ နာမည်ရလာခဲ့ပါတယ်။ သူကတော့ အမေရိကန်စာရေးဆရာမ “ဆူဇန်း ခေါလင်းစ်” Suzanne Collins ဆိုသူပါပဲ။ သူ့ဝတ္ထုနဲ့ ရုပ်ရှင် ဘယ်လောက်ပေါက်မြောက် အောင်မြင်သွားသလဲဆိုရင် ထိုင်းနိုင်ငံက တချို့ပြည်သူတွေဟာ လက်ရှိအစိုးရကို မကျေနပ်တဲ့ သင်္ကေတအဖြစ် လက်သုံးချောင်းထောင်ပြီး ဆန္ဒပြကြပါတယ်။ အဲဒါကို ထိုင်းရဲတွေက လိုက်ဖမ်းပြီး လက်သုံးချောင်း မထောင်ရဘူးလို့ ကြေညာယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဆရာမခေါလင်းစ်ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ The Hunger Games ထဲမှာ သမ္မတကြီစနိုးကို ပြည်သူတွေက လက်သုံးချောင်းထောင်ပြီး ဆန္ဒပြတဲ့အခန်း ပါတာကိုး။ဆရာမခေါလင်းစ်ရဲ့ The Hunger Games, Catching Fire နဲ့ Mockingjay သုံးတွဲဆက် ဝတ္ထုတွေထဲမှာ ပန်နမ်နိုင်ငံက ပြည်သူတွေရယ် သမ္မတကြီးစနိုးရယ် မေတ္တာရှင်သူရဲကောင်းမလေး ကတ်နစ်စ်တို့ရယ်က အဓိကဇာတ်ဆောင်တွေအဖြစ် ဦးဆောင်လှုပ်ရှားသွားကြပါတယ်။ တတိယတွဲရဲ့ ပထမစာအုပ်ဖြစ်တဲ့ Mockingjay - Part 1 ထဲမှာ ၇၅ ကြိမ်မြောက် Hunger Games လူသတ်ပြိုင်ကွင်းထဲကနေပြီး အောင်နိုင်သူကတ်နစ်စ်နဲ့ ကျန်နှစ်ဦးတို့ဟာ ခရိုင် ၁၃ က လူတွေရဲ့ ကယ်တင်ခြင်းကို ခံရတဲ့အတွက် အသက်ဘေးက လွတ်မြောက်လာခဲ့ကြပါတယ်။ သူတို့ဟာ ပန်နမ်နိုင်ငံကြီးထဲက ခရိုင် ၁၃ ကို ရောက်သွားကြပါတယ်။ အဲဒီမှာ ကတ်နစ်စ်ဟာ အမေဖြစ်သူနဲ့ ညီမငယ် “ပရင်း” တို့နဲ့လည်း ပြန်ဆုံဆည်းနိုင်ခဲ့ပါတယ်။ ကတ်နစ်စ်ဟာ တစ်နေ့တော့ အမျိုးသမီးသမ္မတ “ကွိုင်” ဆီကို ခေါ်သွားခံရပါတယ်။ ကွိုင်ဟာခရိုင် ၁၃ ရဲ့ သမ္မတဖြစ်သလို သမ္မတကြီးစနိုးရဲ့ ပန်နမ်နိုင်ငံတော်ကြီးကို ပုန်ကန်ခြားနားမယ့် သူပုန်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ကွိုင်က ကတ်နစ်စ်ရဲ့ လူသတ်ပြိုင်ကွင်းထဲက လှုပ်ရှားပုံတွေဟာ မြို့တော် “ကက်ပီတော်” (Capitol) ကို ဆန့်ကျင်မယ့် အဓိကရုဏ်းတွေ သပိတ်တွေကို လှုံ့ဆော်ပေးနိုင်ကြောင်း ပြောပြပါတယ်။ တစ်ဆက်တည်းမှာပဲ ကွိုင်က ကတ်နစ်စ်ကို “နှလုံးသားနဲ့ စိတ်အာရုံ” (Hearts And Minds) မဟာဗျူဟာအကြောင်းကို ရှင်းပြပါတယ်။ သဘောကတော့ လက်နက်နဲ့ နိုင်အောင်တိုက်ဖို့ထက် တစ်ဖက်ရန်သူကို ထောက်ခံအားပေးနေတဲ့ ပြည်သူတွေရဲ့နှလုံးသားနဲ့ စိတ်အာရုံကို ရအောင်ဖမ်းစားပြီး ရန်သူကိုအနိုင်တိုက်တဲ့ မဟာဗျူဟာပါပဲ။ ဒါ့ကြောင့် တကယ်လို့သာ ပုန်ကန်မှုရဲ့ သင်္ကေတ အမှတ်တံဆိပ်ဖြစ်တဲ့ “မော့ကင်းဂျေး” Mockingjay အဖြစ် ကတ်နစ်စ်ခံယူမယ်ဆိုရင် ပြည်သူလူထုတွေဟာ ကတ်နစ်စ်နောက်ကို လိုက်ထောက်ခံပြီး ပုန်ကန်မှု အောင်မြင်နိုင်တဲ့အတွက် မော့ကင်းဂျေးအဖြစ် ခံယူလုပ်ဆောင်ဖို့ သတောတူမတူ။ ကွိုင်ကမေးတဲ့အခါ ကတ်နစ်စ်က ပထမငြင်းဆန်ပြီးနောက်တော့ သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့ ကတ်နစ်စ်တို့နဲ့ မြို့တော်က သမ္မတကြီးစနိုးတို့ရဲ့ မြို့တော်တပ်ဖွဲ့တွေဟာ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြပါတယ်။ နောက်ဆုံးတော့ ခရိုင်သမ္မတ ကွိုင်ဟာ ပီတာတို့ကို ကယ်တင်ဖို့ အဖွဲ့တစ်ဖွဲ့ကို ကက်ပီတော်ကို စေလွှတ်လိုက်ပြီး အဲဒီအဖွဲ့ဟာ ပီတာ့ကိုသာမက ကျန်တဲ့ အကျဉ်းသားတွေကိုပါ ကယ်တင်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ခရိုင် ၁၃ ကို ပြန်ရောက်လာတဲ့ ပီတာ့ကို ကက်နစ်စ်သွားတွေ့တဲ့အခါ ပီတာဟာ ကက်နစ်စ်ကို လည်ပင်းညှစ်သတ်ဖို့ ကြိုးစားတော့တာပါပဲ။ အနားမှာရှိတဲ့လူတွေ ဝိုင်းအဆွဲမြန်လို့သာ ကက်နစ်စ် အသတ်မသေခဲ့တာပါ။တကယ်တော့ ပီတာဟာ သမ္မတကြီးစနိုးရဲ့ အကျဉ်းသားအဖြစ် နေနေရစဉ်အတွင်း အဆိပ်ပြင်းတဲ့ ဆေးတစ်မျိုး ထိုးသွင်းတာကို ခံခဲ့ရပါတယ်။ ဒီဆေးကြောင့် ပီတာဟာ စိတ်ပြောင်းသွားပြီး ချစ်သူကက်နစ်စ်ကိုသတ်ဖို့ ကြိုးစားခဲ့တာပါပဲ။ အဲဒီအချိန်မှာ သမ္မတကွိုင်က ပြည်သူလူထုကို မိန့်ခွန်းပြောနေတဲ့အခန်းနဲ့ ရုပ်ရှင်ကို အဆုံးသတ်လိုက်ပါတယ်။တကယ်တော့ The Hunger Games ဇာတ်လမ်းတွဲတွေကို အဆက်မပြတ် ကြည့်လာခဲ့မှ ဇာတ်လမ်းကိုဆက်စပ်ပြီး နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လူတွေ ဒီဇာတ်လမ်းတွဲတွေကိုစောင့်ပြီး ကြည့်လာခဲ့ကြရတာပါ။ ဒီဇာတ်ကားဟာလည်း အရင်ဇာတ်ကားတွေလိုပဲ အောင်မြင်ပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ ၆၂၇ သန်းတောင်ကျန်လို့ ရုပ်ရှင်ကြည့်ပရိသတ်တွေဟာ ဆရာမခေါလင်းစ်ရဲ့ ခေါ်ရာနောက်ကို လိုက်နေကြရဆဲပဲလို့ ပြောမယ်ဆိုရင်တောင် ပြောလို့ရနိုင်ပါတယ်။ ပရိသတ်ကို ဒီလို အဆက်မပြတ်အောင် ခေါ်လာနိုင်ဖို့ ဆိုတာကလည်း စာရေးသူအနေနဲ့ အတတ်ပညာတစ်မျိုးနဲ့ ကြိုးစားပြီး ဆွဲခေါ်ရတာပါ။ သာဓကအားဖြင့် ဒီဇာတ်ကားအစပိုင်းမှာ သမ္မတကွိုင်က လူတွေရဲ့ နှလုံးသားနဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့ သိပ်အရေးကြီးတဲ့အကြောင်း ကတ်နစ်စ်ကို ပြောပြနေတဲ့အခန်း ပါပါတယ်။ ဒါဟာ စာရေးဆရာက ပရိသတ်စိတ်ဝင်စားသွားအောင် မျက်စပစ်လိုက်တာပါပဲ။ဒီ နှလုံးသားနဲ့ စိတ်အာရုံဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းဟာ သမ္မတ “လင်ဒန်ဘီဂျွန်ဆင်” လက်ထက်ကတည်းက အမေရိကားမှာ ခေတ်စားလာခဲ့တာပါ။ သဘောကတော့ ဗီယက်နမ်စစ်ပွဲမှာ ဗီယက်ကောင်းတွေကို ထောက်ပံ့ကူညီပေးနေကြတဲ့ ဗီယက်နမ်ပြည်သူတွေရဲ့ နှလုံးသားကိုဖမ်းဆုပ်ပြီး ဗီယက်ကောင်းတွေ ကျဆုံးသွားအောင် လုပ်ကြရမယ်လို့ အမေရိကန်တွေက ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကိုယ့်ကို ဘယ်သူမှမထောက်ခံလို့ ဗီယက်နမ်ကနေ အရှက်တကွဲ အကျိုးနည်းနဲ့ အူယားဖားယား ထွက်ပြေးခဲ့ရတာပဲ အမေရိကန်တွေအတွက် အဖတ်တင်ခဲ့ရတာပါ။ သူများနိုင်ငံထဲသွားပြီး အဲဒီနိုင်ငံသားတွေကို ချေမှုန်းရတဲ့ စစ်ပွဲပဲလေ၊ ဘယ်လိုလုပ် အောင်နိုင်လိမ့်မတုန်း။ အမေရိကန်တွေမှာ တစ်ခါတစ်ခါ ရှိတတ်တဲ့ ဒီလိုအတွေးအခေါ်မျိုးကို ပထမဆုံး သတိပြုခဲ့မိသူတွေကတော့ ဒေသခံ ရက်အင်ဒီးယန်း လူမျိုးတွေပါပဲ။ ဒါ့ကြောင့် “ဒီလူဖြူ တွေဟာ ကိစ္စတစ်ခု ပေါ်လာတဲ့အခါတိုင်း တစ်ခါလာလည်း စာအုပ်လှန်ကြည့် တစ်ခါလာလည်း စာအုပ်လှန်ကြည့်နဲ့ ကိုယ့်ဘာသာကိုယ် ဘာကိုမှ မဆုံးဖြတ်တတ်ဘူး၊ အတော်ထူးဆန်းတဲ့ ကောင်တွေပဲကွာ” လို့ ရက်အင်ဒီယန်းတစ်ယောက်က မှတ်ချက်ပြုလိုက်တဲ့ စကားဟာ ဒီကနေ့ထိ ကမ္ဘာမှာ တွင်ကျန်ရစ်ခဲ့ပါတယ်။ အခုလည်း အလွယ်တကူ သဘောပေါက်သင့်တဲ့ အချက်လေးကိုပဲ စာအုပ်ထဲလှန်ကြည့်ပြီး စာအုပ်ထဲကအတိုင်း လိုက်ပြောလိုက်လုပ်တော့ နောက်ဆုံး လူပြောစရာဖြစ် ကျန်ရစ်ခဲ့ရတာပဲ၊ အမြတ်ထွက်တယ်လို့ ဆိုရတော့မလို ဖြစ်ကုန်တော့တာပေါ့။ကွိုင်ပြောခဲ့တဲ့ စကားဟာ အမှန်ပါပဲ။ ကိုယ့်ကိုထောက်ခံတဲ့လူတွေနဲ့ ရန်သူကို ထောက်ခံနေတဲ့လူတွေရဲ့ နှလုံးသားတွေကို ဖမ်းမဆုပ်နိုင်ရင် စစ်ရေးမှာရော နိုင်ငံရေးမှာပါ ဘယ်လိုမှ အောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ တကယ်တမ်းကျတော့ ဒီလို ပရိသတ်ရဲ့ နှလုံးသားနဲ့ စိတ်အာရုံကို ဖမ်းဆုပ်နိုင်ဖို့ ဆိုတာကလည်း မလွယ်လှပေမယ့် သိပ်အခက်ကြီးတော့လည်း မဟုတ်လှပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အတွေးအခေါ် ကိုယ့်ရဲ့အယူအဆတွေဟာ ယထာဘူတကျပြီး အမှန်တရားဘက်က ရပ်တည်နေဖို့နဲ့ စာနာနားလည်တရား ရှိဖို့လောက်ကတော့ အမှန်လိုအပ်သေးတာပေါ့လေ။










